မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၂/ ၂၀၂၅)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၂/ ၂၀၂၅)
Myanmar National Human Rights Commission/ Yangon / October 01, 2025
၁။ ယနေ့ကမ္ဘာကြီးတွင် သက်ကြီးပုဂ္ဂိုလ် အရေအတွက်သည် နေ့စဉ်နှင့်အမျှ ပိုမိုများပြား လာသည့်အတွက် ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အစိုးရများက သတိပြုလာကြပါသည်။ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းတွင်လည်း သက်ကြီးပုဂ္ဂိုလ်များအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် လိုအပ်သည့် လူမှုအထောက်အပံ့များအပါအဝင် ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုံလောက်သော လူနေမှုအဆင့်အတန်းကို ရပိုင်ခွင့်ရှိ သည့်အပြင် အသက်မွေးဝမ်းကျောင်း မပြုနိုင်ခြင်းတို့ ဖြစ်ပေါ်ခဲ့လျှင် ဘဝလုံခြုံမှု ရပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားပါသည်။
၂။ ထို့ပြင် သက်ကြီးပုဂ္ဂိုလ်များ၏ အခွင့်အရေးကို ကာကွယ်ပေးနိုင်ရန်အလို့ငှာ ၁၉၉၁ ကုလသမဂ္ဂသက်ကြီးပုဂ္ဂိုလ်များဆိုင်ရာအခြေခံမူများအပါအဝင် သက်ကြီးပုဂ္ဂိုလ်များဆိုင်ရာ အပြည်ပြည်ဆိုင်ရာ လုပ်ငန်းစီမံချက်များနှင့် ဒေသတွင်းကြေညာစာတမ်းများတွင်လည်း သက်ကြီးပုဂ္ဂိုလ်များအား ခွဲခြားဆက်ဆံခံရမှု မရှိစေဘဲ ၎င်းတို့၏ ဂုဏ်သိက္ခာ၊ တန်းတူညီမျှမှု၊ ကျန်းမာရေး၊ လူမှုအာမခံ၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်၊ မိသားစုအခြေပြုစောင့်ရှောက်မှု စသည့် အခွင့်အရေးများကို ဖော်ပြထားပါသည်။
၃။ သက်ကြီးပုဂ္ဂိုလ်များ၏ အခွင့်အရေးများကို မြှင့်တင်ရန် ကုလသမဂ္ဂအထွေထွေ ညီလာခံသည် နှစ်စဉ် အောက်တိုဘာလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ် များနေ့အဖြစ် ၁၉၉၀ ပြည့်နှစ်တွင် စတင်သတ်မှတ်ခဲ့ပြီး နှစ်စဉ်ဦးတည်ချက် ဆောင်ပုဒ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “Older Persons Driving Local and Global Action: Our Aspirations, Our Well-Being and Our Rights” (ဘဝချမ်းသာ အခွင့်အရေးများ ရရှိရေး သက်ကြီးသူများ ဦးဆောင်ပါဝင်ပေး) ဖြစ်ပါသည်။
၄။ မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၂၊ ပုဒ်မခွဲ (က) တွင် နိုင်ငံတော်သည် အိုမင်းမစွမ်းသူများကို ကြည့်ရှုစောင့်ရှောက်ရန် ပြဋ္ဌာန်းထားပြီး၊ ၂၀၁၆ ခုနှစ် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ၌ လည်း အသက် ၆၀ နှစ်နှင့်အထက် မြန်မာနိုင်ငံသားအားလုံးကို အထူးစောင့်ရှောက်မှုများ ရရှိ စေရန်၊ သဘာဝဘေးအန္တရာယ်များနှင့် ကပ်ရောဂါများ ဖြစ်ပွားချိန်၌ သက်ကြီးပုဂ္ဂိုလ်များ အတွက် အထူးအလေးထားဆောင်ရွက်ရန် စသည်တို့ကို ပြဋ္ဌာန်းထားပါသည်။
၅။ နိုင်ငံတော်သည် သက်ကြီးပုဂ္ဂိုလ်များအား ကျန်းမာရေး စောင့်ရှောက်မှု၊ လူမှုဖူလုံရေး ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကလည်း သက်ကြီးပုဂ္ဂိုလ်များ၏ အခွင့်အရေးများကို မြှင့်တင်ကာကွယ်စောင့်ရှောက်နိုင်ရေး အတွက် သင်ခန်းစာများ ပို့ချလျက်ရှိပြီး၊ ကော်မရှင် ဥပဒေ ပုဒ်မ ၄၃ နှင့် ၄၄ တို့အရ ဘိုးဘွား ရိပ်သာများ၊ သက်ကြီးပုဂ္ဂိုလ်နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာများသို့ သွားရောက်ပြီး ၎င်းတို့ အား လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းဥပဒေများနှင့်အညီ လူသားချင်းစာနာထောက်ထားမှုဖြင့် စောင့်ရှောက်ထားခြင်း ရှိ မရှိတို့ကို ကြည့်ရှုစစ်ဆေးကာ သက်ဆိုင်ရာဌာနများသို့ အကြံပြုချက်များ ပေးပို့လျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်အတွင်း ဘိုးဘွား ရိပ်သာ (၈) ခုနှင့် သက်ကြီးပုဂ္ဂိုလ်နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (၁) ခုတို့ကို သွားရောက် ကြည့်ရှုခဲ့ပါသည်။
၆။ သက်ကြီးပုဂ္ဂိုလ်များသည် ၎င်းတို့၏ တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံ၊ အတတ် ပညာ၊ အသိပညာ စွမ်းဆောင်ရည်များဖြင့် မျိုးဆက်သစ်များအတွက် လူမှုစီးပွားဘဝ တည်ဆောက်ရေးကဏ္ဍစုံတွင် ဦးဆောင်ပါဝင်ကြရန်နှင့် သက်ဆိုင်သူများ အားလုံးက သက်ကြီးပုဂ္ဂိုလ်များ၏ အခွင့်အရေးများကို လေးစားကာကွယ်စောင့်ရှောက်ပေးနိုင်ကြပါရန် တိုက်တွန်းလျက် ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်