လုံခြုံမှုရှိစွာဖြင့် ပုံမှန်ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အဆိုမူကြမ်းအား ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးတွင် အတည်ပြုချမှတ်ခဲ့ခြင်း


Ministry of Foreign Affairs/ Nay Pyi Taw / December 27, 2018


(၂၇-၁၂-၂၀၁၈ ရက်၊ နေပြည်တော်)

(၇၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ၁၉-၁၂-၂၀၁၈ ရက်တွင် ကျင်းပခဲ့သည့် အထွေထွေ ညီလာခံ မျက်နှာစုံညီ အစည်းအဝေး၌ Global Compact for Safe Orderly and Regular Migration (GCM) အဆိုမူကြမ်းကို မဲခွဲဆုံးဖြတ်ခဲ့ပါသည်။ ယင်းအဆိုမူကြမ်းအား မြန်မာနိုင်ငံ အပါအဝင် အဖွဲ့ဝင် နိုင်ငံပေါင်း (၁၅၂) နိုင်ငံက ထောက်ခံမဲ ပေးခဲ့ကြပါသည်။ ချက်သမ္မတနိုင်ငံ၊ ဟန်ဂေရီ၊ အစ္စရေး၊ ပိုလန်နှင့် အမေရိကန်နိုင်ငံတို့မှ ကန့်ကွက်မဲ ပေးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံ (၁၂) နိုင်ငံက ကြားနေမဲ ပေးခဲ့ပါသည်။

ယင်း အဆိုမူကြမ်း (Resolution) သည် နိုင်ငံတကာ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုများအား ကာကွယ် တားဆီးရေး၊ ရွှေ့ပြောင်းသွားလာနေထိုင်မှုများကြောင့် ပေါ်ပေါက်သည့် စိန်ခေါ်မှုများကို နိုင်ငံများအနေဖြင့် ဝိုင်းဝန်းကိုင်တွယ်ဖြေရှင်းနိုင်ရေး အတွက် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။

Global Compact on Migration သည် ဥပဒေကြောင်းအရ စည်းနှောင်မှု မရှိသဖြင့် နိုင်ငံများအနေဖြင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို လက်ခံရန် တာဝန်ရှိသည့် သဘောသဘာဝ မဟုတ်ဘဲ၊ ရွှေ့ပြောင်း သွားလာမှု ပုံစံအမျိုးမျိုးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်ရာတွင် မိမိတို့၏ ပြည်တွင်း မူဝါဒများကို အချုပ်အခြာ အာဏာနှင့်အညီ ဆက်လက် ရေးဆွဲကျင့်သုံးနိုင်မည် ဖြစ်ပါသည်။

ထို့ပြင် ယင်းအဆိုမူကြမ်းအရ မြန်မာနိုင်ငံမှ ပြည်ပတွင် တရားဝင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားအတွက် အိမ်ရှင်နိုင်ငံထံမှ ရရှိသင့်သည့် အကာအကွယ်ပေးမှုများ ပိုမိုရရှိနိုင်မည် ဖြစ်ပြီး လူကုန်ကူးမှုများ ကိုလည်း ကာကွယ်တားဆီး လျှော့ချပေးနိုင်မည် ဖြစ်ပါသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ယင်းအဆိုမူကြမ်းအား နိုင်ငံအများစုနှင့်အတူ ထောက်ခံမဲပေးရာ၌ ပါဝင်ခဲ့ပြီး မိမိတို့ ထောက်ခံမဲပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားချက် (Explanation of Vote-EOV) တစ်ရပ် ပြုလုပ်ခဲ့ပါသည်။ ယင်းသို့ ရှင်းလင်းပြောကြားရာတွင် ကမ္ဘာတစ်ဝန်း၌ တရားမဝင် ရွှေ့ပြောင်း သွားလာမှုများ လျှော့ချရေးနှင့် တားဆီးရေးအတွက် ဦးတည်ထားသည့် Global Compact on Migration ပါအချက်များကို ကြိုဆိုကြောင်း၊ ယင်းတို့ကို အကောင်အထည်ဖော်ခြင်းဖြင့် လူကုန်ကူးမှုများ၊ လူမှောင်ခိုမှုများ အပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများကို ကာကွယ်တားဆီးနိုင်မည်ဟု မျှော်လင့်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေး ကိစ္စများကို စီမံခန့်ခွဲရာတွင် သက်ဆိုင်ရာနိုင်ငံ၏ ထူးခြားသည့် အခြေအနေများနှင့် လုံခြုံရေး အခြေအနေတို့အပေါ် မူတည်၍ ယင်းနိုင်ငံ၏ ဦးဆောင်မှုဖြင့် ချဉ်းကပ်ဖြေရှင်းရန် အရေးကြီးကြောင်းနှင့် Global Compact on Migration သည် အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြု လေးစားရန်ဟူသော အခြေခံမူကို ထပ်လောင်းအတည်ပြုထားကြောင်းတို့ကို အလေးပေး ထည့်သွင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။