မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၄/၂၀၂၅)
Latest News - 89752 items

Ministry of Information / Posted on April 14, 2025
နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ နှစ်စဉ်ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ဒေသများရှိ ပြည်သူအများအပြား ထိခိုက်နစ်နာမှုများ ရှိခဲ့သဖြင့် ယခုနှစ်တွင် သင်္ကြန်အကြိုနေ့မှစတင်၍ မြန်မာ့ရိုးရာ သင်္ကြန်ကို အပျော်အပါး သီဆို ကခုန်မှုများမပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ နိုင်ငံတော်က အေးချမ်းသာယာသော သင်္ကြန်(အေးသင်္ကြန်)အဖြစ် ကျင်းပဆောင်ရွက်သည်။

Ministry of Information / Posted on April 14, 2025
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁)(သုဝဏ္ဏ)၌ ပဏာမလက်ရွေးစင် ဘိလိယက်အားကစားသမားများ စခန်းသွင်းလေ့ကျင့်ရန် လေ့ကျင့်ရေးခန်းမ ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် လေ့ကျင့်နေမှုများကို ယနေ့တွင် ကြည့်ရှုစစ်ဆေးသည်။

Ministry of Information / Posted on April 14, 2025
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၊ အရိုး ကုသဆောင်(၂)သို့ သွားရောက်၍ ငလျင်ဘေးသင့်လူနာများနှင့် ထိခိုက်ဒဏ်ရာရရှိသူ လူနာများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အားပေးစကားများ ပြောကြားကာ ခြေ၊ လက်၊ ကျောရိုး ထိခိုက်ဒဏ်ရာရရှိသူများအား လိုအပ်သော ချိုင်းထောက်များ၊ လေးချောင်းထောက်များ ထောက်ပံ့ပေးအပ်ပြီးဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများ နေရေးထိုင်ရေး အဆင်ပြေစေရန် လိုအပ်သည်များပံ့ပိုးစီစဉ် ဆောင်ရွက်ပေးသည်။

Ministry of Information / Posted on April 14, 2025
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစား ခဲ့ရသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား သက်ဆိုင်ရာဒေသအရောက် တွေ့ဆုံအားပေးခြင်း၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၂ ရက် နံနက်ပိုင်းတွင် မိတ္ထီလာခရိုင်နှင့်မြို့နယ်မှ အမှုထမ်း၊ အရာထမ်းများအား မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်သီးနှံခြံ၌ သွားရောက်တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။


Ministry of Information / Posted on April 14, 2025
အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ ယာယီရုံးဖွင့်လှစ်ထားရှိမှု အခြေအနေအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၄/၂၀၂၅)
Myanmar National Human Rights Commission/ Yangon / April 04, 2025
၁။ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်၊ သောကြာနေ့၊ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့် အချိန်တွင် မြန်မာနိုင်ငံအတွင်း လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်နှင့် ယင်း၏ နောက်ဆက်တွဲ ငလျင်များကြောင့် များစွာသော အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများ နှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှု၊ ပူဆွေးသောကရောက်မှုများ အတွက် ပြည်သူလူထု တစ်ရပ်လုံးနှင့် ထပ်တူ စိတ်ထိခိုက်ဝမ်းနည်း ကြေကွဲရပါသည်။
၂။ ငလျင်ဒဏ် ခံစားခဲ့ရသော ဒေသများတွင် တိုက်တာ အဆောက်အအုံများ၊ လူနေအိမ် များ၊ အစိုးရရုံးများ၊ တက္ကသိုလ်များ၊ စာသင်ကျောင်းများ၊ ဘုရားပုထိုးစေတီများ၊ ဘာသာရေး အဆောက်အအုံများ၊ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများနှင့် လမ်းတံတား၊ ရေတွင်း ရေကန်များ ပျက်စီးဆုံးရှုံးခဲ့ပါသည်။ အဆိုပါ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားချိန်မှ စတင်၍ နိုင်ငံတော်အစိုးရ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၊ ပြည်တွင်း ပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းအသင်းအဖွဲ့များနှင့် မိဘပြည်သူ များက အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်း၊ စေတနာရှင်၊ အလှူရှင်များက အလှူငွေများနှင့် ဆေးဝါးပစ္စည်းစသည်တို့ကို ရက်ရောစွာ ပေးအပ်လှူဒါန်းခြင်း၊ နိုင်ငံတကာမှ ကူညီကယ်ဆယ်ထောက်ပံ့ပေးခြင်းများသည် ထိခိုက်ခံစားရသူများအတွက် စိတ်ဓာတ်ခွန်အား နှင့် ဆက်လက်ရှင်သန်ရပ်တည်ရေးအတွက် အထောက်အပံ့ဖြစ်စေပါသည်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည်လည်း ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် လက်တွဲ ကာ ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီပံ့ပိုးရေးအတွက် တတ်နိုင်သည့် အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်လျက်ရှိပါသည်။
၃။ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအား စာနာ ထောက်ထားနားလည်သောအားဖြင့်လည်းကောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက်လည်း ကောင်း၊ တည်ငြိမ်အေးချမ်းမှုကို ရှေးရှုလျက် တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက် နေ့မှ ၂၂ ရက်နေ့အထိ ကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့ ခြင်းသည် ငလျင်ဒဏ်ခံစားရသည့် ဒေသများ၌ အရေးပေါ် လိုအပ်လျက်ရှိသည့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပံ့ပိုးကူညီရန် ပိုမိုလွယ်ကူချောမွေ့စေခြင်း၊ တရား ဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် လူ့အခွင့်အရေး အခန်းကဏ္ဍများကို အထောက် အကူဖြစ်စေခြင်းတို့ကြောင့် ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ထုတ်ပြန်ချက်အား ကော်မရှင်က ကြိုဆိုအပ်ပါသည်။
၄။ ပြင်းထန်ငလျင်ဒဏ်ကြောင့် ပြည်သူများ၏ အသက်အန္တရာယ်နှင့် လုံခြုံမှု ထိခိုက် ဆုံးရှုံးခြင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်း၊ အစားအစာ၊ အဝတ်အထည်၊ ဆေးဝါးပစ္စည်း၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် သန့်ရှင်းသောရေအပါအဝင် အခြေခံလိုအပ်ချက်များ လုံလောက်မှုမရှိခြင်း နှင့်အတူ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရခြင်း စသည့် လူ့အခွင့်အရေးနှင့် ဆက်နွှယ်သော စိန်ခေါ်မှုများ ဖြစ်ပေါ်စေပါသည်။ အဆိုပါ စိန်ခေါ်မှုများနှင့် ပတ်သက်၍ သက်ဆိုင်သူများ၊ အဖွဲ့အစည်းများနှင့် ပြည်သူများက လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးရာတွင် ထိခိုက်လွယ် အုပ်စုများဖြစ်သည့် ကလေးသူငယ် များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအပါအဝင် ငလျင်ဘေး ထိခိုက် ခံစားရသူများ အားလုံးကို ခွဲခြားဆက်ဆံမှု မရှိဘဲ သာတူညီမျှရှိစေရေး အလေးပေးဆောင်ရွက် ကြပါရန် လူ့အခွင့်အရေး ရှုထောင့်မှ တိုက်တွန်းပန်ကြားအပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ။ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက်
Download