တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး


Ministry of Information/ Naypyitaw / April 09, 2026
image_latest


နေပြည်တော် ဧပြီ ၈

တတိယအကြိမ် အမျိုးသားလွှတ်တော်ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးစတုတ္ထနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၁၃ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၁၁ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ မစ္စတာ ကျောင်းလီကျဲ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံအထက်လွှတ်တော်ဥက္ကဋ္ဌ မစ္စဗယ်လင်တီနာမက်ဗီယန်ကို၊ ဘယ်လာရုစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ကောင်စီ (အထက်လွှတ်တော်) ဥက္ကဋ္ဌ မစ္စ နာတာလီယာ ကိုချာနိုဗာ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်တို့က ပေးပို့လာသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို လွှတ်တော်သို့တင်ပြပြီး မှတ်တမ်းတင်သည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပြီးဆုံးပြီဖြစ်ကြောင်း၊ တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၂၀၂၆ ခုနှစ် မတ် ၁၈ ရက်မှ ဧပြီ ၈ ရက်အထိ ကျင်းပခဲ့ကြောင်း၊ အစည်းအဝေးပထမနေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များထဲမှ သဘာပတိအဖြစ် တင်မြှောက်ခြင်းနှင့် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း။

ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးက ကရင်ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ် အမှတ် (၂) မှ ဒေါ်နန်းနီနီအေးကို ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်နိုင်ခဲ့ကြောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအနေဖြင့် ၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၄ နှင့် ၂၀၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄ တို့အရ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီ၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီများကို ဖွဲ့စည်းနိုင်ရေးအတွက် ယင်းကော်မတီတစ်ခုချင်းစီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်အဖြစ် ပါဝင်သင့်သည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း၊ ယင်းကော်မတီများအလိုက် တာဝန်ယူဆောင်ရွက်မည့် ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်သို့တင်ပြ၍ အတည်ပြုချက်ရယူပြီး ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ စသည့်နိုင်ငံများက အမြဲတမ်းကော်မတီဥက္ကဋ္ဌ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးတို့ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့လာခြင်းကို လွှတ်တော်သို့ တင်ပြခြင်း၊ မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း။

မိမိတို့လွှတ်တော်သည် ဥပဒေပြုရေးအာဏာ ပိုင်ဆိုင်ထားသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ရရှိထားသည့် ဥပဒေပြုရေးအာဏာကို အသုံးပြုကာ ပြည်သူများ ချမ်းသာကြွယ်ဝပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးဖြစ်ပေါ်ရေးအတွက် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အမျိုးသားရင်ကြားစေ့ရေးတို့ကို ဖော်ဆောင်ပေးမည့် ဥပဒေများ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးသည် လွှတ်တော်ကိုယ်စားလှယ်များ၏ အဓိကတာဝန်ဖြစ်ကြောင်း၊ ထို့ပြင် အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍများ၏ လုပ်ငန်းများကိုလည်း နှံ့နှံ့စပ်စပ်လေ့လာသိရှိထားရန် လိုအပ်ကြောင်း၊ အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍများအပေါ်တွင် မိမိတို့လွှတ်တော်ကိုယ်စား လှယ်များ၏ ပြောဆိုပြုမူဆောင်ရွက်ချက်များသည် မလျော်ဩဇာသုံးသည့် သဘောမျိုးမသက်ရောက်စေရန် သတိကြီးစွာထားရန် လိုအပ်သည်ကို မှာကြားလိုကြောင်း။

ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူကအုပ်ချုပ်သည့် စနစ်ဟုပြောနိုင်ကြောင်း၊ နိုင်ငံသားများအားလုံး လွှတ်တော်ထဲတွင် လာရောက်မထိုင်နိုင်သည့်အတွက် ၎င်းတို့၏ကိုယ်စား ရွေးချယ်တင်မြှောက်စေလွှတ်သည်ဟု  ဆိုနိုင်ကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူက ပေးအပ်စေခိုင်းသည်များကို တာဝန်ဟုခံယူပြီး ထမ်းဆောင်ရန် လိုအပ်ကြောင်း၊ ပြည်သူများ ခံစားတွေ့ကြုံနေရသည့် အခက်အခဲများကို ပြည်သူနှင့် ထပ်တူခံစားပြီး ပြည်သူ့အကျိုးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော်ထဲကို ရောက်ရှိလာကြသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အားလုံးသည် ယခုဆိုလျှင် တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေကြသူများ ဖြစ်ကြကြောင်း၊ ဖြတ်သန်းလာကြသည့် နယ်ပယ်အသီးသီးသည် မတူညီကြသော်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းစေမည့် ဥပဒေများကို ပြဋ္ဌာန်းမည်၊ မေးခွန်းများ၊ အဆိုများကို မေးမြန်းတင်သွင်းကြမည်ဆိုသည့် ရည်မှန်းချက်ချင်းတူညီကြပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အကြားဥပဒေပြုရေး၊ မေးခွန်းများ၊ အဆိုများ ဆွေးနွေးရေးများနှင့် ပတ်သက်ပြီး အမြင်မတူသည်များ၊ သဘောထားကွဲလွဲသည်များ ရှိနေမည်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကိုရှေးရှုညှိနှိုင်းပြီး ဆွေးနွေးအဖြေရှာသွားကြရမည်ဖြစ်‌ကြောင်း။

လွှတ်တော်ကိုယ်စားလှယ်သည် သက်ဆိုင်ရာနိုင်ငံရေးပါတီများ ရှိကြသော်လည်း ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်သည်ဆိုသည့် ခံယူချက်ထားရှိပြီး အပြန်အလှန်လေးစားမှုဖြင့် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများကို ကိုယ်စားပြုသည့် လွှတ်တော်ဖြစ်သည်နှင့်အညီ ပြည်ထောင်စုစိတ်ဓာတ်အရင်းခံဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

နိဂုံးချုပ်အနေဖြင့် လွှတ်တော်အစည်းအဝေးရပ်နားထားစဉ်တွင် ဒေသခံပြည်သူများ ပေးအပ်မည့် တာဝန်များကို အကောင်အထည်ဖော်ဆောင်ပေးနိုင်ရန်အတွက် ပြည်သူများ၏ အသံကို နားထောင်ပြီး ပြည်သူများ၏ နေ့စဉ်ဘဝများကို ထိတွေ့ကာ ပြည်သူ့ဘဝ၊ ပြည်သူ့ဆန္ဒများကို လွှတ်တော်ထဲ အထိရောက်အောင် သယ်ဆောင်၍ မေးခွန်းများ၊ အဆိုများ၊ ဥပဒေကြမ်းများ တင်သွင်းနိုင်အောင် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းလိုကြောင်း။

ပြည်သူ့အကျိုးစီးပွားကို မြင့်မြင့်မားမားဖော်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နိုင်ကြလိမ့်မည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံသားအားလုံး ငြိမ်းချမ်းသာယာဝပြောပြီး ဒီမိုကရေစီအောင်ပန်းကို ဆွတ်လှမ်းနိုင်ရေးအတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း တိုက်တွန်းပြောကြားရင်း လွှတ်တော်ကိုယ်စားလှယ်များအားလုံး မိမိတို့ သက်ဆိုင်ရာဒေသအသီးသီးသို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ပြန်လည်ရောက်ရှိပါစေဟု ဆုမွန်ကောင်းတောင်းအပ်ကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ရပ်နားကြောင်းနှင့် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးအောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

အခွန်အယူခံခုံအဖွဲ့ရုံးတွင်(၂၃-၄-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

Revenue Appellate Tribunal / Posted on April 09, 2026

အခွန်အယူခံခုံအဖွဲ့ရုံးတွင်(၂၃-၄-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Ministry of Information / Posted on April 06, 2026

မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery Capcity)အလိုက်မူလတန်ဖိုးFOBဈေးနှုန်းအပေါ်ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခအား၂၀၂၆ခုနှစ်၊ဧပြီလ(၁)ရက်မှစတင်၍အောက်ပါအတိုင်းသတ်မှတ်ကောက်ခံသွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်

Ministry of Transport and Communications / Posted on April 03, 2026

မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery Capcity)အလိုက်မူလတန်ဖိုးFOBဈေးနှုန်းအပေါ်ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခအား၂၀၂၆ခုနှစ်၊ဧပြီလ(၁)ရက်မှစတင်၍အောက်ပါအတိုင်းသတ်မှတ်ကောက်ခံသွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်

Video