အစိမ်းရောင်တံတိုင်းများ ထူထောင်ရာတွင် ပြည်သူများလည်း တစ်တပ်တစ်အားပါဝင်

အစိမ်းရောင်တံတိုင်းများ ထူထောင်ရာတွင် ပြည်သူများလည်း တစ်တပ်တစ်အားပါဝင်


Ministry of Information/ Naypyitaw / July 27, 2025
image_latest


တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ဧက ၂၃၃၇၀ ရှိသော နယ်မြေကို “ခိုကျွန်းဒီရေတော ကြိုးပြင်ကာကွယ်တော” အဖြစ် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်မှစ၍ သတ်မှတ်လိုက်သည်။ သို့ဖြစ်ရာ ကမ္ဘာ့ဒီရေတောဧရိယာစုစုပေါင်း၏ ၃ ဒသမ ၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသော မြန်မာနိုင်ငံအနေဖြင့် ဒီရေ‌တောများ ကာကွယ်စောင့်ရှောက်မှုကို ထပ်မံတိုးချဲ့လိုက်ခြင်းပင် ဖြစ်သည်။

ဒီရေတောများသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွင် အလွန်အရေးပါသည့်ကဏ္ဍမှ ပါဝင်လျက်ရှိသည်။ မှန်လုံအိမ်ဓာတ်ငွေ့ဖြစ်သော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို ဒီရေတောများက စုပ်ယူနိုင်မှုမှာ အခြားသစ်တောအမျိုးအစားများထက် ၅ ဆမှ ၁၀ ဆခန့်အထိ ပိုမိုသည်။ သို့ဖြစ်ရာ ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချနိုင်ရေးအတွက် ဒီရေတောများ တည်ရှိနေရန် လိုအပ်သည်။ ထို့အပြင် ဒီရေတောများသည် လှိုင်းဒဏ်ကြောင့် ကမ်းပြိုမှုများကို ကာကွယ်ပေးနိုင်ပြီး မုန်တိုင်းနှင့် ဆူနာမီလှိုင်းရိုက်ခတ်မှုများကိုလည်း အကာအကွယ်ပေးနိုင်သည်။

ထို့အပြင် ဒီရေတောများသည် ရေချိုရေငန်ငါးပုစွန်များ ကျက်စားသည့်နေရာ၊ မျိုးပွားသည့်နေရာများဖြစ်ပြီး သားငှက်တိရစ္ဆာန်များနှင့် တွားသွားသတ္တဝါများလည်း ဒီရေတောများအတွင်း ရှင်သန်ကျက်စားကြသည်။ ပင်လယ်ကမ်းစပ်ကမ်းဦး ရေတိမ်ပိုင်းကမ်းတက်မြေများတွင် သဘာဝအလျောက် ပေါက်ရောက်ရှင်သန်နေကြသည့် ဒီရေတောများအတွင်း လမု၊ ဓနိ၊ ကနစို၊ ဗြူး၊ ဗြူးခြေထောက်၊ မဒမ၊ ပင်လယ်အုန်း စသည့် အပင်များ ပေါက်ရောက်ကြသည်။ ကမ်းရိုးတန်းဒေသနေ ပြည်သူများအတွင်း ဒီရေတောများကို အမှီပြု၍ အသက်မွေးဝမ်းကျောင်းပြုနေကြရသူများလည်းရှိရာ ဒီရေတောများ ရေရှည်တည်တံ့ရေးသည် သဘာဝပတ်ဝန်းကျင်များ ကောင်းမွန်ရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးရေးတို့အတွက် အရေးကြီးသည်။

မြန်မာနိုင်ငံသည် ဒီရေတောပိုင်ဆိုင်မှုတွင် ကမ္ဘာ့သတ္တမမြောက် အများဆုံး၊ အာရှတွင် တတိယမြောက်အများဆုံးနိုင်ငံဖြစ်သည်။ ကီလိုမီတာ ၃၀၀၀ ခန့် ရှည်လျားသည့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် ရခိုင်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် တနင်္သာရီကမ်းရိုးတန်းတို့တွင် ဒီရေတောများကို တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံက ပိုင်ဆိုင်သည့် ဒီရေတောများမှာ ဧရိယာ ဧက ၁ ဒသမ ၂၄ သန်းကျော် (ဟက်တာ ၅ သိန်းကျော်) ရှိသည်။ ကမ္ဘာပေါ်တွင် ဒီရေတောများသည် အပူပိုင်းဒေသများနှင့်အပူ သမပိုင်းကမ်းရိုးတန်းဒေသများတွင် ပေါက်ရောက်လျက်ရှိရာ လူသားတို့ကြောင့် လျင်မြန်စွာပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်လျက်ရှိသည်။ ဒီရေတောများကို ခုတ်ထွင်ရှင်းလင်း၍ ဆိပ်ကမ်းများ၊ သင်္ဘောကျင်းများ၊ စက်မှုဇုန်များ တည်ဆောက်ခြင်း၊ ရေထွက်ပစ္စည်းစက်ရုံများ၊ အပန်းဖြေစခန်းများနှင့် လူနေအိမ်ရာများ စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လယ်ကွင်း၊ ဆားကွင်းများ ဖော်ခြင်း၊ ပုစွန်ကန်၊ ငါးကန်များတူးခြင်း စသည်တို့ကြောင့် ဒီရေတောဧရိယာများ တစ်စတစ်စလျော့နည်း ကျဆင်းလာရသည်။ သာမန်အားဖြင့်ကြည့်ပါက ဒီရေတောများသည် သစ်ကောင်းဝါးကောင်းများ မရှိသည့် တန်ဖိုးနိမ့်တောများအဖြစ် ယူဆရသော်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ရှုထောင့်မှကြည့်ပါက လွန်စွာတန်ဖိုးကြီးမားသည်ကို တွေ့ရှိနိုင်သည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်က ကဒုံကနိကြိုးဝိုင်းနှင့် မိန်းမလှကျွန်းတို့မှ ဒီရေတောတို့၏ အကာအကွယ်ကို ရရှိခဲ့သည့် ကျေးရွာများမှာ လူအသေအပျောက်နှင့်အိုးအိမ်ပျက်စီးမှု လွန်စွာနည်းခဲ့သည်။ သို့ဖြစ်ရာ လူတို့ခုတ်ထွင်အသုံးချမှုများကြောင့် လျင်မြန်စွာ ပျက်စီးပျောက်ကွယ်နေသည့် ဒီရေတောများကို ပြည်သူလူထုပါဝင်မှုဖြင့် ထိန်းသိမ်းရန်လိုအပ်လျက်ရှိသည်။

ဒီရေတောများ ပြန်လည်ထူထောင်ရေးတွင် လူထုအခြေပြုဒီရေတောများ စိုက်ပျိုးခြင်း၊ ဒေသခံအစုအဖွဲ့ပိုင်သစ်တောများ ထူထောင်ခြင်း၊ အစိမ်းရောင်တံတိုင်း (Green Belt) များကို လူထုပါဝင်ပူးပေါင်းမှုဖြင့် ထူထောင်ခြင်းနည်းလမ်းများဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်သည့်အလျောက် ဒီရေတောများနှင့် ဆက်စပ်ရာ ဒေသခံပြည်သူများအားလုံး ဒီရေတောဂေဟစနစ်ကာကွယ်ထိန်းသိမ်းရာတွင် ပူးပေါင်းပါဝင်ကြရပါမည့်အကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Posted on Aug 02, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။


Posted on Aug 01, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Posted on Jul 31, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 30, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


Posted on Jul 29, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။


Posted on Jul 27, 2025
AnnouncementsExplore more >

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Aug 2, 2025

နေပြည်တော် (တပ်ကုန်း) တွင် RCC (၈) ခန်းတွဲ (၃)ထပ် အမှုထမ်းအိမ်ရာ (၁)လုံး တည်ဆောက်ခြင်းအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Aug 2, 2025

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -