ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဦးကျော်တင်တို့ (၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ပြီးနောက် ပြန်လည်ရောက်ရှိ


/ Nay Pyi Taw / October 10, 2019


(၁၀-၁၀-၂၀၁၉ ရက်၊ နေပြည်တော်)

(၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် နယူးယောက်မြို့တွင် ကျင်းပသော (၇၄)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မူဝါဒရေးရာဆွေးနွေးပွဲသို့ တက်ရောက်၍၊ မြန်မာနိုင်ငံအစိုးရ၏ အထူးကိုယ်စားလှယ်အဖြစ် ကျူးဘားနိုင်ငံသို့ တရားဝင်ခရီးသွားရောက်ခဲ့ပြီးနောက် အောက်တိုဘာလ ၉ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

(၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ စက်တင်ဘာလ ၂၄ ရက်မှ ၃၀ ရက်အထိ အဆင့်မြင့် ရက်သတ္တပတ်ကာလအတွင်း ကျင်းပသည့် အထွေထွေမူဝါဒရေးရာမိန့်ခွန်း ပြောကြားသည့် အစီအစဉ်၌ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် စက်တင်ဘာလ ၂၈ ရက်တွင် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါသည်။

နယူးယောက်မြို့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်နေစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ဗီယက်နမ်နိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Pham Binh Minh ၊ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာ ဒုတိယဝန်ကြီး Mr. David Hale ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ Mr. Peter Maurer နှင့် Universal Peace Federation ဥက္ကဋ္ဌ Mr. Thomas G. Walsh တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် စက်တင်ဘာလ ၂၃ ရက်တွင် ကုလသမဂ္ဂ ဌာနချုပ်၌ ကျင်းပသည့် မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ်နိုင်ငံများအကြား သုံးပွင့်ဆိုင် အလွတ်သဘောဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dr. A. K. Abdul Momen ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener တို့ တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက နေရပ်စွန့်ခွာသူများကိစ္စရပ်ကို ဖြေရှင်းရေးအတွက် တစ်ခုတည်းသော နည်းလမ်းမှာ နှစ်နိုင်ငံအကြား ခင်မင်ရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးခြင်းသာဖြစ်ပြီး၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသော သဘောတူညီချက်များနှင့်အညီ မြန်မာနိုင်ငံအနေဖြင့် ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် အဆင်သင့်ဖြစ်နေမှုတို့ကို ထပ်လောင်းပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲအတွင်း ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံလုံးမှ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး၊ ရခိုင်ပြည်နယ်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းမှု မြှင့်တင်ရေး အပါအဝင် ညှိနှိုင်းဆွေးနွေးခြင်းများဖြင့် ပြဿနာကို ဖြေရှင်းသွားကြရန် သဘောတူညီခဲ့ကြပါသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာလ ၂၄ ရက်တွင် အထွေထွေညီလာခံသို့ တက်ရောက်ကြသော ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များအား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်မှ တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲနှင့် အမေရိကန်သမ္မတမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲတို့သို့ လည်းကောင်း၊ စက်တင်ဘာလ ၃၀ ရက်တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်မှ တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ လည်းကောင်း တက်ရောက်ခဲ့ပါသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် (၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲသို့ တက်ရောက်ပြီးနောက် မြန်မာနိုင်ငံအစိုးရ၏ အထူးကိုယ်စားလှယ်အဖြစ် ကျူးဘားနိုင်ငံ ဟာဗားနားမြို့သို့ အောက်တိုဘာလ ၂ ရက်မှ ၅ ရက်အထိ ဆက်လက်သွားရောက်ခဲ့ပါသည်။

ကျူးဘားနိုင်ငံခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ကျူးဘားနိုင်ငံ၊ ဒုတိယသမ္မတ Mr. Roberto Morakes Ojeda ၊ ကျူးဘားနိုင်ငံ၊ ပြည်သူ့ကျန်းမာရေးဝန်ကြီး Mr. Jose Angel Portal Miranda နှင့် ကျူးဘား နိုင်ငံခြားရေးဝန်ကြီး Mr. Bruno Eduardo Rodriguez Parrilla တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ပါသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာလ ၄ ရက် ညနေပိုင်းတွင် ကျင်းပသည့် ဟာဗားနားမြို့၊ မြန်မာသံရုံး ဖွင့်လှစ်သည့် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၅ ရက်တွင် ဟာဗားနားမြို့ရှိ Jose Marti အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကာ ယင်းနေ့ ညနေပိုင်းတွင် နယူးယောက်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

(၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် အဆင့်မြင့် ရက်သတ္တပတ်ကာလအတွင်း ကျင်းပခဲ့သည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်နိုင်ငံရေးဖိုရမ်၊ Global Call to Protect Religious Freedom Side event ၊ 70 years of the Geneva Conventions Side Event ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာချုပ် (CRC) ၏ နှစ် (၃၀) ပြည့် အခမ်းအနား၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (NAM) ၏ ဝန်ကြီးအဆင့် အစည်းအဝေး၊ (၄၃) ကြိမ်မြောက် G-77 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေး (IAMM) ၊ (၆) ကြိမ်မြောက် အာဆီယံ-ပစိဖိတ် မဟာမိတ်ဝန်ကြီးများအဆင့် အစည်းအဝေး၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ အထွေထွေညီလာခံ သဘာပတိတို့အကြား အစည်းအဝေး (AUMM) တို့ကို တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Hon Marise Payne ၊ ဒိန်းမတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Mr. Rasmus Prehn ၊ နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Ms. Eriksen Søreide ၊ ဗင်နီဇွဲလား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Ruben Dario Molina ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba နှင့် ပဋိပက္ခအတွင်း အမျိုးသမီးအကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Pramila Patten ၊ ဥရောပသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Eamon Gilmore နှင့် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ဥက္ကဋ္ဌ Mr. Borge Brende တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာလ ၂၆ ရက်တွင် နော်ဝေ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ်အတွင်း မြန်မာ-နော်ဝေ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်း ဆောင်ရွက်ရေးနှင့် နိုင်ငံရေးညှိနှိုင်းဆွေးနွေးပွဲများ တည်ထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာလ ၂၄ ရက်တွင် ဥရောပသမဂ္ဂမှ တည်ခင်းသည့် ဧည့်ခံပွဲနှင့် ၂၅ ရက်တွင် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်အာဏာပိုင်အဖွဲ့ အတွင်းရေးမှူးချုပ်မှ တည်ခင်းသည့် နေ့လယ်စာစားပွဲတို့သို့ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာလ ၂၇ ရက်တွင် ကျင်းပခဲ့သည့် ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများ ချုပ်ဆိုပွဲအခမ်းအနား (Treaty Event 2019) သို့ တက်ရောက်ခဲ့ပြီး၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့် စပ်လျဉ်း၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာချုပ် (CRC-OPAC) သို့ မြန်မာနိုင်ငံမှ အတည်ပြုပါဝင်ရေးစာချွန်လွှာ (Instrument of Ratification) ကို စာချုပ်ထိန်းသိမ်းသူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံသို့ ကုလသမဂ္ဂ ဥပဒေရေးရာဌာန အကြီးအကဲမှ တစ်ဆင့် ပေးအပ်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာလ ၃၀ ရက်တွင် ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်၏ တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားခဲ့ပြီး၊ အောက်တိုဘာလ ၃ ရက်တွင် Asia Society Policy Institute မှ Managing Director ဖြစ်သူ Ms. Debra Eisenman အား လက်ခံတွေ့ဆုံကာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အခြေအနေနှင့် မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး အခြေအနေတို့အပေါ် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။