ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပေးထားချိန်တွင် ထာ၀ရငြိမ်းချမ်းရေး အတွက် အချိန်မဆိုင်းဘဲ ထိထိရောက်ရောက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြရေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အသိပေးချက်ထုတ်ပြန်


Ministry of Information/ Naypyitaw / August 15, 2019


နေပြည်တော် ဩဂုတ် ၁၄

ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပေးထားချိန်တွင် ထာ၀ရငြိမ်းချမ်းရေး အတွက် အချိန်မဆိုင်းဘဲ ထိထိရောက်ရောက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြရေး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ အသိပေးချက်ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါအသိပေးချက်တွင် တိုင်းရင်းသားပြည်သူလူထုအားလုံး၏ လိုအင်ဆန္ဒဖြစ်သည့် ဒီမိုကရေစီလမ်းစဉ်အား မှန်ကန်ခိုင်မာစွာ လျှောက်လှမ်းနိုင်ရေး၊ ခေတ်မီဖွံ့ ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု စီးပွားဘ၀ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ရည်ရွယ်၍ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား မည်သည့်ဖိအားမျှ မရှိစေဘဲ လွတ်လပ်စွာ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆောင်ရွက်နိုင်ရန် စိတ်ရင်းစေတနာအမှန် ဖြင့် တပ်မတော်က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ လည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ လည်းကောင်း၊ ဇူလိုင်လ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိလည်းကောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် နယ်မြေတို့တွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအား ရပ်ဆိုင်းပေးခဲ့ပါကြောင်း။

ထိုသို့ စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းပေးထားသည့် ကာလများအတွင်း တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာခြင်း အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက်ဖြစ်ထွန်းစေရေး ဆောင်ရွက်မှုများတွင် ထိရောက်မှု အားနည်းလျက်ရှိပြီး သက်တမ်းတိုးမြှင့်ထားသည့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးကာလမှာလည်း မကြာမီ ကုန်ဆုံး တော့မည် ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့် ထာ၀ရငြိမ်းချမ်းရေးအတွက် တပ်မတော်က ခွင့်ပြုထားသော ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားသည့် ကာလအတွင်း နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထု၏ အကျိုး စီးပွားကို ရည်မျှော်၍ အချိန်ဆွဲခြင်းမပြုဘဲ အမျိုးသားပြန် လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ တပ်မတော်မှဖွဲ့စည်းပေး ထားသည့် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တို့နှင့် ယုံကြည်မှုအပြည့်အဝဖြင့် ထိရောက်စွာ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နိုင်ရေး အသိ ပေးအပ်ပါကြောင်း ဖော်ပြပါရှိသည်။

သတင်းစဉ်