အီလက်ထရောနစ်နည်းပညာကို အသုံးပြု၍ Digital Platform ဖြစ်သော Mobile Application နှင့် Website များတွင် E-Book ထုတ်ဝေစာများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ အသိပေးကြေညာချက်
အီလက်ထရောနစ်နည်းပညာကို အသုံးပြု၍ Digital Platform ဖြစ်သော Mobile Application နှင့် Website များတွင် E-Book ထုတ်ဝေစာများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ အသိပေးကြေညာချက်
Ministry of Information/ Naypyitaw / November 17, 2023

၁။ ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေတွင် ထုတ်ဝေစာဆိုသည်မှာ လက်ရေးစာ၊ ပုံနှိပ်စာ၊ အီလက်ထရောနစ်နှင့် အခြားနည်းပညာတစ်ရပ်ရပ်ဖြင့် ဖန်တီး၍ ထုတ်ဝေလိုက်သည့် စာတို့ အပြင် ယင်းတို့နှင့် အမျိုးအစားတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ထင်ရှားမြင်သာသော ပုံသဏ္ဌာန် ရှိသည့်အရာ သို့မဟုတ် ပုံအားဖြင့်သော်လည်းကောင်း၊ သဏ္ဌာန်အားဖြင့်သော်လည်းကောင်း၊ အခြား နည်းလမ်းအားဖြင့်သော်လည်းကောင်း စကားလုံးများကိုဖြစ်စေ၊ အတွေးအခေါ်များကိုဖြစ်စေ သိရှိစေနိုင် သည့်အရာများနှင့် သတင်းစာ၊ စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာအုပ်များကိုဆိုသည်ဟု လည်းကောင်း၊ ယင်းဥပဒေပုဒ်မ ၁၅ တွင် မည်သူမျှ သက်ဆိုင်ရာ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်မရှိဘဲ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း သို့မဟုတ် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရဟု လည်းကောင်း ပြဋ္ဌာန်းထားရှိ ပါသည်။
၂။ ယခုအခါ အီလက်ထရောနစ်နည်းပညာကိုအသုံးပြု၍ Digital Platform ဖြစ်သော Mobile Application နှင့် Website များတည်ထောင်၍ E-Book ထုတ်ဝေစာများအား ထုတ်ဝေဖြန့်ချိလျက်ရှိ သည်ကို တွေ့ရှိရပြီး ၎င်း E-Book ထုတ်ဝေစာများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပါ ထုတ်ဝေစာအဓိပ္ပာယ် ဖွင့်ဆိုချက်တွင် အကျုံးဝင်ပါသဖြင့် သက်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။
၃။ သို့ဖြစ်၍ Digital Platform အသုံးပြုကာ Application နှင့် Website များတည်ထောင်၍ E-Book များ ထုတ်ဝေဖြန့်ချိဆောင်ရွက်နေသူများအနေဖြင့် ဥပဒေပုဒ်မ ၁၅ နှင့်အညီ လုပ်ငန်း အသိအမှတ်ပြု လက်မှတ်ရယူဆောင်ရွက်ရန်၊ မိမိတို့၏ထုတ်ဝေစာများသည် ပုဒ်မ ၈ ပါစည်းကမ်းချက်များနှင့်အညီ ရေးသားထုတ်ဝေဆောင်ရွက်ရန်နှင့် နည်းဥပဒေ ၁၅(ခ)နှင့်အညီ E-Book Soft Copy (၅)အုပ်/ (၅)စောင် ကို မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲသို့ ပေးအပ်ရန် လိုအပ်ပါကြောင်းနှင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန