ဥတ္တရသီရိမြို့နယ်၌ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်သတ်ဖြတ်ကာ ဆိုင်ကယ်နှင့် ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်ခဲ့မှုမှ ပြစ်မှုကျူးလွန်သူများနှင့် သက်သေခံပစ္စည်းများ ဖျောက်ဖျက်ရာတွင် ပါဝင်ကျူးလွန်သူများအား ဥတ္တရခရိုင်တရားရုံးမှ ပြစ်မှုထင်ရှားသဖြင့် ထိရောက်ပြစ်ဒဏ် အမိန့်များချမှတ်

ဥတ္တရသီရိမြို့နယ်၌ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်သတ်ဖြတ်ကာ ဆိုင်ကယ်နှင့် ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်ခဲ့မှုမှ ပြစ်မှုကျူးလွန်သူများနှင့် သက်သေခံပစ္စည်းများ ဖျောက်ဖျက်ရာတွင် ပါဝင်ကျူးလွန်သူများအား ဥတ္တရခရိုင်တရားရုံးမှ ပြစ်မှုထင်ရှားသဖြင့် ထိရောက်ပြစ်ဒဏ် အမိန့်များချမှတ်


Ministry of Information/ Naypyitaw / January 29, 2026
image_latest


နေပြည်တော်၊ ဇန်နဝါရီ ၂၉

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၌ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ကာ ဆိုင်ကယ်နှင့် ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်ခဲ့မှုမှ ပြစ်မှုကျူးလွန်သူများနှင့် သက်သေခံပစ္စည်းများ ဖျောက်ဖျက်ရာတွင် ပါဝင်ကျူးလွန်သူများအား ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဥတ္တရခရိုင်တရားရုံးမှ ပြစ်မှုထင်ရှားသဖြင့် ထိရောက်ပြစ်ဒဏ်အမိန့်များအသီးသီး ချမှတ်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းအုပ်စု၊ မောင်းရမ်းကျေးရွာနေ မအိအိငြိမ်း (၂၃) နှစ်သည် ၎င်း၏နေအိမ်မှ ယောက္ခမဖြစ်သူနေအိမ်သို့ တစ်ဦးတည်းဆိုင်ကယ်ဖြင့် ထွက်ခွာသွားခဲ့ရာ ညနေ ၆ နာရီခွဲအချိန်တွင် ဇလောင်းအုပ်စု၊ ငန်းစပ်ကျေးရွာ၊ V 4 လမ်း၊ ရွှေနံ့သာသားသတ်ရုံ၊ မျက်စောင်းထိုးကားလမ်း အရှေ့ဘက်ခြမ်း ခြုံတောအတွင်း၌ ဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိရပြီး ၎င်းမောင်းနှင်သွားသည့် ဆိုင်ကယ်နှင့် ရွှေထည်ပစ္စည်းများ ပျောက်ဆုံးမှုဖြစ်ပွားခဲ့သဖြင့် တောင်ညိုနယ်မြေရဲစခန်း (ပ)အမှတ် ၄၆/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။

ထို့သို့ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့သူများသည် ဇမ္ဗူသီရိမြို့နယ်တွင် ဆောက်လုပ်ရေး လုပ်ငန်းလာရောက်လုပ်ကိုင်သူများဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ ကဝမြို့နယ်၊ အင်းမော်ကျေးရွာနေ သိန်းဇော်(ခ)ကိုသိန်း (၄၃)နှစ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၆၇)ရပ်ကွက်နေ သောင်းဝင်းအောင် (ခ) ချစ်ဖူး (၂၃)နှစ်၊ ဒက္ခိဏသီရိမြို့နယ်၊ စိုက်ခင်း(၃)ကျေးရွာနေ အောင်ကိုဦး (ခ) ဘယ်ကြီး (၂၇)နှစ်နှင့် ကဝမြို့နယ်၊ ဝါးတောကျေးရွာနေ နန်းရွှေစင် (ခ) ကုလားမ (၄၁)နှစ်တို့အား ဖြစ်စဉ်တွင် ပျောက်ဆုံးနေသည့် CANDA 110 ဆိုင်ကယ် တစ်စီးနှင့်အတူ စက်တင်ဘာလ ၁ ရက်နေ့ ညပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှ ဖမ်းဆီးရမိခဲ့ပြီး ပူးပေါင်းပါဝင်ခဲ့သည့် ဒေးဒရဲမြို့၊ အမှတ်(၂)ရပ်ကွက်နေ အောင်ဇော် (ခ) ကိုဇော် (၄၄)နှစ်အား စက်တင်ဘာလ ၂ ရက်နေ့ညပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ စိုက်ခင်း(၃)ကျေးရွာ၌ ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ သိန်းဇော်(ခ) ကိုသိန်းနှင့် သောင်းဝင်းအောင် (ခ) ချစ်ဖူးတို့သည် အခင်းဖြစ်နေ့က အရက်သေစာသောက်စားနေစဉ် မအိအိငြိမ်းမောင်းနှင်လာသည့် ဆိုင်ကယ်အားတွေ့ရှိ၍ တားဆီးကာ အဓမ္မဝိုင်းဝန်းပြုကျင့်စဉ် မအိအိငြိမ်းမှ ရုန်းကန်ထွက်ပြေး၍ သစ်သားတုတ်ဖြင့် လည်ပင်းနှင့် ဦးခေါင်းတို့အား ၈ ချက်ခန့်ရိုက်နှက်ခဲ့ရာ သေဆုံး သွားခဲ့သဖြင့် မအိအိငြိမ်းထံမှ ရွှေလက်စွပ် ၁ ကွင်း၊ ရွှေနားကပ် ၁ ရံနှင့် ဆိုင်ကယ်တို့အား ယူဆောင်ခဲ့ကြောင်းနှင့် အောင်ကိုဦး(ခ) ဘယ်ကြီး၊ နန်းရွှေစင်(ခ) ကုလားမနှင့် အောင်ဇော်(ခ) ကိုဇော်တို့မှ လုယက်ယူဆောင်ခဲ့သည့် ရွှေထည်ပစ္စည်းများနှင့် ဆိုင်ကယ်တို့အား ရောင်းချဖျောက်ဖျက်ရာတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ၎င်းတို့ ငါးဦးအား တောင်ညိုနယ်မြေရဲစခန်းမှ ဥတ္တရခရိုင်တရားရုံးသို့ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၇၆/ ၃၇၇/ ၃၉၄/ ၃၁၆ အရ တရားစွဲတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၄၁/၂၀၂၅ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပြစ်မှုထင်ရှားသဖြင့် မအိအိငြိမ်းအား အဓမ္မပြုကျင့်ကာ တုတ်နှင့်ရိုက်သတ်၍ နားကပ်၊ လက်စွပ်နှင့် ဆိုင်ကယ်တို့ကို လုယက်ယူဆောင်သွားသူ တရားခံ သိန်းဇော် (ခ) ကိုသိန်းနှင့် သောင်းဝင်းအောင် (ခ) ချစ်ဖူးတို့အား ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်၍ သတ်စေရန် (သေဒဏ်)၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ ထောင်ဒဏ်နှစ် (၂၀)(နှစ်နှစ်ဆယ်)၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (၁) အရ ထောင်ဒဏ်နှစ် (၂၀) (နှစ်နှစ်ဆယ်)၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ အရ ထောင်ဒဏ်နှစ် (၂၀) (နှစ်နှစ်ဆယ်)၊ ရာဇသတ်ကြီးပုဒ်မ ၃၁၆ အရ ထောင်ဒဏ် (၁၀)နှစ် (ဆယ်နှစ်)စီ အသီးသီးကျခံစေရန်နှင့် ပြစ်ဒဏ်များအား သီးခြားစီ ကျခံစေရန်ဟုလည်းကောင်း၊ ရွှေထည်ပစ္စည်းများနှင့် ဆိုင်ကယ်အား ရောင်းချဖျောက်ဖျက်ရာတွင် ပါဝင်ကျူးလွန်ခဲ့ကြသည့် တရားခံအောင်ကိုဦး (ခ) ဘယ်ကြီး၊ နန်းရွှေစင် (ခ) ကုလားမ၊ အောင်ဇော် (ခ) ကိုဇော်တို့အား ရာဇသတ်ကြီးပုဒ်မ ၄၁၄ အရ ထောင်ဒဏ် (၃) နှစ် (သုံးနှစ်)၊ ရာဇသတ်ကြီးပုဒ်မ ၂၀၂ အရ ထောင်ဒဏ် (၆)လ (ခြောက်လ) စီ အသီးသီးကျခံစေရန်နှင့် ပြစ်ဒဏ်များအားသီးခြားစီ ကျခံစေရန်ဟုလည်းကောင်း အသီးသီးအမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း