၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ ကျင်းပ
၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 22, 2025

နေပြည်တော် မတ် ၂၁
“၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” သုံးသပ်ဆွေးနွေးပွဲ (Forum on Myanmar Beyond 2025: Challenges and Oppor-tunities in the Multipolar World) ကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I) ၌ ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကမ္ဘာကြီးသည် နိုင်ငံရေးစနစ်အမျိုးမျိုး၊ အိုက်ဒီအိုလော်ဂျီအမျိုးမျိုးကို ဖြတ်သန်းခဲ့ကြရာတွင် အားနည်းသူများသည် အားကြီးသူများခင်းထားသည့်လမ်းအတိုင်း လျှောက်လှမ်းခဲ့ကြရသည်ဖြစ်ပါကြောင်း၊ ဖြတ်သန်းခဲ့ကြသည့် ကမ္ဘာ့အထိုင် (World Order) များကို ပြန်ကြည့်မည်ဆိုပါက ဒွိဝင်ရိုးကမ္ဘာ့အထိုင်နှင့် ဧကဝင်ရိုးကမ္ဘာ့အထိုင်စနစ်များပဲဖြစ်နေပါကြောင်း၊ ယခုအခါ ကမ္ဘာကြီးသည် အချိုးအကွေ့တစ်ခုကို ရောက်လာပြီး ဗဟုဝင်ရိုးကမ္ဘာ့အထိုင်နှင့် လည်ပတ်သည့်အချိန် ရောက်လာခဲ့ပြီဆိုသည့် အကောက်အယူများ ကျယ်ကျယ်လောင်လောင် ထွက်လာခဲ့ပါပြီဖြစ်ပါကြောင်း။
လက်ဝါးကြီးအုပ်စိုးမှုများကို တွန်းလှန်နိုင်ရေး နည်းလမ်းရှာကြံရန်
ဗဟုဝင်ရိုးကမ္ဘာ့အထိုင် ပေါ်ပေါက်လာခြင်း၏ ထင်သာမြင်သာရှိသည့် အမှတ်သရုပ်ကိုပြပါဆိုလျှင် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့ ဦးဆောင်ဖွဲ့စည်းခဲ့သည့် BRICS (ဘရစ်) အဖွဲ့ကြီးကိုပင် လက်ညှိုးထိုးပြရမည်ဖြစ်ပါကြောင်း၊ BRICS (ဘရစ်) အဖွဲ့ကြီး၏ မျှော်မှန်းချက်ကို ကြည့်မည် ဆိုပါကလည်း ဗဟုဝင်ရိုးကမ္ဘာ့အထိုင်ဆီ ဦးတည်ကြိုးပမ်းနေသည်ကို တွေ့နေရပါကြောင်း၊ အဖွဲ့ကြီး၏ မျှော်မှန်းချက်များသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းများ ကို လေးစားလိုက်နာရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်နှင့် အချုပ်အခြာအာဏာဆိုသည့် စည်းမျဉ်းများကို အခြေခံထားသည်ကို တွေ့ရပါကြောင်း၊ ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုတွင် မတူကွဲပြားသည့် သဘောထားမျိုးစုံစုစည်းနိုင်ရန်နှင့် အစဉ်အလာကဲ့သို့ ဖြစ်နေသည့် လက်ဝါးကြီးအုပ်စိုးမှုများကို တွန်းလှန်နိုင်ရေးနည်းလမ်းရှာကြံရန်၊ အကြမ်းဖက်ဝါဒ၊ ဆိုက်ဘာရာဇဝတ်မှုနှင့် ရာသီဥတုနှင့်ဆက်နွှယ်သည့် အကျပ်အတည်းစသော ကမ္ဘာလုံး ဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းရန် ဖြစ်သည်ဆိုသည်ကို ဖော်ပြထားပါကြောင်း။
မတည်မြဲခြင်းဆိုသည့် လောကနိယာမအတိုင်း ဧကဝင်ရိုးကမ္ဘာ့အထိုင်သည် နိဂုံးချုပ်ချိန်ရောက်လာပြီဖြစ်သည့်အတွက် နိဂုံးချုပ်သွားခဲ့ရခြင်းဖြစ်ပါကြောင်း၊ အဟောင်းနေရာတွင် အသစ်များ အစားထိုးမြဲအတိုင်း ဧကဝင်ရိုးကမ္ဘာ့အထိုင်နေရာတွင် ဗဟုဝင်ရိုးကမ္ဘာ့အထိုင်သည် အစားထိုးဝင်ရောက်လာခဲ့ပြီ ဖြစ်ပါကြောင်း၊ အပြောင်းအလဲနှင့်အတူ လိုက်ပါမပြောင်းလဲနိုင်ပါက မှေးမှိန်ကွယ်ပျောက်သွားရသည်ဆိုသည့် ကမ္ဘာ့နိယာမအတိုင်း မိမိတို့ဖွံ့ဖြိုးဆဲနိုင်ငံလေးများသည် ကမ္ဘာ့ရေစီးကြောင်းနှင့်အတူ လိုက်ပါပြောင်းလဲရန် မဖြစ်မနေကြိုးစားရုန်းကန် ကြရမည်ဖြစ်ပါကြောင်း၊ ယခုလည်း ဧကဝင်ရိုးကမ္ဘာ့အထိုင်နေရာတွင် အစားထိုးဝင်ရောက်လာသည့် ဗဟုဝင်ရိုးကမ္ဘာ့အထိုင်နှင့်အတူ လိုက်ပါပြောင်းလဲရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ မည်သို့ပင်ဖြစ်ဖြစ် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံငယ်လေးများအနေဖြင့် ဧကဝင်ရိုးကမ္ဘာ့အထိုင်တွင် ရွေးချယ်စရာမရှိသည့်အခြေအနေမှ လွတ်မြောက်ပြီး ဗဟုဝင်ရိုးကမ္ဘာ့အထိုင်တွင် ရွေးချယ်စရာများ ပိုမိုများပြားလာသည့်အတွက် အကောင်းဘက်ကို ဦးတည်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ဗဟုဝင်ရိုး ကမ္ဘာသည်လည်း စတင်ထွက်ပေါ်လာ
ထို့နောက် University of Fudan၊ China Academy မှ Professor Mr.Zhang Wei က ဗဟုဝင်ရိုးကမ္ဘာတွင် စီးပွားရေးပိတ်ဆို့မှုများ၊ ဒုံးကျည်လက်နက်ပိုင်ဆိုင်မှုများနှင့် ခွဲခြားဆက်ဆံမှုများကို စံနှုန်းအဖြစ် သတ်မှတ်ထားခြင်းမရှိသည့်အတွက် တစ်ဖက်စွန်းမူဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်နေပါကြောင်း၊ တရုတ်၊ ရုရှားနိုင်ငံတို့နှင့် the BRICS၊ the ASEAN အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ဗဟုဝင်ရိုးကမ္ဘာသည်လည်း စတင်ထွက်ပေါ်လာပြီဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသည် ၁၉၈၀ ပြည့်နှစ်မှစပြီး နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိနေပြီဖြစ်ပြီး လက်ရှိတွင် စတုတ္ထစက်မှုတော်လှန်ရေးအတွက် Deepseek ကဲ့သို့ ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဦးဆောင်လျက်ရှိပါကြောင်း။
မိမိတို့အနေဖြင့် အနောက်နိုင်ငံများလက်ကိုင်ထားသည့် “ခွဲခြားအုပ်ချုပ်ရေး” ထက် “စည်းလုံးပြီး အကျိုးကျေးဇူးမျှဝေ ခံစား” ဟူသည့်ဆောင်ပုဒ်ကို လက်ကိုင်ထားရှိကြောင်း၊ တရုတ်နိုင်ငံသည် ၁၂ နှစ်အကြာက စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ရပ်ဝန်းနှင့် ပိုးလမ်းမကို အကောင်အထည်ဖော်ရာတွင် အဆိုပါဆောင်ပုဒ်ကို လက်ကိုင်ကျင့်သုံးလျက်ရှိပြီး လက်ရှိတွင် နိုင်ငံပေါင်း ၁၅၀ ကျော်သည် ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာစီမံကိန်းပေါင်း ထောင်ပေါင်းများစွာကို ဖော်ဆောင်လျက်ရှိကြောင်း။
ထို့ကြောင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းသည် လူသားသမိုင်းတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် ကောင်းမွန်သော စင်္ကြံတစ်ခုဖြစ်လာပါကြောင်း၊ အမေရိကန်နိုင်ငံသည် “အမေရိကန်သည်သာ ပထမ’’ဟူသည့် ဆောင်ပုဒ်ကို လက်ကိုင်ကျင့်သုံးမည်ဆိုပါက ကမ္ဘာ့နိုင်ငံများအတွက်သာမက အမေရိကန်နိုင်ငံအတွက်ပင်လျှင် ကောင်းမွန်သော ရလဒ်ကောင်းများ ပိုင်ဆိုင်နိုင်မည်မဟုတ်ပါကြောင်း၊ သမ္မတ ဒေါ်နယ်ထရမ့်သည် လက်ရှိတွင် အဆိုပါမူဝါဒကို လက်ကိုင်ကျင့်သုံးရန် ကြိုးပမ်းလျက်ရှိပါကြောင်း ပြောကြားသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခိုင်အမာရရှိရန် ကြိုးပမ်းနေသည့် နိုင်ငံငယ်များ
ယင်းနောက် နီပေါဝန်ကြီးချုပ်ဟောင်း Mr.Madhav Kumar Nepal က အလယ်အလတ်အင်အားကြီးနိုင်ငံများနှင့် အနောက်မဟာမိတ်မဟုတ်သည့် မိတ်ဖက်နိုင်ငံများ ထွက်ပေါ်လာခြင်းက ပညာရှင်အချို့ ခေါ်ဆိုနေကြသည့် မမျှတသောဗဟုဝင်ရိုး ဖြစ်ပေါ်ခြင်းဖြစ်ပါကြောင်း၊ ပညာရှင်တချို့က BRICS လို စီးပွားရေးအင်အားကြီး အုပ်စုနိုင်ငံများက ဒေသတွင်းနိုင်ငံများတွင် အာဏာလွှမ်းမိုးမှုများ တိုးတက်လာခြင်းကို ဦးစားပေးဖော်ပြခဲ့ပါကြောင်း၊ ထို့အပြင် ကမ္ဘာ့အဆင့်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အခိုင်အမာရရှိရန် ကြိုးပမ်းနေသည့် နိုင်ငံငယ်များကို ဗျူဟာမြောက်တွန်းလှန်နေသည့်အတွက် ဗဟုဝင်ရိုးကမ္ဘာကြီး ပေါ်ပေါက်ရန် လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်ပါကြောင်း။
တရုတ်နှင့် အမေရိကန်တို့ နည်းပညာနှင့် ကုန်သွယ်မှုများတွင် ပြိုင်ဘက်နိုင်ငံ များဖြစ်လာသည့်အတွက် ဥရောပသမဂ္ဂ၊ အိန္ဒိယနှင့် စီးပွားရေးတိုးတက်လာသည့် နိုင်ငံများသည် ၎င်းတို့၏လွှမ်းမိုးမှုကို ကြုံတွေ့လာရသည့်အတွက် သံတမန်ရေးရာတွင်လည်းကောင်း၊ ကုန်သွယ်ရေးတွင်လည်းကောင်း၊ နည်းပညာပိုင်းတွင်လည်းကောင်း ဗဟုဝင်ရိုးကမ္ဘာကြီးအဖြစ် ဖြစ်ပေါ်စေရန် အကြောင်းတရားများ ဖန်တီးဖြစ်ပေါ်စေပါကြောင်း၊ အဆိုပါအရွေ့ကို အာရှတွင် ပိုမိုတွေ့မြင်နိုင်ပါ ကြောင်း၊ အာရှတိုက်သည် တစ်ဆင့်ခံ လက်ဝေခံမဟုတ်တော့ဘဲ ကမ္ဘာလုံးဆိုင်ရာ အာဏာပါဝါတွင် အဓိကနေရာမှ ပါဝင်လာပြီဖြစ်ပါကြောင်း၊ နီပေါနှင့် မြန်မာသည် အင်အားကြီး အိမ်နီးချင်း နိုင်ငံများကြားတွင် တည်ရှိနေပါကြောင်း။
ဂေါတမမြတ်စွာဘုရား၏ မွေးရပ်ဖြစ်သော နီပေါသည် ကမ္ဘာလုံးဆိုင်ရာ သံခင်းတမန်ခင်းတွင် soft power ကို ပေးစွမ်းလျက်ရှိပါကြောင်း၊ အိန္ဒိယနှင့် တရုတ်နိုင်ငံကြားတွင် တည်ရှိနေသော မြန်မာနှင့် နီပေါနိုင်ငံတို့အနက် နီပေါနိုင်ငံသည် ပထဝီဝင်နိုင်ငံရေး ကြားခံနိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည် မဟာဗျူဟာမြောက် အင်အားအသင့်အတင့်ရှိသည့် နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပထဝီဝင်နိုင်ငံရေး အရေးကြီးမှုအပေါ် လျှော့တွက်၍မရပါကြောင်း၊ အရှေ့တောင်အာရှ၏ တိုးတက်ပြောင်းလဲနေသော လုံခြုံရေးနှင့် စီးပွားရေးအခင်းအကျင်းတွင် မြန်မာ၏ရပ်တည်ချက်သည် သိသာထင်ရှားသော လွှမ်းမိုးမှုကို ပေးဆောင်လျက်ရှိပါကြောင်း ပြောကြားသည်။
မြန်မာ့ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းအားထုတ်မှုများ
ဆက်လက်၍ အိန္ဒိယနိုင်ငံ Viveka-nanda International Foundation (VIF) မှ အကြီးတန်းသုတေသီ Mr. Vinod Kumar Anand က အိန္ဒိယနိုင်ငံရှုထောင့်မှကြည့်လျှင် မြန်မာနိုင်ငံသည် အရင်းအမြစ်ကြွယ်ဝပြီး မဟာဗျူဟာအရ အရေးပါသောနိုင်ငံဖြစ်ပါကြောင်း၊ အိန္ဒိယ၏ Act East Policy ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်နိုင်ရန် ပထဝီမြေအနေအထားအရ အရေးပါသည့် အိမ်နီးချင်းနိုင်ငံလည်းဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံသည် နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ် IIT ထူထောင်ရေး စက်မှုလေ့ကျင့်ရေးစင်တာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ် ရေးများပံ့ပိုးမှုများကို မြန်မာနိုင်ငံအား ပံ့ပိုးကူညီပေးလျက်ရှိပါကြောင်း၊ မြန်မာ့ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းအားထုတ်မှုများသည် အနောက်နိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့ကြား အပြုသဘောဆောင်သော ပဲ့တင်ထပ်မှုများကို ဖန်တီးပေးနိုင်ခဲ့ပါကြောင်း။
မြန်မာနိုင်ငံသည် ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် ရေခံမြေခံကောင်းမွန်သောနိုင်ငံလည်းဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲတစ်ရပ် ကျင်းပရန် ကြိုးပမ်းဆောင်ရွက်မှုကို အိန္ဒိယနိုင်ငံအနေဖြင့် ကြိုဆိုပါကြောင်း၊ တိုးတက်ပြောင်းလဲနေသော ဘက်စုံကမ္ဘာစနစ်၏ ပင်မရေစီးကြောင်းတွင် ပါဝင်ခြင်းဖြင့် မြန်မာနိုင်ငံသည် ၎င်း၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားဖွံ့ဖြိုတိုးတက်ရေးအတွက် နည်းလမ်းကောင်းများစွာဖြင့် ယခုဘက်စုံ ကမ္ဘာစနစ်သစ်တွင် ပေးအပ်နေသော အခွင့်အလမ်းများကို ရရှိခံစားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း
ထို့နောက် ထိုင်းနိုင်ငံခြားရေး ဒုတိယဝန်ကြီးဟောင်း Mr. Sihasak Phuang-ketkeow က ယခုလက်ရှိ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းသည် အမှန်စင်စစ်ခိုင်မာသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးဆိုသည်မှာ ပြုစုပျိုးထောင်ရသည်မျိုးဖြစ်ပါကြောင်း၊ ပထဝီဝင်နိုင်ငံရေး ငြင်းခုံပြိုင်ဆိုင်မှုများ ပြင်းထန်လာသည်နှင့်အမျှ ပထဝီစီးပွားရေးနှင့် ပထဝီနည်းပညာပြိုင်ပွဲများ၏ ပြိုင်ဆိုင်မှုများသည်လည်း ဆက်လက်ပြင်းထန်လာနေပါကြောင်း၊ ဂလိုဘယ်လိုက်ဇေးရှင်းတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စည်းမျဉ်းများနှင့် အဖွဲ့အစည်းပေါင်းစုံ၏ ပြင်းထန်သောတုံ့ပြန်မှုကို ရင်ဆိုင်နေရပါကြောင်း၊ တစ်ချိန်တည်းတွင် တစ်ဖက်သတ်ဝါဒ၊ အစွန်းရောက် အမျိုးသားရေးဝါဒ၊ လူကြိုက်များရေးဝါဒ ထွန်းကားလာမှုကို မိမိတို့အားလုံး တွေ့မြင်နေကြရပါကြောင်း။
အမေရိကန်အစိုးရသစ်၏ တာဝန်ယူမှုကလည်း အုပ်ချုပ်မှုအခြေခံသည့် နိုင်ငံတကာ လိုလားချက်ဖြစ်သည့် အဓိကဗဟိုချက်ကို ယိမ်းယိုင်သွားသည်မှာ မိမိတို့မျက်မြင်ကိုယ်တွေ့ဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှု၊ ကပ်ရောဂါနှင့် ရွှေ့ပြောင်းနေထိုင်မှုစသည့် ကမ္ဘာလုံး ဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်ရန် နိုင်ငံပေါင်းစုံနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုလိုအပ်နေပါကြောင်း။
အထူးသဖြင့် ဒစ်ဂျစ်တယ်နှင့် AI နည်းပညာတိုးတက်မှုများက အသိပညာနှင့် စီးပွားရေးတိုးတက်မှု၏ နယ်ပယ်အသစ်များကို မမြင်ဖူးမကြုံဖူးသည့် အရှိန်အဟုန်နှင့် အတိုင်းအတာတစ်ခုအထိ တိုးတက်လာနေပါကြောင်း၊ တစ်ဖက်တွင်လည်း နည်းပညာများကို ထင်မှတ်မထားသည့် ထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်စေရန် အသုံးပြုလာကြပါကြောင်း၊ ဒုတိယကမ္ဘာစစ်အပြီး ပေါ်ပေါက်လာသည့် လစ်ဘရယ်ကမ္ဘာက ကမ္ဘာကြီး၏ အင်အားကြီးမှုကို လျော့ကျစေပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာဝင်ရိုးသစ်နှင့် ဒေသတွင်းအင်အားများက တည်ရှိနေသည့်နိုင်ငံများ၏ အင်အားလွှမ်းမိုးမှုကို စိန်ခေါ်ခြိမ်းခြောက်မှု ဖြစ်စေပါကြောင်း၊ ထို့ကြောင့် ဝင်ရိုးသစ်ကမ္ဘာနှင့် ကမ္ဘာလုံးဆိုင်ရာ စည်းမျည်းများ ချမှတ်ခြင်းနှင့် နိုင်ငံပေါင်းစုံ အဖွဲ့အစည်းပေါင်းစုံ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ပြောဆိုလာရသည်များ တည်ရှိလာပါကြောင်း။
အလုံးစုံသော လုံခြုံရေးကို ကိုယ်တိုင်တည်ဆောက်နိုင်သည့်နိုင်ငံဟူ၍ မရှိသေးပါကြောင်း၊ တစ်ဖက်သတ်ဝါဒ (Unila-teralism) က မိမိတို့၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ရင်ဆိုင်နေရသည့် ဖိအားများနှင့် ဘက်ပေါင်းစုံက ခြိမ်းခြောက်မှုများကို သေချာပေါက်ဖြေရှင်းနိုင်မည်မဟုတ်ပါကြောင်း၊ မိမိတို့အနေဖြင့် အားကောင်းသည့် မိတ်ဖက်များနှင့် ဆက်ဆံရေးထူထောင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ အသိုက်အဝန်းတစ်ခုဖြစ်ရန် စုပေါင်းတည်ဆောက်ကြရန်လိုပါကြောင်း၊ မိမိတို့အနေဖြင့် ခေါင်းဆောင်မှုနှင့် တူညီသည့် မျှော်မှန်းချက်များနှင့် မျှော်မှန်းချက်များကို မျှဝေပေးရန် လိုပါကြောင်း၊ ကမ္ဘာ့အသိုက်အဝန်းတစ်ရပ်ဖြစ်အောင် စဉ်းစားဆင်ခြင် ဖော်ဆောင်ခြင်းဖြင့် မိမိတို့၏ ဘုံစိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ပြီး ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် အားလုံးအတွက် ပိုမိုသာယာဝပြောရေး အခွင့်အလမ်းများကို ဆုပ်ကိုင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြား သည်။
အနောက်ဝင်ရိုး နှစ်ပိုင်း ကွဲသွားနိုင်သည်ကို မြင်တွေ့နေရ
ယင်းနောက် ရုရှားနိုင်ငံမှ ပါမောက္ခ Mr. Alexander Dugin က အွန်လိုင်းမှ ပြောကြားရာတွင် အနောက်ဝင်ရိုး နှစ်ပိုင်းကွဲသွားနိုင်သည်ကို မြင်တွေ့နေရပါကြောင်း၊ ဂရင်းလန်း၊ ကနေဒါအပါအဝင် အမေရိကန်နိုင်ငံတို့သည် လွတ်လပ်သည့် ဝင်ရိုးတစ်ခုဖြစ်သည့် အမေရိကန်ဝင်ရိုးနှင့် အီးယူတို့ကို ကိုယ်စားပြုနိုင်သည်ဟု အမေရိကန်များက ပြောနေကြပါကြောင်း၊ သမ္မတဒေါ်နယ်ထရမ့်သည် အီးယူလိုဝင်ရိုးတစ်ခုလည်း ဖန်တီးနိုင်ပါကြောင်း၊ civilizational state တစ်ခုမှာ North American Civilization နှင့် မတူသည့် အီးယူ Civilization ဖြစ်ပါကြောင်း။
ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် အင်အားကြီးနိုင်ငံများ ဦးဆောင်သည့် ဗဟုဝင်ရိုးကမ္ဘာမြင်ကွင်းနှင့် အမေရိကန်များ ရှုမြင်သည့် ကမ္ဘာအထိုင် အနည်းငယ်ကွဲပြားနိုင်ပါကြောင်း၊ အရေးကြီးသည်မှာ အမေရိကသည် အမေရိကကို အောင်ပွဲခံခဲ့ပြီး ဖျက်ဆီးသွားမလားဆိုတာပင် ဖြစ်ပါကြောင်း၊ ထိုအရာသည် အနောက်၏ လွှမ်းမိုးမှုအတွက် အခြားရွေးချယ်စရာ ဖြစ်ပါကြောင်း၊ ဗဟုဝင်ရိုးကမ္ဘာဖြစ်ပေါ်လာမှုကို အချက်အလက်အနေဖြင့် လက်ခံကြပါကြောင်း၊ မိမိတို့သည် ဗဟုဝင်ရိုးကမ္ဘာထဲတွင် ရှင်သန်နေထိုင်ကြပါကြောင်း၊ ဧကဝင်ရိုးကမ္ဘာ ပြီးဆုံးသွားပြီဆိုသည်ကို အသေအချာပြောနိုင်ပါ ကြောင်း၊ ကမ္ဘာကြီး၏ အဓိကဦးတည်ရာအဖြစ် ဂလိုဘယ်လစ်အာဂျင်ဒါလည်း ထပ်ပြီး မရှိတော့ပါကြောင်း၊ ဗဟုဝင်ရိုးကမ္ဘာဖြစ်လာသည်ကို မိမိတို့ကြိုဆို ပါကြောင်း။
မိမိအနေဖြင့် အလေးပေးပြောကြားလိုသည့်အချက်မှာ ဗုဒ္ဓဘာသာယဉ်ကျေးမှု ထွန်းကားသည့် မြန်မာနိုင်ငံအကြောင်းပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဒေသတွင်းအင်အားကြီး နိုင်ငံတစ်နိုင်ငံအနေဖြင့် ကိုယ်ပိုင်အမှတ်သရုပ်၊ ယဉ်ကျေးမှုဆိုင်ရာ အမှတ်သရုပ်တို့နှင့်ပတ်သက်၍ စဉ်းစားသင့်ပါကြောင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံကြား ဟန်ချက်ညှိမှုလည်းဖြစ်ပါကြောင်း၊ ကိုယ်ပိုင်ဒိုင်မန်းရှင်းတစ်ခု ဖန်တီးထိန်းသိမ်းခြင်းလည်းဖြစ်ပါကြောင်း၊ ထိုအရာသည် အခွင့်အလမ်းတံခါးပေါက်ဖြစ်သကဲ့သို့ အချုပ်အခြာအာဏာကို ပိုမိုခိုင်မာစေမှုလည်းဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုက ယခုဖိုရမ်သည် ဆွေးနွေးပြောဆိုမှုများအတွက် ပလက်ဖောင်းတစ်ခုအဖြစ်သာမက သိသာမြင်သာသော တိုးတက်မှုဆီသို့ ဦးတည်သည့် ခြေလှမ်းတစ်ခုလည်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် အားလုံးပါဝင်မှု၊ ရေရှည်တည်တံ့မှုနှင့် ကြံ့ကြံ့ခံနိုင်မှုများကို ဦးစားပေးသည့် မျှော်မှန်းချက်တစ်ရပ်ကို ဖန်တီးမှုအပေါ်တွင် အာရုံစိုက်ကြရမည်ဖြစ်ပါကြောင်း၊ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် မိတ်ဖက်များအကြား နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့်၊ မိမိတို့အနေဖြင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်မှုအတွက် အခြေခံများကို တည်ဆောက်ပေးနိုင်ပါကြောင်း၊ ယခုဆွေးနွေးမှုများတွင် ပညာရှင်များ၏ တက်ကြွစွာပါဝင်မှုနှင့် ကတိကဝတ်များက မြန်မာနိုင်ငံသားအားလုံးအတွက် အကျိုးကျေးဇူး ဖြစ်ထွန်းစေမည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို ပုံဖော်ရာတွင် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်မည်ဖြစ်ပါကြောင်း။
ယခုဖိုရမ်၏ အောင်မြင်မှုသည် အဓိပ္ပာယ်ရှိပြီး အဖြေကိုဗဟိုပြုသည့် ဆွေးနွေးမှုများကို လုပ်ဆောင်ကြသော မိမိတို့၏စုပေါင်းအားထုတ်မှုများအပေါ် မူတည်မည်ဖြစ်ပါကြောင်း၊ တစ်ဖက်တွင် ဆန်းသစ်မှုများနှင့် တိုးတက်မှုများကို ထွေးပွေ့ရင်း မြန်မာနိုင်ငံ၏ ကြွယ်ဝသည့် ယဉ်ကျေးမှုအမွေအနှစ်ကို တန်ဖိုးထားနိုင်မည့် အနာဂတ်လမ်းကြောင်းတစ်ခုကို ချမှတ်နိုင်ရန်အတွက် ယခုအခွင့်အရေးများကို မိမိတို့ရယူကြရမည်ဖြစ်ပါကြောင်း၊ အတူတကွလုပ်ဆောင်ခြင်းအားဖြင့် မိမိတို့သည် ချမ်းသာကြွယ်ဝမှုသာမကဘဲ ခြုံငုံပါဝင်ပြီးကြံ့ကြံ့ခံနိုင်သည့် အနာဂတ်တစ်ခုအတွက် အခြေခံများကိုပါ ချမှတ်နိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ရည်မှန်းချက်ကြီးများအတွက် ပညာရှင်ကြီးများ၏ ကြိုးပမ်းအားထုတ်မှုများကို ကျေးဇူးအထူးတင်ပါကြောင်း၊ မြန်မာနိုင်ငံ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အားလုံး လက်တွဲလုပ်ဆောင်ကြပါဟု တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် သုံးသပ်ဆွေးနွေးပွဲအစီအစဉ်များ စတင်ကျင်းပရာ “ပြောင်းလဲနေသော ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနှင့် အာရှ၏ အခန်းကဏ္ဍ”၊ “၂၀၂၅ အလွန် ဗဟုဝင်ရိုးကာလတွင် မြန်မာနိုင်ငံ ကြုံတွေ့ရမည့် ပထဝီစီးပွားရေးစိန်ခေါ်မှုများနှင့် ရရှိနိုင်သည့် အခွင့်အလမ်းများ”၊ “၂၀၂၅ အလွန် ဗဟုဝင်ရိုးကာလတွင် မြန်မာနိုင်ငံ ကြုံတွေ့ရမည့် ပထဝီနိုင်ငံရေးစိန်ခေါ်မှုများနှင့် ရရှိနိုင်သည့် အခွင့်အလမ်းများ” စသည့် ခေါင်းစဉ်သုံးခုကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ အီတလီ၊ နီပေါနိုင်ငံ တို့မှ ပထဝီစီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ပြည်တွင်းမှ ပညာရှင်များ ပါဝင်ဆွေးနွေးကြသည်။
“ပြောင်းလဲနေသော ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနှင့်အာရှ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုတွင် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး University of Fudan၊ China Academy မှ Professor Mr. Zhang Wei၊ နီပေါဝန်ကြီးချုပ်ဟောင်း Mr. Madhav Kumar Nepal၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေး ဒေါက်တာဆလိုင်းငွန်ကျုံးလျန်နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) မှ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်ဇော်တို့က ဆွေးနွေးကြသည်။
ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံ သည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့အတွက် ဆက်သွယ်ရေး ဗဟိုချက်အဖြစ်တည်ရှိနေမှု၊ စည်းလုံးညီညွတ်မှုအင်အားဖြင့် ကုန်သွယ်ရေး ကဏ္ဍမြှင့်တင်ရေး၊ ပဋိပက္ခဖြစ်ပွားမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထို့နောက် “၂၀၂၅ အလွန် ဗဟုဝင်ရိုးကာလတွင် မြန်မာနိုင်ငံ ကြုံတွေ့ရမည့် ပထဝီစီးပွားရေးစိန်ခေါ်မှုများနှင့် ရရှိနိုင်သည့် အခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုတွင် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒါရိုက်တာ ဒေါက်တာခင်မောင်လွင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ကမ္ဘာ့ရေးရာ အိန္ဒိယကောင်စီမှ သုတေသနလက်ထောက် Dr. Mehdi Hussain၊ Distance Private University School မှ Professor Mr. Lorenzo Pacini၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒါရိုက်တာ ဒေါက်တာဇော်ဦးနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့က ဆွေးနွေးကြသည်။
ထိုသို့ဆွေးနွေးရာတွင် ၂၀၂၅ ခုနှစ် အလွန် မြန်မာနိုင်ငံကြုံတွေ့ရမည့် စီးပွားရေးစိန်ခေါ်မှုများနှင့် ပြောင်းလဲ ဖော်ဆောင်နိုင်မည့် အခွင့်အလမ်းများ၊ မြန်မာနိုင်ငံ၏ ၂၀၂၄ ခုနှစ် GDP တန်ဖိုးနှင့် စီးပွားရေး၊ ငွေကြေးဖောင်းပွမှု လျှော့ချနိုင်ခဲ့မှု၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးတိုးတက်မှုနှုန်း ပိုမိုရရှိရန် ဖော်ဆောင်ရမည့် အကြောင်းအရာများ၊ လက်ရှိ ရင်ဆိုင်နေရသည့် ပထဝီစီးပွားရေးစိန်ခေါ်မှုများ၊ နယ်စပ်ဒေသကုန်သွယ်မှု၊ ရေနက်ဆိပ်ကမ်းများ ဖော်ဆောင်နေမှု၊ ပင်လယ်ရေကြောင်းကုန်သွယ်မှု၊ မြန်မာ -အိန္ဒိယ အရှေ့မြောက်ဒေသရှိ စီးပွားရေး ဆက်နွှယ်မှုတို့နှင့် စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးကြသည်။
ယင်းနောက် “၂၀၂၅ အလွန် ဗဟုဝင်ရိုးကာလတွင် မြန်မာနိုင်ငံကြုံတွေ့ရမည့် ပထဝီနိုင်ငံရေးစိန်ခေါ်မှုများနှင့် ရရှိနိုင်သည့် အခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုတွင် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒါရိုက်တာ ဦးကျော်လင်းဦးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အိန္ဒိယနိုင်ငံ မဟာဗျူဟာရေးရာလေ့လာသုံးသပ်သူ Mr. Atul Aneja၊ ဂျပန်နိုင်ငံ Chiba University မှ Ms. Suzuka YOSHIDA၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့၏ အကြံပေးပုဂ္ဂိုလ် ဦးညိုအုန်းမြင့်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်တို့က ဆွေးနွေးကြသည်။
ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ၊ လက်ရှိတည်ရှိနေသည့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်ဆက်ဆံမှု၊ သံတမန်အခင်းအကျင်း၊ လူမျိုးစုပေါင်းစုံတည်ရှိနေမှုနှင့် ပေါင်းစုအား လိုအပ်နေမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထိုသို့ ခေါင်းစဉ်အလိုက် ဆွေးနွေးသုံးသပ်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲ တက်ရောက်လာကြသည့် နိုင်ငံတကာမှ လေ့လာသုံးသပ်သူများ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ ပြည်တွင်းမှ နိုင်ငံရေးသုတေသီများ၊ မြန်မာနိုင်ငံအရေး စိတ်ဝင်စားကြသူများ၊ တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ နိုင်ငံတကာ ပထဝီစီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ပြည်တွင်းမှ ပညာရှင်များက ပြန်လည်ရှင်းလင်းဖြေကြားပေးကြသည်။
သုံးသပ်ဆွေးနွေးချက်များကို အနှစ်ချုပ် စုစည်းဆွေးနွေး
ယင်းနောက် ဆွေးနွေးပွဲသဘာပတိများက ဆွေးနွေးပွဲတစ်ခုလုံး၏ သုံးသပ်ဆွေးနွေးချက်များကို အနှစ်ချုပ် စုစည်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
သုံးသပ်ဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူး၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့က စီစဉ်ကျင်းပခြင်းဖြစ်ပြီး နိုင်ငံရေးအပြောင်းအလဲနှင့်အတူ နိုင်ငံတော်၏ အခြေအနေမှန်ကို ကမ္ဘာက သိရှိစေပြီး မြန်မာနိုင်ငံအပေါ် နားလည်မှု၊ စာနာမှုများဖြင့် ပူးပေါင်းဆောင်ရွက်လာစေရန်၊ မဟုတ်မမှန် စွပ်စွဲပြောဆိုမှုများ ကို တန်ပြန်ချေဖျက်၍ နိုင်ငံပုံရိပ်မြှင့်တင်ရန်နှင့် ၂၀၂၅ ခုနှစ်အလွန် ပြောင်းလဲလာနေသည့် ကမ္ဘာ့အခင်းအကျင်းဖြစ်သော ဗဟုဝင်ရိုးကမ္ဘာတွင် ပေါ်ပေါက်လာမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအား သိရှိပြီး ကြိုတင်ပြင်ဆင်နိုင်မည့်နည်းလမ်းများရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ကျောင်းသား/သူများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန် အသိပေးနှိုးဆော်ခြင်း
Posted on May 6, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
Posted on May 3, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
မြေဩဇာရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်ပါရန် ကြေညာခြင်း
Posted on May 5, 2025