အနောက်အုပ်စုအလိုကျ အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားကို ဖျက်ဆီးနေသော အကြမ်းဖက် NUG
အနောက်အုပ်စုအလိုကျ အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားကို ဖျက်ဆီးနေသော အကြမ်းဖက် NUG
Ministry of Information/ Naypyitaw / October 12, 2024
NLD ပါတီသည် ပြည်သူ့ပါတီဟူ၍တစ်မျိုး၊ ပြည်သူ့အစိုးရဟူ၍တစ်ဖုံ ၎င်းတို့အား မြန်မာပြည်သူလူထုတစ်ရပ်လုံးက အားပေးထောက်ခံသည့်အသွင်ဖြင့် မိုးခါးရေသောက်ပြောဆိုကာ အများ၏အမြင်ကိုဝေဝါးစေခဲ့သည်မှာ ကြာပြီဖြစ်ပါသည်။ ထိုသို့သာ အမှန်ဖြစ်ပါက ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ မဲမသမာမှုဖြစ်ပေါ်ရန်အကြောင်းမရှိပေ။ ယခုမူ NLD ပါတီမှ ရွေးကောက်ပွဲတွင်အနိုင်ရရန် မယုံကြည်သဖြင့် အများပြည်သူများ၏ ဆန္ဒမဲများကိုခိုးယူကာ ဆန္ဒမဲအရေအတွက်ပေါင်း ၁၁ သန်း ၃ သိန်းကျော်ကို မဲမသမာမှုပြုလုပ်ခဲ့ကြောင်း ပြည်သူများသိရှိပြီးဖြစ်သည်။ ၎င်းတို့ ကြွေးကြော်ထားသည့်အတိုင်း ပြည်သူတစ်ရပ်လုံးကိုကိုယ်စားပြုသည့် ပါတီမဟုတ်ခဲ့သည်ကိုသိရှိ၍ ယခုကဲ့သို့ မဲခိုးခြင်းဖြစ်နိုင်ပါသည်။ ထို့အတွက်ကြောင့် မြန်မာပြည်သူတစ်ရပ်လုံးက ထောက်ခံအားပေးသည်ဟူသည့်အချက်မှာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲလိမ်မဲခိုးခဲ့ရသည့်အတွက် ပျက်ပြယ်ပြီဖြစ်ပါသည်။
NLD ပါတီမှ မဲမသမာမှုကိုဖြေရှင်းမပေးပဲ ကန့်ကွက်မှုများကြားမှပင် တတိယအကြိမ်လွှတ်တော်ခေါ်၍ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန်ကြိုးစားသည့်အတွက် နိုင်ငံတော်ကိုအရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်ကိုလည်း အများပြည်သူသိရှိပြီးဖြစ်ပါသည်။ အာဏာလက်လွတ်ခဲ့ရသည့် NLD အမတ် ၃၅၀ ကျော်သည်၎င်းတို့၏ တရားဝင်မှုကိုအသိအမှတ်ပြုရန် ကြေညာချက်အမှတ် (၁/၂၀၂၁) ကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ကြသည်။ သို့သော်လည်း NLD ပါတီမှ အတ္တကြီးပြီး ကိုယ်ကျိုးရှာသည့် အာဏာရူးနိုင်ငံရေးသမားအချို့က မစားရသည့်အမဲ သဲနှင့်ပက်သကဲ့သို့ ၎င်းတို့အာဏာမရလျှင် တိုင်းပြည်လည်းပျက်ရမည်ဟုတေးမှတ်ပြီး စင်ပြိုင်လွှတ်တော် စင်ပြိုင်အစိုးရဖွဲ့စည်းရန် လုပ်ဆောင်လာခဲ့ကြသည်။ လွှတ်တော်ကိုယ်စားလှယ်များ၏ လက်မှတ်များကို အတုပြုလုပ်ကာ ကြေညာချက်အမှတ် (၂/၂၀၂၁) ဖြင့် ကိုယ်စားလှယ် ၁၅ ဦး ပါဝင်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အမည်ရ အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထို့ကြောင့် CRPH သည် NLD ပါတီမှ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံလွှတ်တော်ကိုယ်စားအားလုံး ထောက်ခံလက်မှတ်ရေးထိုးပြီး ဖွဲ့စည်းခဲ့ခြင်းမဟုတ်ကြောင်း၊ NLD ပါတီဗဟိုကော်မတီဝင်ဦးတိုးလွင်နှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်အချို့၏ လူမှုကွန်ရက်များတွင် ရေးသားထားသည်ကို တွေ့ရသည်။ သို့ဖြစ်ပါ၍ CRPH နှင့်၎င်းဖွဲ့စည်းထားသည့် NUG သည် NLD ပါတီဝင်များကပင် အပြည့်အဝထောက်ခံမှုမရှိကြောင်း တွေ့ရှိရပါသည်။
လက်ရှိတွင် CRPH နှင့် NUG တို့၌ ပါဝင်လုပ်ဆောင်နေကြသော အာဏာရူးလူတစ်စုကို မြန်မာနိုင်ငံပျက်စီးလျှင်ပြီးရောဟု ဖျက်ဆီးချင်နေသော အနောက်အုပ်စုနှင့်၎င်းတို့၏လက်ဝေခံ EAOs အမည်ခံလက်နက်ကိုင်သောင်းကျန်းသူအချို့က အရူးဗုံမြှောက်လုပ်စားနေကြခြင်းဖြစ်သည်။ ထိုသို့သော အာဏာရူးသူများ၏ ဦးဆောင်မှုနောက်သို့ လိုက်ပါလုပ်ဆောင်နေသည့် BNRA ကဲ့သို့ လက်နက်ကိုင် PDF သောင်းကျန်းသူအဖွဲ့များသည် ယခုအခါ NUG နှင့် ပဋိပက္ခများဖြစ်ကာ လမ်းခွဲနေကြပြီဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် ၎င်းတို့လက်အောက်ခံ အကြမ်းဖက်အဖွဲ့များအတွင်း အချင်းချင်းညီညွှတ်မှုမရှိဘဲ နယ်မြေလုတိုက်ခိုက်မှုများ၊ မတရားဖမ်းဆီး သတ်ဖြတ်မှုများဖြစ်ပေါ်လျက်ရှိသော်လည်း NUG မှ ဖြေရှင်းပေးနိုင်ခြင်းမရှိပေ။ ထို့ကြောင့် လူထုထောက်ခံမှု အားကောင်းသောအဖွဲ့အစည်းဟု လျှာအရိုးမရှိပြောဆိုနေသော်လည်း မြန်မာနိုင်ငံရှိ ပြည်တွင်းလက်နက်ကိုင်အဖွဲ့များအားလုံးသို့ အာဏာလွှမ်မိုးမှုပြုနိုင်ရန် အိမ်မက်ပင်မက်၍မရကြောင်း ရေးသားလိုပါသည်။
NUG အမည်ခံအကြမ်းဖက်အဖွဲ့သည် လက်ရှိအခြေအနေများအရ ၎င်းတို့ကသာ အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများ၏အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည်ဟု အသံကောင်းဟစ်နေသော်လည်း အတိတ်တွင် အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားကို ၎င်းတို့ အာဏာလက်ဝယ်ရရှိစေရန် နိုင်ငံရေးကစားကွက်အဖြစ်အသုံးချခဲ့ကြောင်းတွေ့ရသည်။ အနောက်အုပ်စု၏ အထောက်အပံ့ကိုရယူထားသဖြင့် အိမ်နီးချင်းတရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသော စီးပွားရေးစီမံကိန်း လုပ်ငန်းများကိုပျက်စီးစေရန် ပြည်သူလူထုနှင့်ရန်တိုက်ပေးကာ အစိုးရအကြပ်အတည်းဖြစ်စေရန်နှင့် ၎င်းတို့ ထင်ပေါ်ကျော်ကြားကာ နိုင်ငံရေးတွင်နေရာရစေရန် အသုံးချလုပ်ဆောင်ခဲ့ကြသည်။ ဥပမာအနေဖြင့် တရုတ်နိုင်ငံမှရင်းနှီးမြှုပ်နှံထားသော လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းအားပျက်စီးစေရန် ဒေသခံများအား မြှောက်ပင့်သွေးထိုးပေးပြီး ပြည်ပမီဒီယာများဖြင့်ပါ ပြဿနာကိုပိုမိုကြီးထွားလာစေရန် ဝါဒမှိုင်းတိုက်ခဲ့ကြသည်။ ထိုအချိန်က နိုင်ငံတော်အစိုးရ၏ စေ့စပ်ညှိနှိုင်းပေးမှု၊ အိမ်နီးချင်းနိုင်ငံ၏ သဘောထားကြီးစွာဖြင့် လိုက်လျောမှုများကြောင့် ပြဿနာများအား အထိုက်အလျောက် ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
အလားတူကိစ္စရပ်တစ်ခုမှာ တရုတ်နိုင်ငံမှ ၂၀၀၆ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည့် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံဝန်းကျင် ရင်းနှီးမြှုပ်နှံဆောင်ရွက်မည်ဖြစ်သော မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းပေးရန်တောင်းဆိုသည့် လှုပ်ရှားမှုများသည် ၂၀၁၀ ပြည့်နှစ်ဝန်းကျင်တွင် စတင်ခဲ့သည်။ စီမံကိန်းကို ပြည်သူအများကန့်ကွက်နေကြချိန်တွင် NLD ပါတီသည် စီမံကိန်းကိုဆန့်ကျင်သည့်လှုပ်ရှားမှုများကိုထောက်ခံကာ ဧရာဝတီမြစ်ကိုကယ်တင်ပေးကြပါရန် နိုင်ငံတကာသို့ပါတောင်းဆိုခဲ့သည်။ NLD ပါတီသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် မဲဆွယ်စဉ်က ၎င်းတို့ပါတီအာဏာရပါက မြစ်ဆုံစာချုပ်ပါအချက်များကို ပြည်သူအားချပြမည်ဟု ကတိပေးခဲ့သည်အထိ လုပ်ဆောင်ခဲ့သည်။ အဆိုပါ မြစ်ဆုံစီမံကိန်းသည် တရုတ်နိုင်ငံ၏ ပြည်ပနိုင်ငံတစ်ခုတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းဖြစ်သည့်အတွက် NLD ပါတီက အနောက်အုပ်စုအလိုကျ အိမ်နီးချင်းတရုတ်နိုင်ငံ၏အကျိုးစီးပွားကို အကြီးမားဆုံးဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသော ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ကျောက်ဖြူမှ ကူမင်းအထိသွယ်တန်းထားသော ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းများကိစ္စဖြစ်သည်။ အဆိုပါစီမံကိန်းများအား နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက် ၂၀၀၉ ခုနှစ်တွင် နှစ်နိုင်ငံသဘောတူညီမှုများဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော်လည်း NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် နိုင်ငံခြားသားစီးပွားရေးပညာရှင်ဆိုသူ၏ အနောက်အုပ်စုအလိုကျ အကြံပေးချက်များအတိုင်း စာချုပ်ပါအချက်အလက်များအား ၎င်းတို့အလိုကျ ပြင်ဆင်ဖြည့်စွက်ကာ ထပ်မံစာချုပ်ချုပ်ဆိုခဲ့သည့် ဂုဏ်သိက္ခာ မဲ့သော လုပ်ရပ်ကို နိုင်ငံ့အစိုးရများအကြား မျက်နှာပျက်အောင်လုပ်ဆောင်ခဲ့သည်။
NUG ၊ CRPH စသောတရားမဝင်အဖွဲ့များသည် NLD ပါတီဝင်များမှပင် အပြည့်အဝထောက်ခံမှုကိုမရရှိဘဲ ၎င်းတို့ကဖွဲ့စည်းထားသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအပေါ် ဩဇာလွှမ်းမိုးမှုမပြုနိုင်သည်ကို ထင်ရှားစွာသိမြင်နိုင်သည်။ အနောက်အုပ်စု၏ အထောက်အပံ့များရယူကာ မြန်မာနိုင်ငံအား အလုံးစုံပျက်သုဉ်စေရေးနှင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားများ ပျက်စီးစေရေးတို့ကို ဦးတည်၍ နယ်စပ်ဒေသများတွင်တည်ငြိမ် အေးချမ်းမှုပျက်စီးစေရန် K3C ၊ 3BHA အဖွဲ့များနှင့်ပူးပေါင်းကာ လုပ်ဆောင်နေကြောင်းလည်းတွေ့ရှိရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် ပြည်ထောင်စုအပြိုကွဲမခံဘဲ နိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားများအပြင် အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားများကိုပါ အကောင်အထည် ဖော်ဆောင်လျက်ရှိပါသည်။ မကြာသေးမီအချိန်ကပင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုရှေးရှု၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် နိုင်ငံတော်အစိုးရက ဖိတ်ခေါ်ကမ်းလှမ်းထားပြီး ဖြစ်ပါသည်။ သို့ဖြစ်၍ NUG နှင့် အကြမ်းဖက်အဖွဲ့များအနေဖြင့် အနောက်အုပ်စုအလိုကျ နိုင်ငံတော်ကိုအလုံးစုံပျက်သုဉ်းစေရန် လုပ်ဆောင်နေမှုများနှင့် အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားကိုထိခိုက်အောင် လုပ်ဆောင်နေမှုများအား အမြန်ဆုံးရပ်တန့်ရန်လိုအပ်ပါကြောင်း ရေးသားလိုက်ရပါသည်။
ဇော်မင်း (TNT)
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Posted on Dec 22, 2024
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ၆-၁၂-၂၀၂၄ ရက်နေ့မှ ၂၀-၁၂-၂၀၂၄ ရက်နေ့အထိ ဆုတံဆိပ်ရရှိမှုအခြေအနေ
Posted on Dec 21, 2024အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၄၆/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Posted on Dec 13, 2024အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၄၆/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၉/၂၀၂၄)
Posted on Dec 20, 2024ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၉/၂၀၂၄)