​​​​​​​အမေရိကန် နိုင်ငံခြားရေးဝန်ကြီးမှ ဟိုလိုကော့စ် အထိမ်းအမှတ်ပြတိုက်တွင် ပြောကြားချက်ကို မြန်မာနိုင်ငံမှ ပြတ်သားစွာပယ်ချ


Ministry of Information/ Naypyitaw / March 22, 2022


သတင်းထုတ်ပြန်ချက်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာအန်တိုနီ ဘလင်ကင်က မြန်မာ့တပ်မတော် အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီအသိုက်အဝန်းအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်မှုကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၁ ရက်တွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ ဟိုလိုကော့စ် အထိမ်းအမှတ်ပြတိုက်၌ ထုတ်ပြန်ကြေညာခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တွေ့ရှိရသည်။

မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာစာချုပ်နှင့် ကုလသမဂ္ဂ၏ ပဋိညာဉ်အောက်ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၏ စာချုပ်အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ တည်ဆဲသက်ဆိုင်ရာ ကတိကဝတ်များကို အပြည့်အဝ လေးစားလိုက်နာလျက် ရှိကြောင်း ထပ်လောင်းအတည်ပြုသည်။ သို့ပါ၍ မြန်မာနိုင်ငံအနေဖြင့် လူမျိုးသုဉ်းစေမှုလုပ်ရပ်များ ကျူးလွန်မှုမရှိခြင်း၊ လူတစ်စုနှင့်တစ်စု ဖြစ်စေ၊ လူမျိုးတစ်မျိုးကိုဖြစ်စေ၊ ဘာသာတစ်ခုနှင့် တစ်ခုကိုးကွယ်သည့် လူမျိုးအလိုက် ဖြစ်စေ သတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်းတို့ မည်သည့်အခါမှ မရှိခဲ့ပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်သည် ပကတိအခြေအနေမှန်များနှင့် လွန်စွာကင်းကွာလျက်ရှိပြီး မခိုင်လုံသော အရင်းအမြစ်များ၊ အတည်ပြုနိုင်ခြင်းမရှိသော အချက်အလက်များနှင့် မမှန်မကန်စွပ်စွဲချက်များကို ရည်ညွှန်းကိုးကားထားကြောင်း တွေ့ရှိရသည်။

သို့ပါ၍ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံရေးရည်ရွယ်ချက်ရှိပြီး အချုပ်အခြာ အာဏာပိုင်နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်သည့် အချက်အလက်များ ဖော်ပြ ပါရှိသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်အား ပြင်းထန်စွာ ကန့်ကွက်ပြီး ပြတ်သားစွာ ပယ်ချလိုက်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၂ ရက်