ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တန် (၁၅၀) ဆန်စက်ဖွင့်ပွဲ အခမ်းအနားနှင့် တန် (၁၂၀) ဆန်စက် ပန္နက်ရိုက် အခမ်းအနားများသို့ တက်ရောက်


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / November 26, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်သည့် တန် (၁၅၀) ဆန်စက်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အကွက်အမှတ် (၅၉၀) တွင် ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီးသမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက တန် (၁၅၀) ဆန် စက်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က အခမ်းအနားဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်၍ တာဝန်ရှိသူများနှင့်အတူ ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်အနက် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်၍ စိုက်ပျိုးရေး၊ မွေးမြူးရေး ကိုအခြေခံသည့် စက်မှုကဏ္ဍ(Agro - based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး ဟူသောအချက်ကို အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သမဝါယမကဏ္ဍအနေဖြင့်လည်း အဆိုပါစီးပွားရေးဦးတည်ချက်ကို ဖော်ဆောင်နိုင်ရန် တစ်ထောင့်တစ်နေရာမှ တတ်စွမ်းသမျှ အထောက်အကူပြု ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲကလည်း ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ သမဝါယမစနစ်ဖြင့် သွားသည့် ကုန်ထုတ်လုပ်မှုကို သွားနိုင်ရန်လိုပါကြောင်း၊ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ အချို့ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်လည်း သမဝါယမစနစ်ကို ကျင့်သုံးလျက်ရှိပါကြောင်း၊ သမဝါယမစနစ်ကို ကျင့်သုံးခြင်းဖြင့် လုပ်ငန်းများဆောင်ရွက်မှုကို ပိုမိုတိုးတက်စေမည်ဖြစ်ပြီး စုပေါင်းသမဝါယမစနစ် ကျင့်သုံး၍ ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ သမဝါယမအသိုက် အဝန်းမှ ပုဂ္ဂိုလ်များအနေဖြင့်လည်း စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းများကို  ထဲထဲဝင်ဝင်လုပ်ကိုင် ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများ၏ မိသားစုဝင်ငွေတိုးပွားရေးကို အလေးပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊  

          ယနေ့ ဖွင့်လှစ်လိုက်တဲ့ မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီ တို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် Royal Ruby Flower တန်(၁၅၀)ကျ ဆန်စက်မှာ  မန္တလေး တိုင်းဒေသကြီးအတွင်း လည်ပတ်လျက်ရှိသည့် ဆန်စက်များအနက် အဆင့်မြင့်ဆန်စက်ကြီးတစ်ခု ဖြစ်ပြီး သမဝါယမကဏ္ဍဖြင့် တည်ဆောက်ပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း တောင်သူလယ်သမားများ၏ လယ်ယာမြေ များမှ ထွက်ရှိလာသော စပါးများ အလေအလွင့်မရှိစေရေး၊ ဈေးကွက်ရရှိရေး၊ အခြေခံတောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားလာစေရေး၊ ဒေသတွင်း စားရေရိက္ခာ ဖူလုံရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေးတို့ကို များစွာ အထောက်အကူပြုနိုင်မှာ ဖြစ်ပါကြောင်း၊

          အမှန်တကယ် အလုပ်လုပ်သူများ၊ ဆန္ဒတူသူများဖြင့် သမဝါယမအသင်းများ ဖွဲ့စည်းပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကဆောင်ရွက်နေသည့်အတွက် အသင်းသားတောင်သူများ လိုအပ်တဲ့ မျိုးကောင်း မျိုးသန့်ရရှိရေး၊ သွင်းအားစု ပံ့ပိုးပေးနိုင်ရေး၊ ထွက်ရှိလာတဲ့ သီးနှံတွေကို ဈေးကွက်ခိုင်မာမှုရရှိအောင် လုပ်ဆောင်ပေးခြင်းဖြင့် သီးနှံအထွက်တိုးကာ ပြည်သူများ၏ စားရေ ရိက္ခာကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါကြောင်း၊ သွင်းအားစုများ စုပေါင်းဝယ်ယူခြင်း၊ ထွက်ရှိသီးနှံများ စုပေါင်းရောင်းချခြင်းဖြင့် ဈေးနှုန်းမှန်နှင့် ဈေးကွက်ရရှိအောင် ကြိုးစားကြရန်၊ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီတို့အနေဖြင့်လည်း သွင်းအားစုများ ပံ့ပိုးမှု၊ ထွက်ရှိသီးနှံများ ဈေးကွက်ချိတ်ဆက်ပေးမှုတို့ဖြင့် အကျိုးတူလယ်ယာစနစ် (Contract Farming System) ကို ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊

          နိုင်ငံတော်မှလည်း ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းနှင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း ဆန်ဖူလုံမှုရှိစေရေး၊ စပါးအထွက်နှုန်း တိုးတက်စေရေး အားပေးလျက် ရှိပါကြောင်း၊ တောင်သူများအနေဖြင့် အရည်အသွေးကောင်းမွန်သော စပါးများ စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက် နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ယခုကဲ့သို့ သမဝါယမကဏ္ဍမှ အဆင့်မြင့်ဆန်စက်ကြီး ပေါ်ပေါက်လာရေးအတွက် ဝိုင်းဝန်းကူညီပေးကြသော မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သမဝါယမအသင်းများ၊ ဒေသခံပြည်သူများအား ကျေးဇူး အထူးတင်ရှိပါကြောင်း‌ ပြောကြားသည်။

          ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က တန်(၁၅၀)ကျ ဆန်စက် ပေါ်ပေါက်လာရေး ဆောင်ရွက်ပေးခဲ့မှုများ၊ ဆန်စက်၏ လည်ပတ်စွမ်းအားနှင့် အဆင့်မြင့် ကြိတ်ခွဲပြီး ပြည်ပသို့တင်ပို့ရောင်းချနိုင်မည့် အခြေအနေများ၊ တိုင်းဒေသကြီးအတွင်းရှိ တောင်သူ များ၏ မိသားစုဝင်ငွေတိုးပွားရေး ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌက တန် (၁၅၀) ဆန်စက် စီမံကိန်း ဖြစ်ပေါ်လာပုံနှင့် ယခု တန်(၁၅၀)ဆန်စက်တွင် သမဝါယမကောလိပ် ကျောင်းဆင်းများနှင့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းဆင်းများ အလုပ်အကိုင် ခန့်ထား ပေးနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌက တန် (၁၅၀) ဆန်စက်တည်ဆောက် ခဲ့မှုနှင့် မြန်မာတစ်နိုင်ငံလုံး ဆန်စက်တည်ဆောက်နိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ယင်းနောက် စက်ရုံဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များ ပေးအပ်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စက်ရုံအတွင်း လိုက်လံလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် အောင်သဇင် သမဝါယမအသင်းလီမိတက်တို့ အကျိုးတူ ပူးပေါင်းတည်ဆောက်မည့် တန် (၁၂၀) ကျ ဆန်စက် ပန္နက်ရိုက်အခမ်းအနားသို့ တက် ရောက်ခဲ့ပြီး သတ်မှတ်နေရာများတွင် အသီးသီး ပန္နက်ရိုက်ပေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စမ်းဝတီ နို့ချက်စက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ကိုလည်းကောင်း၊ သဘာဝမြေဩဇာ ထုတ်လုပ်နေမှုများကိုလည်းကောင်း၊ ပန်းရိုးမ ရေသန့်စက်ရုံကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ နန္ဒာ (မြောက်) ခေတ်မီ စံပြကျေးရွာသို့ သွားရောက်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သည့် ကျေးရွာမှမြို့သို့သွားသော အရှည် ၁ မိုင် ကတ္တရာလမ်းဖွင့်ပွဲသို့ တက်ရောက်၍ ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် သမဝါယမကောလိပ်သို့ သွားရောက်၍ မန္တလေးငလျင် ကြီးကြောင့် ထိခိုက်ပျက်စီးမှုများအား ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံးပြန်လည်ပြုပြင် ဆောင်ရွက်ရေး တာဝန်ရှိသူများအား မှာကြားသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ်အခြေခံပြည့်ဝသော သမဝါယမစီးပွားရေးပညာတတ် လူငယ်လူရွယ်များ ဖြစ်စေ ရေး လေ့ကျင့်သင်ကြားပေးရန်၊ ကျောင်းသားကျောင်းသူများကလည်း သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များသို့ ပေါင်းကူးတက်ရောက်ခွင့် ရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားပြီး ပေါင်းကူးတက်ရောက်ခွင့် မရရှိသည့် ကျောင်းသားကျောင်းသူများအတွက် အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်း ရရှိသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 25, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) တို့တွင် ကျောင်းအပ်လက်ခံမည့်ရက်နှင့် ကျောင်းစတင်ဖွင့်လှစ်မည့်ရက် ထုတ်ပြန်ကြေညာ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on November 19, 2025

နေပြည်တော် နိုဝင်ဘာ ၁၉

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on November 21, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023