ကြိုတင်ပြင်ဆင် အချိန်မီ မိုးကြိုကာလ မုန်တိုင်းရာသီ


Ministry of Information/ Naypyitaw / April 08, 2026
image_latest


မြန်မာနိုင်ငံတွင် မုန်တိုင်းများ အဖြစ်အများဆုံးရာသီအချိန်နှစ်ချိန်ရှိရာ မိုးကြိုကာလဖြစ်သော ဧပြီလလယ်မှ မေလအထိ တစ်ချိန်နှင့် မိုးလွန်ကာလဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာလအထိ တစ်ချိန်ဖြစ်သည်။ အဆိုပါ မိုးကြိုရာသီနှင့် မိုးလွန်ရာသီတို့တွင် ဖြစ်ပွားသော မုန်တိုင်းများသည် အဖျက်စွမ်းအား ကြီးမားခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုအားဖြင့်လည်း များပြားကြသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မုန်တိုင်းဖြစ်ပေါ်မည့်အခြေအနေကို နေ့ရောညပါ အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်လေ့လာနေပြီး မုန်တိုင်းဖြစ်ပေါ်နေစဉ်မှ ကုန်းတွင်းသို့ ဝင်ရောက်အားပျော့သွားသည်အထိ ကြိုတင်သတင်းထုတ်ပြန်ပေးလျက်ရှိသည်။ သို့ဖြစ်ရာ မုန်တိုင်းရာသီရောက်လာသည်နှင့် မုန်တိုင်းသတင်းများကို ဂရုတစိုက်နားထောင်ကြရန်၊ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်သည့်အခါတိုင်း မြန်မာ့ကမ်းရိုးတန်းနှင့် နီးကပ်လာမည့် မုန်တိုင်းတည်နေရာ ဘင်္ဂလားပင်လယ်အော် အစိတ်အပိုင်းကိုသိရှိထားရန်၊ မုန်တိုင်းသတင်းထုတ်ပြန်ရာတွင် မြန်မာနိုင်ငံအတွက် အန္တရာယ်မရှိနိုင်သော မုန်တိုင်းဖြစ်ပါက မုန်တိုင်းသတင်းဟုကြေညာပြီး မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိနိုင်သော မုန်တိုင်းမှသာ မုန်တိုင်းသတိပေးချက်ဟု ထုတ်ပြန်ကြေညာကြောင်း သိရှိထားရန်လိုအပ်သည်။ မုန်တိုင်းသတိပေးချက်တွင်ပါဝင်သော မုန်တိုင်းတည်နေရာနှင့် မိမိနေထိုင်ရာ ဒေသအကွာအဝေး၊ မုန်တိုင်းရွေ့လျားရာလမ်းကြောင်းနှင့် မိမိနေထိုင်ရာဒေသအကွာအဝေး၊ မုန်တိုင်းအမျိုးအစား၊ မုန်တိုင်းဖြတ်ကျော်မည်ဟု ခန့်မှန်းဒေသနှင့် မိမိနေထိုင်ရာ ဒေသအကွာအဝေး၊ မုန်တိုင်းဖြစ်ပေါ်နေချိန်နှင့် ရေထရက်တို့ တိုက်ဆိုင်မှု၊ မိမိနေရာဒေသ၏ ဒီရေသဘာဝတို့ကိုလည်း အထူးသတိပြုကြရန်လိုသည်။ 

မုန်တိုင်း၏ အဓိကအဖျက်စွမ်းအား (၃) မျိုးမှာ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မုန်တိုင်းဒီရေတက်ခြင်း တို့ဖြစ်သည်။ မြန်မာ့ကမ်းရိုးတန်းသို့ မုန်တိုင်းဖြတ်ကျော်ပါက မုန်တိုင်း၏ အင်အားနှင့် အရွယ်အစားပေါ်မူတည်၍ အများဆုံးလေတိုက်နှုန်း တစ်နာရီ မိုင် ၁၂၀ မှ ၁၃၀ အထိရှိနိုင်သည်။ ကမ်းခြေဒေသများတွင် မုန်တိုင်းဖြတ်ကျော်စဉ် လေပြင်းနှင့်အတူ ပင်လယ်ဒီလှိုင်းကြီးများ ရုတ်တရက်ကုန်းတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်ပြီးနောက် ယင်းဒီလှိုင်းကြီးများ ပင်လယ်ထဲသို့ပြန်လည်စီးဆင်းရာတွင် သက်ရှိများနှင့် အဆောက်အဦ၊ ပစ္စည်းများကို ပင်လယ်ထဲသို့ ဆွဲယူသွားလေ့ရှိသည်။ မုန်တိုင်းကြောင့် မြင့်တက်သည့်ရေလှိုင်းသည် ရေထရက်တွင် ပိုမိုမြင့်မားနိုင်ပြီး ကမ်းရိုးတန်းမြစ်ဝများမှတစ်ဆင့် ကုန်းတွင်းပိုင်းအထိ ဝင်ရောက်နိုင်သည်။ အဆိုပါဖြစ်စဉ်သည် မုန်တိုင်းကမ်းခြေသို့ မဝင်ရောက်မီ နာရီအနည်းငယ်အလိုတွင် မုန်တိုင်းလမ်းကြောင်း၏ လက်ယာဘက်၊ အောက်ဘက်တွင် ဖြစ်ပေါ်တတ်သည်ဟု သိရသည်။

မုန်တိုင်းသည် ကြိုတင်ခန့်မှန်းသိရှိနိုင်သော သဘာဝ ဘေးအန္တရာယ်ဖြစ်ရာ မုန်တိုင်းရာသီ မကျရောက်မီ မိုးလေဝသသတင်းများကို ဂရုစိုက်နားထောင်ကြရန်လိုသည်။ ကြိုတင်ပြင်ဆင်မှုအနေဖြင့် မိမိနှင့်အနီးဆုံးတွင်တည်ရှိသော မုန်တိုင်းခို အဆောက်အအုံကို ကြိုတင်သတ်မှတ်ထားရန်နှင့် ထိုနေရာသို့ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြင့် အမြန်ဆုံးရောက်ရှိနိုင်မည့် လမ်းကြောင်းကို ကြိုတင်ရှာဖွေထားရန်၊ အရေးကြီးပစ္စည်းများပါဝင်သည့် အရေးပေါ်လက်စွဲအသုံးအဆောင် အရန်သင့် ကြိုတင်ပြင်ဆင်ထားရန်၊ မိမိအိမ်ကို သေချာစွာစစ်ဆေး၍ ခိုင်ခံ့မှုမရှိသည်များကို ခိုင်ခံ့အောင်အားဖြည့်ပြုပြင်ထားရန်၊ အိမ်ခြံဝင်းအတွင်း ကျိုးပဲ့ပြိုလဲနိုင်သည့် သစ်ပင်၊ အကိုင်းအခက်များကို ကြိုတင်ခုတ်ထွင် ရှင်းလင်းထားရန်၊ မိမိအရပ်ဒေသသည် မုန်တိုင်းဒီရေလှိုင်းဒဏ် ကျရောက်နိုင်သည့်ဒေသဖြစ်လျှင် ကုန်းမြင့်နေရာ၊ မုန်တိုင်းခို အဆောက်အဦစသည့် ပုန်းခိုရန်နေရာကို ကြိုတင်ရှာဖွေသတ်မှတ်ထားရန်၊ အရေးပေါ်ဆက်သွယ်ရမည့် ကယ်ဆယ်ရေးအဖွဲ့၊ အရေးပေါ်အဖွဲ့၊ သတင်းအချက်အလက်ရရှိနိုင်မည့် အဖွဲ့များ၏ ဖုန်းနံပါတ်၊ နေရပ်လိပ်စာတို့ကို အလွယ်တကူထားရှိရန်၊ အစာခြောက်များ၊ အရေးပေါ်ဆေးဝါးများ၊ သင့်လျော်သည့် အကာအကွယ်ပစ္စည်းများကို စုဆောင်းထားရန်၊ အရေးပေါ်ရှာဖွေခြင်း၊ ကယ်ဆယ်ခြင်းလုပ်ငန်းများ ကို ကြိုတင်ပြင်ဆင်လေ့ကျင့်ထားရန်တို့ကို မိုး/ဇလက အကြံပြုလမ်းညွှန်ထားသည်။

မြန်မာနိုင်ငံကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်ခဲ့သော မုန်တိုင်းကြီးများတွင် အပျက်အစီး၊ အသေအပျောက်များခဲ့သည့် မုန်တိုင်းကြီးများအနက် ၂၀၀၈ ခုနှစ်၊ မေလ ၂-၃ ရက်တွင် တိုက်ခတ်ခဲ့ပြီး လူ ၁၄၀၀၀၀ ခန့် သေဆုံး၊ ငွေကျပ် ၁၃ ထရီလီယံဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ရသည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း၊၂၀၂၃ ခုနှစ်၊ မေလ ၈-၁၅ ရက်တွင် တိုက်ခတ်ခဲ့ပြီး လူ ၁၅၁ ဦးသေ၊ ၂၁ ဦး ဒဏ်ရာရ၊ ဘေးသင့်သူဦးရေ ၂၉၉၅၈ ဦး၊ ငွေကျပ်သန်းပေါင်း ၃ သောင်းကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့သည့် မိုခါမုန်တိုင်းတို့မှာ မိုးကြိုကာလမုန်တိုင်းရာသီတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ မုန်တိုင်းအပါအဝင် သဘာဝဘေးအန္တရာယ်များမှာ ကြိုတင်ပြင်ဆင်ကာကွယ်ခြင်းအားဖြင့် ထိခိုက်ဆုံးရှုံးနိုင်မှုကို အနည်းဆုံးသို့ လျှော့ချနိုင်ကြသည်ဖြစ်ရာ မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်များကို ဉာဏ်ပညာ လုံ့လဝီရိယတို့ စိုက်ထုတ်၍ ကြိုတင်ပြင်ဆင်ကာကွယ်မှုပြုနိုင်ကြပါစေကြောင်း။ ။

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery Capcity)အလိုက်မူလတန်ဖိုးFOBဈေးနှုန်းအပေါ်ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခအား၂၀၂၆ခုနှစ်၊ဧပြီလ(၁)ရက်မှစတင်၍အောက်ပါအတိုင်းသတ်မှတ်ကောက်ခံသွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်

Ministry of Transport and Communications / Posted on April 03, 2026

မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery Capcity)အလိုက်မူလတန်ဖိုးFOBဈေးနှုန်းအပေါ်ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခအား၂၀၂၆ခုနှစ်၊ဧပြီလ(၁)ရက်မှစတင်၍အောက်ပါအတိုင်းသတ်မှတ်ကောက်ခံသွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်

မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Ministry of Information / Posted on April 06, 2026

မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Ministry of Information / Posted on April 06, 2026

မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

Video