(၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

(၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / December 16, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၆

(၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်မှအရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ တိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းတို့မှ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အသင်း/အဖွဲ့များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများ၊ ဆေးပစ္စည်း လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲဖွင့်ပွဲအခမ်းအနားကို ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စုစုဒွေး၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ ဦးမြင့်ဦး၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဦးမိတ်နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်ထပ်နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအခမ်းအနားကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

၎င်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ (၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ဂုဏ်ပြုတေးသီချင်းဖြစ်သည့် “သမိုင်းသတင်းမွှေးသည့် တိုင်းရင်းဆေး သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်သည်။

ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲသို့ ပေးပို့သည့်ဂုဏ်ပြုမိန့်ခွန်း VideoMessage ကိုဖွင့်လှစ်ပြသသည်။

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းဆေးကဏ္ဍကို အလေးအနက်ထား၍ အားပေးချီးမြှောက်မြှင့်တင်ပေးလျက်ရှိကြောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာရှင်များကို အရည်အချင်းပြည့်ဝသူများဖြစ်အောင် အခြေခံကအစ ဒီပလိုမာအဆင့်၊ ဘွဲ့ရအဆင့် တိုင်းရင်းဆေးပညာ မဟာဘွဲ့အဆင့်အထိ လေ့ကျင့်မွေးထုတ်ပေးနေကြောင်း၊ ယခုညီလာခံတွင် တိုင်းရင်းဆေးသမားတော်ကြီးများအနေဖြင့် မျိုးဆက်သစ် လူငယ်များအတွက် ပညာရပ်ဆိုင်ရာများ၊ အတွေ့အကြုံဗဟုသုတများ နှီးနှောဖလှယ်ပေးနိုင်ခြင်း၊ လက်ဆင့်ကမ်းအမွေပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်သည့်အတွက် မျိုးဆက်သစ်များကလည်း အနာဂတ် မြန်မာ့တိုင်းရင်းဆေးပညာရပ် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။

နိုင်ငံတော်အကြီးအကဲ၏ “ကျန်းမာမှပညာသင်ကြားနိုင်မည်၊ ကျန်းမာမှအလုပ်လုပ်နိုင်မည်၊ လူ့အသက်ထက်အရေးကြီးသည်မှာ ဘာမှမရှိ စသည့်လမ်းညွှန်ချက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာ့တိုင်းရင်းဆေးပညာရပ်ကလည်း အရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာကို ပြည်တွင်း၌သာမက အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ၏ တိုင်းရင်းဆေးဆိုင်ရာကဏ္ဍများနှင့် ရင်ပေါင်တန်းနိုင်သည်အထိ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း။

ထို့ကြောင့် မြန်မာ့တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ မြန်မာ့တိုင်းရင်းဆေးဝါးများ အန္တရာယ်ကင်းပြီးဘေးထွက်ဆိုးကျိုးမရှိဘဲ အရည်အသွေးပြည့်ဝကာ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည်အသွေးပိုမိုပြည့်ဝသည့် တိုင်းရင်းဆေးဆရာ လူ့စွမ်းအားအရင်းအမြစ်များ ထွက်ပေါ်လာစေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

မြန်မာ့တိုင်းရင်းဆေးပညာ မပျောက်ပျက်အောင်နှင့် ဆေးဝါးများကို သုတေသနပြုလုပ်ပြီး ပြည်သူလူထု ယုံကြည်စိတ်ချစွာသုံးစွဲနိုင်စေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အစိုးရကလည်း အလေးထားပံ့ပိုးအားပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းဆေးဆိုင်ရာစံချိန်၊ စံညွှန်းများ ပိုမိုတိုးတက်သတ်မှတ်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် ခေတ်မီစက်ကိရိယာနှင့် နည်းစနစ်များ၊ လိုအပ်သည့်လူအင်အား၊ ဖွံ့ဖြိုးမှုလိုအပ်သည့်ကဏ္ဍများ၊ တတ်မြောက်အောင် သင်ကြားလေ့ကျင့်ပေးခြင်းများကို နိုင်ငံတော်ကပံ့ပိုးဆောင်ရွက် ပေးလျက်ရှိပါကြောင်း။

တိုးတက်လျက်ရှိသည့် မြန်မာ့တိုင်းရင်းဆေးပညာနှင့် ပြည်သူ့အတွက် ဝန်ဆောင်မှုလုပ်ငန်းများကို စေတနာဖြင့်ဆောင်ရွက်သွားကြရန် အထူးမှာကြားလိုကြောင်း၊ မြန်မာတို့၏ ကိုယ်ပိုင်တိုင်းရင်းဆေးအရင်းအမြစ်များ၊ တန်ဖိုးထားမှုစံနှုန်းများ မှေးမှိန်ကျဆင်းမသွားအောင် ဆက်လက်ထိန်းသိမ်းမြှင့်တင်ကြရေးသည် မိမိတို့မျိုးဆက်သစ်များ၏ အမျိုးသားရေးတာဝန်နှင့် ဝတ္တရားပင်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများမှတ်တမ်း Video Clip နှင့် “ပြည်ထောင်စုရဲ့အင်အား တေးသီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်မှုကို ကြည့်ရှုကြသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ တိုင်းရင်းဆေးပညာဦးစီးဌာနပြခန်းနှင့် ခင်းကျင်းပြသထားသည့် ဆေးဝါးပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Posted on Dec 16, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Posted on Dec 15, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Dec 14, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Posted on Dec 13, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Dec 12, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Dec 11, 2025
HOT NEWS
January 4,