မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၈ /၂၀၂၅)


Myanmar National Human Rights Commission/ Yangon / July 27, 2025


၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၃၆၆ ပုဒ်မခွဲ (က)၊ ၁၉၉၁ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပါဝင်ချုပ်ဆို ထားခဲ့သော ကုလသမဂ္ဂ၏ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၂၈၊ ၂၉၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉ ခုနှစ်) ပုဒ်မ ၄၆၊ ၄၇ နှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၆ တို့တွင် ပညာသင်ယူခွင့်နှင့် စပ်လျဉ်း၍ ပြဋ္ဌာန်းထားရှိပါသည်။

၂။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင် ဥပဒေ ပုဒ်မ ၄၃၊ ၄၄ တို့အရ အကျဉ်းထောင်၊ အကျဉ်းစခန်းနှင့် လူငယ်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း၊ လူငယ်သင်တန်းကျောင်းတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား၊ အကျဉ်းသူများ၊ လူငယ်သင်တန်းကျောင်းများမှ ကလေးသူငယ်များ၏ ပညာသင်ယူခွင့် အခွင့်အ‌ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေသည်ကို တွေ့ရှိရပါသည်။ ကြည့်ရှုစစ်ဆေးစဉ် တက္ကသိုလ်ဝင်တန်းပညာရေး ဆက်လက်သင်ယူလိုသည့် အကျဉ်းသား၊ အကျဉ်းသူများရှိပါက သက်ဆိုင်ရာဌာနမှ စီစဉ်ဆောင်ရွက် ပေးနိုင်ရန် ကော်မရှင် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ အကြံပြု တိုက်တွန်းလျက်ရှိပါသည်။

၃။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနက် အကျဉ်းဦးစီးဌာနအောက်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၁၀ ဦးနှင့် မန္တလေးဗဟို အကျဉ်းထောင်မှ အကျဉ်းသား ၆ ဦး၊ စုစုပေါင်း အကျဥ်းသား ၁၆ ဦး အောင်မြင်ခဲ့ပါသည်။ အောင်မြင်သူများတွင် ၃ ဘာသာ ဂုဏ်ထူးရှင် ၆ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၄ ဦးနှင့် ၁ ဘာသာ ဂုဏ်ထူးရှင် ၄ ဦး ပါဝင်ပါသည်။ လူမှုဝန်ထမ်းဦးစီးဌာန အောက်ရှိ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ ၁ ဦး၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းမှ ၁ ဦး၊ အမျိုးသမီးကလေးများ သင်တန်းကျောင်း မန္တလေးမှ ၁ ဦး၊ လားရှိုးလူငယ်သင်တန်းကျောင်းမှ ၁ ဦး၊ လပွတ္တာ လူငယ့်အားမာန် သင်တန်း ကျောင်းမှ ၁ ဦး၊ စုစုပေါင်း သင်တန်းသား ၅ ဦးလည်း ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရှိရပါသည်။

၄။ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သူ အကျဥ်းထောင်များရှိ အကျဉ်းသား၊ အကျဉ်းသူများ၊ လူငယ်သင်တန်းကျောင်းများရှိ ကလေးသူငယ်များ၏ တက္ကသိုလ်ဝင်တန်း‌ အောင်မြင်မှုအပေါ် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ဝမ်းမြောက်ပါကြောင်းနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ အကျဉ်းသား၊ အကျဉ်းသူများနှင့် သင်တန်းသားများ၏ ပညာသင်ယူခွင့် အခွင့်အရေး ဆက်လက်ရရှိနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဟု ယုံကြည်ပါကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

Download