မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ တိုင်တန်းစာများ၊ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ ရဲစခန်းအချုပ်ခန်းများနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများ ကြည့်ရှုစစ်ဆေးမှုနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက် အမှတ်စဉ် ( ၈ / ၂၀၂၄)


Myanmar National Human Rights Commission/ Yangon / July 24, 2024


၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ အဓိက လုပ်ငန်းတာဝန်များဖြစ်သော လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ကော်မရှင်ဥပဒေ အခန်း (၅) ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအရ ဆောင်ရွက်လျက်ရှိပါသည်။

၂။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (ဂ) အရ လူ့အခွင့်အရေးဖောက်ဖျက်ကြောင်း တိုင်တန်းချက် သို့မဟုတ် စွပ်စွဲချက်နှင့် စပ်လျဉ်း၍ စိစစ်ပြီး စုံစမ်းစစ်ဆေးခြင်းကို လည်းကောင်း၊ ကော်မရှင် ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (ဃ) အရ တိုင်တန်းချက်၊ စွပ်စွဲချက်နှင့် သတင်းအရ လူ့အခွင့်အရေး ‌ဖောက်ဖျက်မှုဖြစ်ပွားကြောင်း သိရှိရသည့်နေရာသို့ သွားရောက် စစ်ဆေးခြင်းကိုလည်းကောင်း၊ ကော်မရှင် ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (င) အရ လူ့အခွင့်အရေး ဖောက်ဖျက်မှုဖြစ်ပွားသည့် နေရာသို့ သွားရောက်စစ်ဆေးခြင်းနှင့် အကျဉ်း ထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းနှင့် အစိုးရ သို့မဟုတ် ပုဂ္ဂလိက ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းများ၊ ဌာနများသို့ အကြောင်းကြား၍ သွားရောက်စစ်ဆေးခြင်းကို လည်းကောင်း‌ တာဝန်နှင့် လုပ်ပိုင်ခွင့်အရ နှစ်စဉ် လျာထားချက်များရေးဆွဲ၍ ‌‌ဆောင်ရွက်လျက်ရှိပါသည်။

၃။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ ပေးပို့လာသည့် တိုင်တန်းချက် ၁၃၅ စောင် လက်ခံရရှိခဲ့ရာ အဆိုပါ တိုင်တန်းချက်များကို စုံစမ်းစစ်ဆေးရေးအဖွဲ့မှ အစည်းအဝေး (၂၅) ကြိမ် ကျင်းပ၍ စိစစ်ဆောင်ရွက်ခဲ့ပါသည်။ တိုင်တန်း ချက်များအနက် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများသို့ စိစစ်ဆောင်ရွက်နိုင်ရန် အကြောင်း ကြားခြင်း ၃၁ မှု၊ တိုင်တန်းသူထံ အကြံပြုပြန်ကြားခြင်း ၁၈ မှုတို့ ဆောင်ရွက်ပေးခဲ့ပြီး မှတ်တမ်းထား ရှိခြင်း ၈၅ မှုနှင့် ကာယကံရှင်၏ သ‌ဘောဆန္ဒအရ အမှုပိတ်သိမ်းခြင်း ၁ မှုတို့ ပါဝင်ပါသည်။

၄။ မှတ်တမ်းထားရှိသည့် တိုင်တန်းချက် ၈၅ စောင်သည် ကော်မရှင်ဥပဒေအရ တရားရုံးတစ်ခုခု ၏ ရှေ့မှောက်၌ စစ်ဆေးကြားနာဆဲ အမှုများ၊ တရားရုံးတစ်ခုခု၏ စီရင်ဆုံးဖြတ်ချက်အပေါ် အယူခံမှု သို့မဟုတ် ပြင်ဆင်မှုဝင်ရောက်ဆဲအမှုများ၊ တရားရုံးတစ်ခုခုက အပြီးသတ်စီရင်ဆုံးဖြတ်ပြီးသော အမှုများ၊ တိုင်တန်းချက်အင်္ဂါရပ်နှင့်မညီညွတ်သော အမှုများနှင့် ကော်မရှင်လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ပြီးသော တိုင်တန်းချက်များဖြစ်သဖြင့် မှတ်တမ်းအနေဖြင့် စနစ်တကျ ထိန်းသိမ်း ထားရှိခြင်း ဖြစ်ပါသည်။

၅။ တိုင်တန်းချက်များနှင့်စပ်လျဉ်း၍ လိုအပ်သကဲ့သို့ စိစစ်ဆောင်ရွက်ပေးနိုင်‌ရေး သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသို့ ပေးပို့ခဲ့ရာ လက်ခံရရှိခဲ့သော ပြန်ကြားချက်များကို တိုင်တန်းသူ ကာယကံရှင်များထံသို့ ကော်မရှင်မှ ပေးပို့ပြန်ကြားပေးခဲ့ပါသည်။ ကော်မရှင်၏ ရုံးခွဲ များဖြစ်သော နေပြည်တော် (ရုံးခွဲ)၊ မန္တလေး (ရုံးခွဲ)၊ စစ်တွေ (ရုံးခွဲ)နှင့် ပုသိမ် (ရုံးခွဲ) များမှလည်း တိုင်တန်းချက်များကို လက်ခံ‌ပေးလျက်ရှိပါသည်။

၆။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃ အရ အကျဉ်းကျနေသူများ၊ အချုပ်အနှောင်ခံရနေသူများ သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်ထားခြင်းခံရ သူများကို လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ညီ/မညီ ပြည်တွင်းဥပဒေများနှင့်အညီ လူသားချင်း စာနာထောက်ထားမှုဖြင့် စောင့်ရှောက်ထားခြင်း ရှိ မရှိ တို့ကို သွားရောက် ကြည့်ရှုစစ်ဆေးလျက်ရှိပါသည်။

၇။ ကော်မရှင်စစ်ဆေးရေးအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ အကျဉ်းထောင် ၅ ခု၊ အချုပ်ထောင် ၂ ခု၊ အကျဉ်းစခန်း ၇ ခု၊ ရဲစခန်းအချုပ်ခန်း ၁၂ ခု၊ တရားရုံး အချုပ်ခန်း ၁၃ ခု၊ လူငယ်သင်တန်းကျောင်း ၃ ခုနှင့် ဘိုးဘွားရိပ်သာ ၁၀ ခုတို့ကို ကော်မရှင်ဥပဒေနှင့်အညီ ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

၈။ ကော်မရှင်သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ အကျဉ်းထောင်၊ အကျဉ်းစခန်းနှင့် ရဲစခန်းအချုပ်ခန်းတို့ ကြည့်ရှုစစ်ဆေးချိန်အတွင်း အကျဉ်းသား၊ အချုပ်သားတို့ကို တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၄၁ အရ “ကုလသမဂ္ဂ ပြဋ္ဌာန်းထားသည့် အကျဉ်းသားများအပေါ် ပြုမူဆက်ဆံမှုနှင့် စပ်လျဉ်းသော အနိမ့်ဆုံးစံနှုန်းများနှင့် ညီ မညီ”၊ အကျဉ်းသား၊ အချုပ်သား အိပ်ဆောင်များ၊ အကျဉ်းသား၊ အချုပ်သားတစ်ဦးချင်းအတွက် ရရှိသင့်သည့် အသုံးအဆောင်များရရှိမှု အခြေအနေ၊ နေထိုင် စားသောက်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ သောက်သုံးရေ ရရှိမှု အခြေအနေ စသည်တို့ကို မေးမြန်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့ပြင် အကျဉ်းသား၊ အချုပ်သားများကို ယင်းတို့၏ အိပ်ဆောင် များတွင် တွေ့ဆုံကာ ညှဉ်းပန်းနှိပ်စက်ခံရမှု ရှိ မရှိ၊ ထောင်ဝင်စာ ပစ္စည်းများ ပြည့်စုံစွာ ရရှိခြင်း ရှိ မရှိတို့ကို မေးမြန်းမှတ်တမ်းတင်ခြင်းတို့ ဆောင်ရွက်ခဲ့သကဲ့သို့ တစ်ဦးချင်း လွတ်လပ်စွာ တွေ့ဆုံ တင်ပြလိုသော အကျဉ်းသား၊ အချုပ်သား စုစုပေါင်း (၃၃) ဦးတို့ကိုလည်း ကြည့်ရှုစစ်ဆေးရေးအဖွဲ့မှ မေးမြန်းမှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

၉။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် တိုင်တန်းစာများအပေါ် စိစစ် ဆောင်ရွက်ခြင်းနှင့် အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းနှင့် ထိန်းသိမ်း‌စောင့်ရှောက်‌ရေး စခန်းများကို ကြည့်ရှုစစ်ဆေးခြင်းများ ‌‌ဆောင်ရွက်ရာတွင် လူ့အခွင့်အရေး ဖောက်ဖျက်မှုများကို အလေးထား စိစစ်ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာနသို့ အကြံပြုချက် ပေးပို့ ဆောင်ရွက်လျက်ရှိရာတွင် တိုင်ကြားသူများကို လက်တုံ့ပြန်မှု မခံရစေရေး အလေးထားဆောင်ရွက် ပါသည်။

၁၀။ နိုင်ငံသားတစ်ဦးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ဖောက်ဖျက်ခံရခြင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ အခွင့်အရေးများ ဖောက်ဖျက်ခံရခြင်း၊ နိုင်ငံတော်က ပါဝင်ချုပ်ဆိုထားသည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ်များတွင် ပါရှိသည့် လူ့အခွင့်အရေးများကို ဖောက်ဖျက်ခြင်းခံရပါက ကိုယ်တိုင်အတွက်သော် လည်းကောင်း၊ အခြားသူတစ်ဦးအတွက်သော်လည်းကောင်း၊ လူတစ်စုကို ကိုယ်စားပြု၍သော် လည်းကောင်း၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ အမှတ် (၂၇)၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ သို့ လိပ်မူ၍ မှတ်ပုံတင်စာဖြင့် ဖြစ်စေ၊ ကော်မရှင်ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖက်စ်-၀၁-၆၅၄၆၇၈၊ ကော်မရှင် website ဖြစ်သော https://mnhrc.org.mm မှတစ်ဆင့်ဖြစ်စေ တိုင်ကြားနိုင်ပါသည်။ တိုင်တန်းချက်ပေးပို့ရာတွင် နိုင်ငံသားစိစစ်ရေးကတ်မိတ္တူကို မဖြစ်မနေ ပူးတွဲပါရှိရန် လိုအပ်ပါသည်။

၁၁။ တိုင်တန်းချက်များကို စိစစ်ပြီး သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်နိုင်ခဲ့မှုများကြောင့် လူ့အခွင့်အရေး ဖောက်ဖျက်ခံရမှုများနှင့် နစ်နာမှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် လူ့အခွင့်အရေး ဖောက်ဖျက်ခြင်းများ ခံစားကြုံတွေ့ရပါက ကူညီ ဆောင်ရွက်ပေးနိုင်ရေး ကော်မရှင်သို့ တိုင်တန်းစာများ ပေးပို့နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

Download