လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်
Latest News - 85736 items
Ministry of Transport and Communications / Posted on January 09, 2025
နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်
Ministry of Information / Posted on January 09, 2025
ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅)
Ministry of Information / Posted on January 09, 2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်သည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ရခိုင်ပြည်နယ်မှ တွဲဖက်တာဝန်ချထားသည့် ဝန်ထမ်းများအား မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Ministry of Information / Posted on January 09, 2025
မြန်မာ - တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ဒုတိယဥက္ကဋ္ဌနှင့် မူဆယ်ရုံးခွဲဥက္ကဋ္ဌ ဦးရှင်ဖူးနှင့် အလုပ်အမှုဆောင်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲအစိုးရအဖွဲ့၏ ဖိတ်ကြားချက်အရ ဇန်နဝါရီ ၅ ရက်က တယ်ဟုန်ပြည်နယ်ခွဲ ရွှေလီမြို့၌ ကျင်းပခဲ့သည့် ရွှေလီ - မူဆယ် နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲသို့ တက်ရောက်အားပေးခဲ့သည်။
Ministry of Information / Posted on January 09, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Ministry of Information / Posted on January 09, 2025
အမျိုးသားအဆင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်
Ministry of Information/ Naypyitaw / January 07, 2025
၁။ မြန်မာနိုင်ငံအရပ်ရပ်တွင် နွေဦးရာသီနှင့် နွေရာသီကာလများတွင် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါသည်။ အဆိုပါရာသီဥတုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပါသည်။
၂။ လေပြင်းတိုက်ခတ်မှုများကြောင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နေအိမ် (၁၄,၀၀၀) ကျော်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နေအိမ် (၂၀,၀၀ဝ) ကျော်၊ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ် (၂၀၂၄ခုနှစ်၊ ဧပြီလမှ နိုဝင်ဘာလအထိ) နေအိမ် (၇,၉၀၀) ကျော် ထိခိုက်ပျက်စီးခဲ့သည့်အပြင် လူသေဆုံး၊ ထိခိုက်၊ ဒဏ်ရာရမှုများလည်း ဖြစ်ပေါ်ခဲ့ပါသည်။
၃။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လေပြင်းတိုက်ခတ်မှုများကြောင့် ရပ်ရွာလူထု၏နေအိမ်များ ထိခိုက်ပျက်စီးမှုလျော့နည်းသက်သာစေရန်အတွက် လေပြင်းဒဏ်ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းကို ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၁၆ - ၂၀၁၇ဘဏ္ဍာရေးနှစ်မှ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နေအိမ်ပေါင်း (၇၅,၀၀၀) ကျော် ပြင်ဆင်ပေးနိုင်ခဲ့ပြီး နှစ်စဉ်လေပြင်းဘေးကျရောက်နိုင်သော ဆောင်းအကုန် နွေအကူးကာလမှစ၍ မုတ်သုံမတိုင်မီကာလတွင် နေအိမ်များ လေပြင်းဒဏ်ခံနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် လေပြင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။
၄။ ပြည်သူများအနေဖြင့်လည်း အောက်ပါကြိုတင်ပြင်ဆင်မှုများကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
(က) မိမိအိမ်၏ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးပြီး တောင့်တင်းခိုင်မာအောင် ပြုလုပ်ထားပါ။
(ခ) လေပြင်းဒဏ်ခံနိုင်စေရေးအတွက် အိမ်နံရံများတွင် လေဒဏ်ခံနိုင်ရန် ချုပ်တန်းများနှင့် လိုအပ်သည့်နေရာများတွင် ထောက်တန်းများ/ ဒေါက်တိုင်များ ထပ်မံအားဖြည့်တပ်ဆင်ပါ။
(ဂ) သွပ်အမိုးဖြစ်ပါက အစွန်ကျသောနေရာများတွင် သွပ်သံစိပ်စိပ်ရိုက်ပါ။ ဓနိ/ သက်ကယ်အမိုးဖြစ်ပါက ဝါးရာဇမတ်ကွက် ကြက်နင်းဖြင့် ခိုင်ခံ့စွာအုပ်ပါ။ သွပ်နန်းကြိုးဖြင့် ခိုင်မြဲစွာ ချည်နှောင်ပါ။
(ဃ) အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်/ သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းထားပါ။
၅။ လေပြင်းတိုက်ခတ်နေစဉ်တွင် အောက်ပါတို့ကို သတိပြုလိုက်နာကြရန် လိုအပ်ပါသည်-
(က) လေပြင်းတိုက်ခတ်ချိန်တွင် အမှိုက်များနှင့် ပစ္စည်းများ လေနှင့်အတူ လွင့်ပါကာ အန္တရာယ်ဖြစ်စေနိုင်သောကြောင့် မလိုအပ်ဘဲ အပြင်သို့ မထွက်ပါနှင့်။
(ခ) တံခါးများနှင့် ပြတင်းပေါက်များကို မြဲမြံစွာပိတ်ထားပါ။ မှန်ပြတင်းများအား တိတ်ပြားကြီးများဖြင့် ကန့်လန့်ဖြတ်ကပ်ထားပါ။ မှန်ပြတင်းပေါက်များနှင့် ဝေးရာတွင် နေထိုင်ပါ။
(ဂ) လေတိုက်ခတ်မှု အလွန်ပြင်းထန်ပါက ခိုင်ခံ့သော စားပွဲ (သို့မဟုတ်) ခိုင်ခံ့သော အရာဝတ္ထုတစ်ခုခုအောက်တွင် အကာအကွယ်ယူနေပါ။
(ဃ) လျှပ်စစ်နှင့်ဆိုင်သော ပစ္စည်းများကိုလည်း ခလုတ်ပိတ်၍ ပလပ်ဖြုတ်ထားပါ။
၆။ လေပြင်းတိုက်ခတ်ပြီးနောက် အောက်ပါတို့ကို သတိပြုဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
(က) ကူညီကယ်ဆယ်ရေးနှင့် အပျက်အစီးများ ရှင်းလင်းခြင်းလုပ်ငန်းများတွင် တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပါ။
(ခ) ကျိုးကျ၊ ယိုင်လဲ၊ ပြိုပျက်နေသော ဓာတ်တိုင်များ၊ ဓာတ်ကြိုးများ၊ သစ်ပင်များ၊ သစ်ကိုင်းများ၊ အဆောက်အအုံများနှင့် ဝေးရာတွင်နေပါ။
(ဂ) ထိခိုက်ဒဏ်ရာရရှိပါက နီးစပ်ရာကျန်းမာရေးဌာနများ၌ လိုအပ်သည့် ကုသမှုခံယူပါ။
(ဃ) ကာကွယ်စောင့်ရှောက်ပေးရန်လိုအပ်သော ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် သားသည်မိခင်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများစသည့် အကူအညီလိုအပ်သူများကို တတ်စွမ်းသရွေ့ပေါင်းစပ်ကူညီပေးပါ။
၇။ သဘာ၀ဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အသိပေးကြေညာအပ်ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန