ကုန်သွယ်မှုလိုငွေနှင့် သက်ရောက်မှု


Ministry of Information/ Naypyitaw / August 25, 2025
image_latest


စောနိုင် (အသုံးချဘောဂဗေဒ)

ကုန်သွယ်မှု ပိုမိုထွန်းကားလာသော ယနေ့ကမ္ဘာတွင် ထုတ်လုပ်မှုကဏ္ဍ အားနည်းသော၊ ပို့ကုန်ကဏ္ဍဖွံ့ဖြိုးမှုမရှိသော နိုင်ငံတို့၏ ကုန်သွယ်မှုရှင်းတမ်းမှာ အမြဲတမ်းလိုလို လိုငွေပြနေပါသည်။ ကုန်သွယ်မှုလိုငွေ အခြေအနေသည် အဆိုပါနိုင်ငံများအပေါ် မည်သို့သက်ရောက်စေသနည်း။ ပညာရှင်များ၊ သုတေသီများ၏ သုံးသပ်ချက်များစွာထဲမှ ကုန်သွယ်မှုလိုငွေပြမှုနှင့် နိုင်ငံ၏ပြည်တွင်းသုံးငွေတန်ဖိုး၊ ပို့ကုန်များ၏ ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတို့ကြား မည်သို့မည်ပုံဆက်စပ်မှုရှိနေသည်ကို အောက်ပါအတိုင်း လေ့လာတွေ့ရှိရပါသည်။

ကုန်သွယ်မှုလိုငွေကြောင့် ပြည်တွင်းသုံးငွေတန်ဖိုးကို ကျဆင်းစေသည်

နိုင်ငံတစ်နိုင်ငံ ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်သည့်အခါ ပို့ကုန်မှရရှိသော နိုင်ငံခြားငွေပမာဏ နည်းပါးနေပြီး သွင်းကုန်အတွက် ပေးရသည့် နိုင်ငံခြားငွေပမာဏ များပြားနေတတ်ပါသည်။ ရရှိသည့်နိုင်ငံခြား ငွေပမာဏသည်ပေးရသည့် နိုင်ငံခြားငွေပမာဏထက် လျော့နည်းသဖြင့် လိုငွေပြခြင်းဖြစ်သည်။ ထိုအခြေအနေတွင် နိုင်ငံအတွင်းမှ နိုင်ငံခြားငွေများ ပိုမိုစီးထွက်သွားသည်။ ပြည်တွင်း၌ နိုင်ငံခြားငွေ ပမာဏနည်းပါးနေသဖြင့် နိုင်ငံခြားငွေကြေးနှင့် ပြည်တွင်းသုံးငွေကြေး လဲလှယ်သည့်အခါ ပြည်တွင်းသုံးငွေပမာဏပိုမိုပေးရပြီး ပြည်တွင်းသုံးငွေ၏ တန်ဖိုးမှာလည်း နိုင်ငံခြားငွေတန်ဖိုးနှင့်ယှဉ်ပါက ကျဆင်းသွား၏။

ပြည်တွင်းသုံးငွေ တန်ဖိုးကျဆင်းမှုသည် ပြည်တွင်းသုံး ငွေကြေး၏ ဝယ်နိုင်စွမ်းအား ထိခိုက်စေသည်။ ပြည်တွင်းသုံးငွေဖြင့် ဝယ်ယူနိုင်သည့် ကုန်ပစ္စည်းပမာဏ ယခင်ကထက် လျော့နည်းသွားခြင်းဖြစ်သည်။ တစ်နည်းဆိုရလျှင် ပြည်တွင်းကုန်ပစ္စည်းဈေးနှုန်းများ ယခင်ကထက် ပိုမိုမြင့်တက်လာသည်။ အထူးသဖြင့် သွင်းကုန်ဈေးနှုန်းများ၊ သွင်းကုန်အခြေပြု ပြည်တွင်းထုတ်ကုန်ဈေးနှုန်းများ ပို၍ကြီးမြင့်လာသည်။ ထို့ကြောင့် သွင်းကုန်မှီခိုမှုအားများသော နိုင်ငံများရှိ စားသုံးသူများ အပေါ် ကုန်ဈေးနှုန်းဝန်ထုပ်ပို၍ပိလာသည်။

နိုင်ငံတစ်နိုင်ငံတွင် ပြည်တွင်းငွေကြေးတန်ဖိုးကျဆင်းမှုကိုဖြစ်စေသည့် အကြောင်းတရားများစွာရှိပြီး ၎င်းတို့အထဲတွင် ကုန်သွယ်မှုလိုငွေသည် အကြောင်းတစ်ရပ်မျှသာဖြစ်သည်။ သို့ရာတွင် သွင်းကုန်မှီခိုမှုအားကြီးသည့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းငွေကြေးတန်ဖိုး ကျဆင်းစေသည့်အကြောင်းများထဲတွင် ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်မှုသည် အဓိကအကြောင်းတရားထဲတွင် ပါဝင်သည်ကို သတိပြုသင့်ပါသည်။

ကုန်သွယ်မှုလိုငွေသည် နိုင်ငံ၏ပို့ကုန်ဈေးနှုန်း ယှဉ်ပြိုင်နိုင်စွမ်းကို မြင့်မားလာစေနိုင်သည်

ကုန်သွယ်မှုလိုငွေကြောင့် ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်း မြင့်တက်စေနိုင် သည်ဟုဆိုလျှင် စီးပွားရေးပညာနှင့် မရင်းနှီးသောသူများအတွက် စဉ်းစားစရာဖြစ်လာနိုင်သည်။ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး၊ ပို့ကုန် ဈေးကွက်ဝေစုမြင့်မားရေးအတွက် အခြေအနေပေးလာခြင်း ဖြစ်သည်။

ကုန်သွယ်မှုလိုငွေပြမှုကြောင့် နိုင်ငံခြားငွေကြေးနှင့် နှိုင်းယှဉ်လျှင် ပြည်တွင်းသုံးငွေတန်ဖိုး ကျဆင်းလာမည်။ နိုင်ငံခြားငွေနှင့် ပြည်တွင်းငွေလဲလှယ်ရေး(နိုင်ငံခြားငွေလဲနှုန်း)တွင် နိုင်ငံခြားငွေကြေး တစ်ယူနစ်ရရှိရန် ပေးရမည့် ပြည်တွင်းငွေကြေးပမာဏ များလာသည်။ ထိုအခြေအနေသည် နိုင်ငံခြားငွေဈေးမြင့်တက်ခြင်း (ပြည်တွင်းငွေလဲနှုန်း မြင့်တက်နေခြင်း) ဖြစ်ပြီး ပြည်တွင်း၌ ကုန်စည်ဈေးနှုန်းများ ကြီးမြင့်လာနိုင်သည်။ အထူးသဖြင့်သွင်းကုန်များ၊ သွင်းကုန်အခြေပြုထုတ်ကုန်များ သိသိသာသာဈေးနှုန်းမြင့်တက်လာနိုင်သည်။ သို့သော် အဆိုပါ နိုင်ငံ၏ နိုင်ငံခြားပို့ကုန် ဈေးနှုန်းများကျဆင်းလာလိမ့်မည်။ နိုင်ငံရပ်ခြားစားသုံးသူများအတွက် ဈေးနှုန်းသက်သာရာရစေ၏။ ဥပမာအားဖြင့် မြန်မာ့စီးပွားရေးအဆောက်အအုံအတွင်း ဒေါ်လာနှင့် ကျပ်ငွေလဲနှုန်း ကျပ် ၂၀၀၀ ဖြစ်နေရာမှ ကျပ် ၃၀၀၀ သို့ မြင့်တက် လာသည်ဆိုပါစို့။ တစ်ဒေါ်လာတန် သွင်းကုန်ပစ္စည်းကို ပြည်တွင်း၌ ယခင် ကျပ်၂၀၀၀ ဖြင့်ဝယ်ယူနိုင်ရာမှ ကျပ် ၃၀၀၀ ဈေးနှုန်း အမြင့်ဖြင့် ဝယ်ယူကြရလိမ့်မည်။ ပြည်တွင်း၌ သွင်းကုန်ဈေးနှုန်းများ မြင့်တက်လာမည်။

ပို့ကုန်ကဏ္ဍမှကြည့်လျှင် ပြောင်းပြန်သက်ရောက်မှုကို တွေ့ရလိမ့်မည်။ ယခင်က ကျပ် ၂၀၀၀ တန် ကုန်ပစ္စည်းတစ်ခုတင်ပို့မှု အတွက် တစ်ဒေါ်လာရနေရာမှ (ငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၃၀၀၀ မြင့်တက်လာသဖြင့်) ယခုအချိန်တွင် တစ်ဒေါ်လာအပြည့်မရနိုင်၊ တစ်ဒေါ်လာအောက် ငွေပမာဏသာ ရရှိတော့မည်။ နိုင်ငံရပ်ခြား စားသုံးသူများအတွက် ယခင်ကထက်ပို၍ ဈေးနှုန်းသက်သာလာသဖြင့် ပို့ကုန်ဝယ်လိုအားမှာ ယခင်ကထက် ပိုမိုမြင့်တက်လာနိုင်သည်။ (ပို့ကုန် သမားများအနေဖြင့် နိုင်ငံရပ်ခြား ပို့ကုန်ဈေးကွက်မှ မြင့်တက်လာသည့် ဝယ်လိုအားပမာဏကို အမီလိုက်၍ ထုတ်လုပ်နိုင်ရန်လိုသည်။) ထိုသို့ နိုင်ငံရပ်ခြားသို့ တင်ပို့မည့်ကုန်စည် (ပို့ကုန်)များ ဈေးနှုန်းကျဆင်း လာခြင်းကို နိုင်ငံတကာဈေးကွက်အတွင်း ပို့ကုန်ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်း မြင့်တက်လာခြင်းဟု ဆိုသည်။

ထို့ကြောင့် ပြည်တွင်းသုံး​ငွေတန်ဖိုး ကျဆင်းနေသည့် နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံခြားမှဝယ်ယူရသည့် သွင်းကုန်စျေးနှုန်းများ ကြီးမြင့်လာနိုင်ပြီး အဆိုပါနိုင်ငံမှ နိုင်ငံခြားသို့တင်ပို့ရောင်းချသည့် ပို့ကုန် ပစ္စည်း ဈေးနှုန်းများကျဆင်းလာနိုင်သည်။ ပို့ကုန်ဈေးနှုန်းများ ကျဆင်း၍ ပို့ကုန်ဈေးနှုန်း ယှဉ်ပြိုင်နိုင်စွမ်းများ အားကောင်းလာချိန်တွင် မြင့်တက်လာနိုင်သည့် ဈေးကွက်ဝယ်လိုအားပမာဏကို အမီလိုက်၍ ထုတ်လုပ်ပေးနိုင်စွမ်းရှိရန်မှာ အရေးကြီး၏။ အခြားသော ထုတ်ကုန်တူ ပြိုင်ဘက်နိုင်ငံများလည်း ရှိလာနိုင်သဖြင့် ပို၍အရည် အသွေးကောင်းသည့် ထုတ်ကုန်ကို စျေးနှုန်းသက်သာစွာထုတ်လုပ် ရောင်းချနိုင်ရန်လည်း ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါသည်။ 

ထို့ကြောင့် ကုန်သွယ်မှုလိုငွေဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုများတွင် ပို့ကုန်ကဏ္ဍ အထောက်အကူ ဖြစ်စေသည့် ပို့ကုန်ဈေးနှုန်း ယှဉ်ပြိုင်နိုင်စွမ်း ရှိလာနိုင်မည်ဖြစ်သဖြင့် ပို့ကုန်ကဏ္ဍဖွံ့ဖြိုးမှုကို အကျိုးရှိရှိဖြစ်ထွန်းစေရန် အချိန်ယူ၍ ထိထိရောက်ရောက်ဆောင်ရွက်သင့်သည်ဟု ပညာရှင်များက ထောက်ပြ ကြခြင်းဖြစ်သည်။

ကုန်သွယ်မှုလိုငွေနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ဆက်စပ်မှုရှိသည်

ကုန်သွယ်မှုလိုငွေသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီ:မြှုပ်နှံမှု(FDI)နှင့် ယေဘုယျအားဖြင့် ဆက်စပ်မှုရှိနိုင်သည်ဟု လေ့လာမှုအချို့ရှိသော်လည်း သိသိသာသာနှင့် ထင်ထင်ရှားရှား ဆက်စပ်မှုမရှိဟုဆိုသူများ လည်းရှိသည်။ အဆိုပါအခြေအနေနှစ်ရပ်ကြား ဆက်စပ်မှုနှင့်ပတ်သက်၍ သုတေသီများ၏ စိတ်ဝင်စားစရာကောင်းသော လေ့လာမှုများစွာ မတွေ့ရပေ။ သုတေသီအချို့၏ တွေ့ရှိချက်များအရမူ ကုန်သွယ်မှု နှင့် FDI စီးဝင်မှုတို့မှာ အခြေအနေတစ်ရပ်၌ ဆက်စပ်မှုရှိနေနိုင်သော်လည်း နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှု၊ FDI လုပ်ငန်း အမျိုးအစားများအပေါ် မူတည်၍ ဆက်စပ်မှုအမျိုးမျိုးဖြစ်နိုင်သည်ဟု ကောက်ချက်ချကြသည်။ 

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) ပြုလုပ်သူများအနေ ဖြင့် ၎င်းတို့ရင်းနှီးမြှုပ်နှံမည့် နိုင်ငံများ၏ အခြေအနေအရပ်ရပ်ကို အလေးအနက်ထား စောင့်ကြည့်လေ့လာတတ်ကြသည်။ အဘယ် ကြောင့်ဆိုသော် FDI ( စာချုပ်စာတမ်းများ အသုံးပြုရင်းနှီးမြှုပ်နှံရသည့် ပေါ့ဖိုလီယို ရင်းနှီးမြှုပ်နှံမှုများနှင့်ယှဉ်ပါက) ရင်းနှီးမြှုပ်နှံသူများအတွက် ဆုံးဖြတ်ချက် အပြောင်းအလဲလုပ်ရာတွင် ခက်ခဲမှုရှိသောကြောင့်ပင်။ ဆိုလိုသည်မှာ ၎င်းတို့ FDI ပြုလုပ်ထားသည့်နိုင်ငံမှ အခြေအနေအရ ပြန်လည်ထွက်ခွာချင်သည့်အခါ အလွယ်တကူ၊ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်ရန် မဖြစ်နိုင်သောကြောင့်ဖြစ်သည်။ 

FDI ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့ရင်းနှီးမြှုပ်နှံမည့် နိုင်ငံတွင်းရှိ သွင်းအားစုမျိုးစုံတို့၏ ကုန်ကျစရိတ်အခြေအနေများ၊ အခြေခံအဆောက်အအုံများ ပြည့်စုံလုံလောက်မှု ရှိ/ မရှိ၊ ပြည်တွင်းစျေးကွက် အလားအလာ၊ သဘာဝသယံဇာတနှင့် နည်းပညာပိုင်ဆိုင်မှု၊ မိမိနှင့်ယှဉ်ပြိုင်ဘက်နိုင်ငံများ၏ အနေအထား၊ အမြတ်အစွန်းစီမံခန့်ခွဲနိုင်မှု၊ အလွယ်တကူ ဝင်ထွက်နိုင်မှု စသည့်အခြေအနေများ၊ အစိုးရကျင့်သုံး နေသည့်ဆက်စပ်မူဝါဒများ၊ နိုင်ငံတွင်းရှိ လူ့အဖွဲ့အစည်းများ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကိုပါ အကဲဖြတ်လေ့လာတတ်ကြသည်။ စီးပွားရေးပိတ်ဆို့ခြင်းခံထားရသည့် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်နေပါက စီးပွားရေးပိတ်ဆို့မှု ဖြေလျှော့ပေးနိုင်ခြေများနှင့် ပြည်တွင်းရှိအင်စတီကျူးရှင်းများ၏ အခြေအနေများကို ထည့်သွင်းစဉ်းစားတတ်ကြသည်။

သုံးသပ်ချက်

ကုန်သွယ်မှုလိုငွေ၏ သေချာသောသက်ရောက်မှုမှာ နိုင်ငံခြား ငွေလဲလှယ်ရာတွင် ပြည်တွင်းငွေကြေးတန်ဖိုး ကျဆင်းလာခြင်းဖြစ်သည်။ ပြည်တွင်းငွေတန်ဖိုး ကျဆင်းလာလျှင် ပြည်တွင်းကုန်ဈေးနှုန်း မြင့်တက်ကာ ငွေကြေးဖောင်းပွမှုများ ဖြစ်လာနိုင်သည်။ ပြည်တွင်း စားသုံးသူများအပေါ် ကုန်ဈေးနှုန်းဝန်ထုပ်ပိလာနိုင်သည်။ သွင်းကုန် တင်သွင်းသူများ ဈေးနှုန်းကြီးမြင့်မှုကို ရင်ဆိုင်လာရနိုင်သည်။

နိုင်ငံတွင်းမှတင်ပို့သည့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ကျဆင်းလာနိုင်သဖြင့် နိုင်ငံတကာ စျေးကွက်ထဲတွင် ပို့ကုန်စျေးနှုန်း ယှဉ်ပြိုင်နိုင်စွမ်းတက်လာနိုင်သည်။ ထိုအခါ ပို့ကုန်များအပေါ် ဝယ်လိုအား မြင့်တက်လာနိုင်ဖွယ်ရှိသောကြောင့် ပို့ကုန်သမားများအတွက် အခြေအနေကောင်း ဖြစ်လာနိုင်သည်။ ပို့ကုန်ကဏ္ဍဖွံ့ဖြိုးမှုအတွက် များစွာအထောက်အကူပြုနိုင်ပါသည်။

စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ ကုန်သွယ်မှုလိုငွေသည် ကြုံတွေ့ရလေ့ရှိသော အခြေအနေ တစ်ရပ်ဖြစ်၏။ ကုန်သွယ်မှုလိုငွေပြတိုင်း ပူပန်သောကဖြစ်ရမည့် အခြေအနေမဟုတ်။ ကုန်သွယ်မှုလိုငွေဖြစ်စေသည့် အကြောင်းတရားကို လေ့လာရန်လိုသည်။ သွင်းကုန်များကိုအားပြု၍ ပို့ကုန်ကဏ္ဍ မြှင့်တင်ရေးအတွက် ဆောင်ရွက်နေရသဖြင့် ကုန်သွယ်မှုလိုငွေပြခြင်း လည်းဖြစ်နိုင်သဖြင့် အချိန်အတိုင်းအတာတစ်ခုအလွန်တွင် ပို့ကုန်ကဏ္ဍ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာနိုင်ပါသည်။

သို့သော် ပို့ကုန်ကဏ္ဍဖွံ့ဖြိုးလာမည့် အလားအလာကိုမမြင်ရဘဲ အချိန်ကာလကြာမြင့်စွာ ကုန်သွယ်မှုလိုငွေပြမှု (Persistent Deficit of Trade Balance) ဆက်တိုက်ဖြစ်နေခဲ့လျှင်သာ စိုးရိမ်ရပေလိမ့်မည်။ ကာလရှည် ကုန်သွယ်မှုလိုငွေပြမှုသည် တဖြည်းဖြည်းနှင့် စီးပွားရေးကဏ္ဍများအားလုံးကို တစ်နွယ်ငင် တစ်စင်ပါ ထိခိုက်မှုများရှိလာ နိုင်ပါသည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ပြည်တွင်းငွေတန်ဖိုး ကျဆင်းနေချိန် (နိုင်ငံခြားငွေလဲနှုန်း မြင့်တက်နေချိန်)တွင် ပို့ကုန်ကဏ္ဍဖွံ့ဖြိုးရေးအတွက် စနစ်တကျပြင်ဆင်သင့်ပါသည်။ မိမိတို့နိုင်ငံ၏ နှိုင်းယှဉ်အားသာချက်ရှိသော ထုတ်ကုန်သစ်များ ရှာဖွေဖော်ထုတ်ခြင်း၊ အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်ရှာဖွေရေးစသဖြင့် ရောင်းလိုအား ကွင်းဆက်တစ်လျှောက်လုံးကို ထိထိရောက်ရောက် ပံ့ပိုးနိုင်ရေး ပြင်ဆင်ခြင်းတို့ကို စီမံချက်ချဆောင်ရွက်သင့်ပါသည်။

ကုန်သွယ်မှုလိုငွေကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်တွင် စိန်ခေါ်မှုနှင့်အတူ အခွင့်အလမ်းများပါတွဲလျက်ရှိနေသဖြင့် စိန်ခေါ်မှုများကိုရင်ဆိုင်ရင်း အခွင့်အလမ်းများကို လက်ဆုပ်လက်ကိုင်ရရှိရေးအတွက် ပို့ကုန်ကဏ္ဍ၏အခြေအနေအရပ်ရပ်ကို လေ့လာအကဲခတ်လျက် ဘက်စုံ၊ ထောင့်စုံကဏ္ဍစုံ အချိတ်အဆက်မိမိဖြင့် အချိန်ယူအားထုတ် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

Newspaper

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက် ၊ သြဂုတ် ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ August 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက် ၊ သြဂုတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ August 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက် ၊ သြဂုတ် ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023