(၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် နိုင်ငံ့ခေါင်းဆောင်များမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ များပေးပို့


Ministry of Information/ Naypyitaw / January 15, 2019


၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်ခဲ့သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယအတွက် ကမ္ဘာတစ်ဝန်းရှိနိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင် များနှင့် နိုင်ငံ့အကြီးအကဲများက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ဆက်လက် ပေးပို့ကြသည်။

နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတဘီဒီယာဒေဗီ ဘန်ဒါရီထံမှ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း အဆွေတော်အား နှုတ်ခွန်းဆက် သလျက်၊ အဆွေတော် ကျန်းမာပျော်ရွှင်စေရန်နှင့် မြန်မာပြည်သူများ တိုးတက်သာယာ ၀ပြောစေရန်အတွက် ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ဘူလ်ဂေးရီးယားသမ္မတနိုင်ငံ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဘူလ်ဂေးရီးယား သမ္မတနိုင်ငံ သမ္မတ ရူမန်ရေ့ဒဗ်ထံမှ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အတွက်ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယတွင် ဘူလ်ဂေးရီးယား ပြည်သူများကိုယ်စား မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် အဆွေတော် ကျန်းမာ၍ မြန်မာ ပြည်သူ ပြည်သားများ ကြွယ်ဝချမ်းသာပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

မြန်မာနှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့ အကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် ဖွံ့ဖြိုးလာရေးနှင့် အာဆီယံ-အီးယူ မိတ်ဖက် ဆက်ဆံရေးနှင့် အာရှ-ဥရောပ ဆွေးနွေးပွဲ (အေဆမ်) မူဘောင်များ အတွင်း ဆွေးနွေးမှုများ ပိုမိုခိုင်မာလာရေး တို့အတွက် အတူတကွပူးပေါင်း ဆောင်ရွက်သွားရန် အသင့်ရှိပါသည်။ အဆွေတော်အား မိမိအနေဖြင့် ချစ်ကြည်အလေးထားလျက် ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

ဘယ်လာရုစ်သမ္မတနိုင်ငံ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုထံမှ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယတွင် ဘယ်လာရုစ်သမ္မတ နိုင်ငံ ပြည်သူများ ကိုယ်စား မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း နှုတ်ခွန်းဆက်သ အပ်ပါသည်။

မိမိတို့ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ကျေနပ်အားရမိပြီး အထူးသဖြင့် ကုန်သွယ်ရေးနှင့် စီးပွားရေး ကဏ္ဍများ၌ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် သွားရန် မိမိအနေဖြင့် ဆန္ဒရှိပါသည်။

အဆွေတော် ကျန်းမာ၍ အောင်မြင်မှုများရရှိပြီး မြန်မာပြည်သူ ပြည်သားများ ငြိမ်းချမ်းပျော်ရွှင် သာယာ၀ပြောပါစေကြောင်းနှင့် အဆွေတော်အား မိမိအနေဖြင့် ချစ်ကြည်အလေးထား လျက်ရှိပါ ကြောင်း ဖော်ပြအပ်ပါသည်။

ဘရူနိုင်းဒါရူဆလမ်နိုင်ငံ

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန်ဟာဂျီဟာဆာနယ်လ် ဘိုလ်ကီးယားထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် အဆွေတော်၊ နိုင်ငံတော်အစိုးရအဖွဲ့နှင့် မြန်မာပြည်သူများအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားလိုပါသည်။

မိမိတို့ နှစ်နိုင်ငံနှင့် ပြည်သူများအကြား ကာလရှည်ကြာစွာရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှုနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများအတွက် မိမိအနေဖြင့် များစွာဂုဏ်ယူ ဝမ်းမြောက် မိပါသည်။ နှစ်နိုင်ငံအကြား နှင့် နိုင်ငံတကာနယ်ပယ်တွင် မိမိတို့၏ ချစ်ကြည်ရင်းနှီးမှုများကို ပိုမိုခိုင်မာ တိုးတက်အောင် ပူးပေါင်း ဆောင်ရွက်သွားရန် မျှော်လင့်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)