တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် NCA တွင်ပါဝင်လက်မှတ်ရေးထိုးသူ ဦးအောင်မင်း ပြောကြားသည့် ဂုဏ်ပြုစကား


Ministry of Information/ Naypyitaw / October 16, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၁၅

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း (၁၀)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို တက်ရောက်လာကြသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်တကွ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ NCA ဖြစ်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်ခဲ့သူများ၊ NCA လက်မှတ်ရေးထိုးခဲ့ကြသူများ၊ NCA အသိသက်သေများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများနှင့် လေ့လာသူများ၊ လူထုလူတန်းစားအသီးသီးမှ ကိုယ်စားလှယ်များနှင့် တက်ရောက်လာကြသော ဧည့်သည်တော်ကြီးများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။

လွန်ခဲ့တဲ့(၁၀)နှစ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှု NCA စာချုပ်ကို ချုပ်ဆိုခဲ့ကြစဉ်အခါက ကျွန်တော်တို့အားလုံးမှာ တူညီတဲ့မျှော်လင့်ချက်တွေ ရှိခဲ့ကြပါတယ်။ အဲဒါကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို ဦးတည်တဲ့ နိုင်ငံတော်ဖြစ်လာဖို့ အပြောင်းအလဲ Transition တစ်ခုကို စနေပြီဆိုတဲ့ မျှော်လင့်ချက်ပါ။ ဒီမိုကရေစီအပြောင်းအလဲဆိုတာ နိုင်ငံအများစုမှာ မတည်ငြိမ်မှုတွေနဲ့ စိန်ခေါ်ဖြတ်သန်းရလေ့ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံလို ဒီမိုကရေစီရေခံမြေခံအားနည်းတဲ့ တိုင်းပြည်တစ်ခုမှာ စိန်ခေါ်မှုတွေက ပိုကြီးမားပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ (၁၀)နှစ်ကရှိခဲ့ကြတဲ့ မျှော်လင့်ချက်တွေက ပြည်သူလူထုကြားထဲမှာ ယနေ့ထိ ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။

ယနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေများကြားမှာ NCA က အရေးပါသေးလား၊ အသက်ဝင်သေးလားဆိုပြီး မေးလေ့မေးထရှိကြပါတယ်။ ဒီစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ အစုအဖွဲ့တွေရှိနေသရွေ့ စာချုပ်က အသက်ဝင်နေဦးမှာဖြစ်တယ်။ ဒီလက်မှတ်ရေးထိုးထားတဲ့ အစုအဖွဲ့တွေထဲမှာ အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် ၊ EAO ၊ နိုင်ငံရေးပါတီ စသည်တို့ ရှိကြပါတယ်။

ဒီစာချုပ်ကို ချိုးဖောက်ခဲ့တဲ့သူများလည်း ရှိခဲ့ပါတယ်။ စာချုပ်ကို ချိုးဖောက်သူတွေရှိခဲ့လို့ စာချုပ်က ပျက်ပြယ်သွားတာမဟုတ်ပါဘူး။ ဒီစာချုပ်က အသက်ဝင်နေဆဲပါ။ စာချုပ်ကို ပြန်လိုက်နာကြဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ စာချုပ်ရဲ့ ဦးတည်ချက်ဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်နိုင်ငံကို ထူထောင်ဖို့ဆိုတာ စာချုပ်လက်မှတ်ရေးထိုးထားသူတွေရဲ့ သမိုင်းပေးတာဝန်ဖြစ်ပါတယ်။

ဒီမိုကရေစီအကူးအပြောင်းဆိုတာ ပွတ်တိုက်မှုတွေ များပါတယ်။ အကူးအပြောင်းကာလမှာ လမ်းကြောင်းလွဲတဲ့အခါ ပြန်လည်တည့်မတ်ရပါတယ်။ NCA ဆိုတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်သက်သက်မဟုတ်ပါဘူး။ ဒီမိုကရေစီအကူးအပြောင်းကို တည်တည်ငြိမ်ငြိမ်နဲ့ အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်ထားတဲ့ လက်နက်ကိုင်တိုက်နေတဲ့ အင်အားစုတွေအကြားက သဘောတူညီမှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် NCA ကိုပစ်ပယ်ပြီး နောက်ထပ် သဘောတူညီချက်တစ်ခု ရေးဆွဲမယ်ဆိုရင်တောင် NCA လောက်ပြည့်စုံဖို့ မလွယ်ပါဘူး။ NCA ထဲက အနည်းဆုံး ၉၀ ရာခိုင်နှုန်းကို အချက်အလက်အရမယူဘဲ နောက်ထပ်စာချုပ်တစ်ခု မဖြစ်နိုင်ပါဘူး။

ဒါဆိုရင် NCA ကို ဘယ်လိုဆက်လက်အကောင်အထည်ဖော်မှာလဲဆိုတာက အရေးကြီးတဲ့မေးခွန်းဖြစ်လာပါတယ်။ ရွေးကောက်ပွဲပြီးလို့ တက်လာတဲ့အစိုးရက ဒီတာဝန်ကို လက်ဆင့်ကမ်း ဆက်လက်ထမ်းဆောင်ရမှာဖြစ်တယ်။ အဲဒီဖြစ်လာမယ့်အစိုးရအတွက် ကျွန်တော်တို့ မျှော်လင့်ချက်တွေ၊ ကတိကဝတ်တွေကို အကောင်အထည်ဆက်ဖော်ဖို့ အကြံပြုချက် (၅) ချက်ကို တင်ပြပါရစေ။

နံပါတ် (၁) အနေနဲ့ Political Legitimacy လို့ဆိုတဲ့ နိုင်ငံရေးအရ အသိအမှတ်ပြုမှုရှိဖို့ အရေးကြီးတယ်ဆိုတဲ့ အချက်ပါ။ အနိမ့်ဆုံးအဆင့်အနေနဲ့ ဆွေးနွေးဖက်ရဲ့ခေါင်းထဲမှာ သူတို့လိုချင်တဲ့အကြောင်းအရာကို ညှိနှိုင်းသဘောတူနိုင်တဲ့အစုအဖွဲ့အဖြစ် အသိအမှတ်ပြုမှု လိုအပ်ပါမယ်။ ဒီထက်ပိုကောင်းတာကတော့ နိုင်ငံတကာရော၊ ပြည်သူလူထုကပါ ထောက်ခံအသိအမှတ်ပြုတဲ့ အစိုးရတစ်ခုဖြစ်ဖို့ပါပဲ။ နိုင်ငံရေးအရ အသိအမှတ်ပြုမှုအားနည်းခဲ့ရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အခက်အခဲရှိပါလိမ့်မယ်။ နိုင်ငံရေးအသိအမှတ်ပြုမှုဆိုတာ ရွေးကောက်ပွဲကို ဘယ်လိုဖြတ်သန်းလာလဲဆိုတာထက် အစိုးရဖြစ်လာတဲ့အခါ ဘာတွေလုပ်သလဲ၊ ဘယ်လောက်စွမ်းဆောင်သလဲဆိုတာက ပိုမိုအရေးကြီးပါမယ်။

နံပါတ်(၂)အချက်ကတော့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးတို့ရဲ့ သဟဇာတရှိမှုပဲဖြစ်ပါတယ်။ တိုက်ပွဲတွေရှိလို့ ငြိမ်းချမ်းရေးလုပ်တယ်ဆိုပေမယ့် ပြည်သူလူထုလုံခြုံမှု အားနည်းတဲ့အခြေအနေမျိုးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နိုင်ဖို့ ခက်ပါလိမ့်မယ်။ ဒီအတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အကောင်အထည်ဖော်မှု (ceasefire implementation) က အင်မတန်အရေးကြီးပါတယ်။ အထူးသဖြင့် Demarcation လို့ခေါ်တဲ့ နယ်မြေသတ်မှတ်မှုက အပစ်ခတ်ရပ်စဲရေးခိုင်ခံ့ဖို့ အရေးကြီးတဲ့အူတိုင်ဖြစ်ပါတယ်။

နံပါတ်(၃)အချက်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်စုဖွဲ့မှုဖြစ်ပါတယ်။ နှစ်ဖက်လုံးနဲ့ဆိုင်တဲ့ စုဖွဲ့မှုတွေအပြင် တစ်ဖက်ချင်းဆီက စုဖွဲ့မှုတွေအားကောင်းဖို့လိုပါတယ်။ NCA အရဖြစ်ပေါ်လာတဲ့ စုဖွဲ့မှုတွေကို အနှစ်သာရအရ ပြန်လည်အသက်သွင်းရမှာဖြစ်ပါတယ်။ အချို့စုဖွဲ့မှုတွေကတော့ မွမ်းမံရမှာလည်း ရှိနိုင်ပါတယ်။ ဒီစုဖွဲ့မှုတွေအားမကောင်းရင် အကောင်အထည်ဖော်မှုကလည်း အားကောင်းဖို့ခက်ပါမယ်။

နံပါတ်(၄)အချက်ကတော့ အပစ်အခတ်ရပ်စဲရေးကြောင့် ပဋိပက္ခစီးပွားရေး ပြန်လည်ဦးမထောင်လာဖို့ အရေးကြီးပါတယ်။ တိုက်ပွဲတွေရပ်နေလို့ ပဋိပက္ခစီးပွားရေး ပြန်လည်အားကောင်းလာတာနဲ့အမျှ နောင်အနာဂတ်စစ်ပွဲတွေအတွက် မီးစာထိုးပေးသလို ဖြစ်နေပါလိမ့်မယ်။ ပဋိပက္ခစီးပွားရေးကို ဘယ်လိုပုံမျိုးနဲ့ ဖြေရှင်းမလဲဆိုတာကို အပစ်အခတ်ရပ်စဲရေးကာလမှာ အဖြေထုတ်ဖို့လိုပါလိမ့်မယ်။

နံပါတ်(၅)အချက်ကတော့ ရရှိထားတဲ့ နိုင်ငံရေးသဘောတူညီချက်တွေကို အချိန်တိုတိုအတွင်း အကောင်အထည်ဖော်နိုင်ရေးဖြစ်ပါတယ်။ နိုင်ငံရေးသဘောတူညီချက်တွေ ရရှိလာတဲ့အခါ အချို့အကောင်အထည်ဖော်နိုင်တဲ့အချက်တွေကို မြန်မြန်ဆန်ဆန် အကောင်ထည်ဖော်နိုင်ဖို့ လိုပါလိမ့်မယ်။

နောက်တက်လာတဲ့ အစိုးရအနေနဲ့ NCA လက်မှတ်ရေးထိုးခဲ့ကြစဉ်ကရှိခဲ့ကြတဲ့ ကတိကဝတ်တွေကို ဆက်လက်အကောင်အထည်ဖော်နိုင်ကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ NCA ကို အကောင်အထည်ဖော်နိုင်ခြင်းဖြင့် ဒီမိုကရေစီအကူးအပြောင်းကို တည်တည်ငြိမ်ငြိမ်နဲ့ လျှောက်လှမ်းနိုင်မှာဖြစ်သလို ပြည်သူလူထုကြီး လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးကိုလည်း ယူဆောင်ပေးနိုင်ပါလိမ့်မယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Newspaper

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 16, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Ministry of Transport and Communications / Posted on October 16, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာချက်ထုတ်ပြန်ခြင်း

Ministry of Information / Posted on October 15, 2025

ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023