ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှုအမြစ်ပြတ်နှိမ်နင်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအမေး/အဖြေများ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှုအမြစ်ပြတ်နှိမ်နင်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအမေး/အဖြေများ
Ministry of Information/ Naypyitaw / December 17, 2025
နေပြည်တော် ဒီဇင်ဘာ ၁၆
Popular News ဂျာနယ်မှ အကြီးတန်းသတင်းထောက် ဒေါ်မဉ္ဇူဇော်တိုးက မင်းလက်ပံရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့်တရားမဝင် ဝင်ရောက်နေထိုင်နေသည့် ပြည်ပနိုင်ငံသားများကိစ္စကို အစိုးရနှင့်တပ်မတော်အနေဖြင့် မည်သို့ကိုင်တွယ်ဖြေရှင်းသွားမည်ကို သိလိုပါကြောင်း မေးမြန်းသည်။
နှစ်နိုင်ငံအထင်အမြင်လွဲစေရန်လုပ်ဆောင်မှုများကို မိမိတို့နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဖြင့် တိုက်ဖျက်သွားမည်
ဗိုလ်ချုပ်ဇော်မင်းထွန်းက မင်းလက်ပံကိစ္စကို မီဒီယာများလည်း သိရှိပြီးဖြစ်ကြောင်း၊ မင်းလက်ပံကိစ္စသည် KNU အနေနှင့် အွန်လိုင်းလိမ်လည်မှုများကို ကျူးလွန်ပြီးသည့်နောက်ပိုင်းတွင် အွန်လိုင်းလိမ်လည်မှုနှင့် ၎င်းတို့မပတ်သက်ကြောင်းကိုပြလိုသည့် လုပ်ကွက်တစ်ခုဖြစ်သည်ကို မိမိအနေဖြင့် ပထမဦးဆုံးပြောလိုပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ အရှိန်အဟုန်နှင့် အမြစ်ပြတ်အောင် ဖြေရှင်းနေသည့်အပေါ်တွင် အာရုံပြောင်းရန်အတွက် KNU အနေဖြင့် ၎င်းတို့ကိုယ်တိုင်ပါဝင်ပတ်သက်နေသည့် KKO အဖွဲ့ကို (KKO အဖွဲ့နှင့် KNU အဖွဲ့အချို့ နေရာများတွင် မည်ကဲ့သို့ပတ်သက်ခဲ့သည်၊ မည်သို့ဖြစ်ပေါ်လာသည်ကို မိမိယခင်ကလည်း ပြောပြီးဖြစ်ကြောင်း) ဟန်ပြသိမ်းပိုက်ပြီး ၎င်းတို့ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသည့်အကြောင်းကို လူမသိအောင်လုပ်ရန်ဆောင်ရွက်ခြင်းဖြစ်သည်ဟု မိမိအနေဖြင့်ပြောလိုပါကြောင်း၊ ယင်းနှင့်ပတ်သက်ပြီးလည်း PowerPoint တွင် မိမိတို့ပြထားကြောင်း၊ မိမိတို့ကိုလည်း ပြည်ပနိုင်ငံတစ်ခုက သံရုံးမှတစ်ဆင့် မင်းလက်ပံကိစ္စတွင်သေဆုံးခဲ့သည့် ၎င်းတို့ နိုင်ငံသားများရှိသည်ကိုလည်း သတင်းလက်ခံရရှိပါကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့်လည်း စုံစမ်းဖော်ထုတ်လျက်ရှိပါကြောင်း၊ စုံစမ်း ဖော်ထုတ်ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အွန်လိုင်းလိမ်လည်မှုကိစ္စများနှင့်ပတ်သက်ပြီး မိမိပြောကြားခဲ့သည့်အတိုင်း အမြစ်ပြတ်သည်အထိ သုတ်သင်ချေမှုန်းသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမည်သည့်နေရာဒေသတွင်ရှိသည့် နေရာတွင်ဖြစ်စေ၊ အွန်လိုင်းလိမ်လည်မှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ချေမှုန်းသွားမည် ဖြစ်ကြောင်း၊ မေးခွန်းနှင့်ဆက်စပ်ပြီး မြန်မာ-ထိုင်း နယ်စပ်တွင်ဖြစ်ပေါ်နေသည့် တချို့အခြေအနေနှင့် ပတ်သက်ပြီးလည်း ပြောလိုပါကြောင်း၊ မြန်မာ-ထိုင်းနယ်စပ်တွင် မိမိတို့အနေနှင့်ထိန်းသိမ်းမှုများ၊ အဆောက်အအုံများ မြေလှန်ဖျက်ဆီးမှုများဆောင်ရွက်နေကြောင်း၊ ဆောင်ရွက်နေရသည့် ရည်ရွယ်ချက်ကိုလည်း ပြောပြီးဖြစ်ကြောင်း၊ ယင်းကို နှောင့်ယှက်ရန်အတွက် KNU အနေဖြင့် ထိုဒေသများတွင် တိုက်ပွဲဖြစ်စဉ်များ ဖော်ဆောင်နေခြင်းများရှိကြောင်း၊ မိမိတို့ တပ်မတော်သားများနှင့်လည်း တိုက်ပွဲဖြစ်နေခြင်းများ ရှိကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့်လည်း ၎င်းတို့၏နယ်မြေထဲသို့ မြန်မာ့တပ်မတော်ကပစ်သည့်ကျည်များကျသည်ဟု ပြောကြားမှုများရှိကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး မိမိအနေဖြင့် လုံးဝမငြင်းပယ်ပါကြောင်း၊ မိမိတို့နှင့်ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း၊ မိမိတို့တွင် နှစ်နိုင်ငံနယ်ခြားဒေသများနှင့်ပတ်သက်ပြီး အခြေခံအဆင့်ထိဖွဲ့စည်းပြီးဖြစ်ကြောင်း၊ မြို့နယ်အဆင့် နှစ်နိုင်ငံနယ်ခြားဒေသကော်မတီများ၊ ခရိုင်အဆင့်များ၊ ဒေသတွင်းအဆင့်များမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်နေပါကြောင်း၊ သို့သော်မိမိပြောလိုသည်မှာ တချို့သည်မိမိတို့ဘက်က ပစ်လိုက်ခြင်း မဟုတ်ပါကြောင်း၊ KNU အနေဖြင့် ထိုင်းနှင့်မြန်မာကြားတွင် ပြဿနာဖြစ်အောင် တမင်သက်သက်လုပ်နေခြင်းဖြစ်ကြောင်း၊ KNU က တိုက်ပွဲဖြစ် သယောင်နှင့် ထိုင်းနိုင်ငံထဲကို ကျည်များကျအောင် ပစ်နေခြင်းများရှိကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး လည်း ယခုမိမိပြမည့် မင်းလက်ပံတွင် ဖြစ်နေသည့် နေရာ၌ တမင်သက်သက် ထိုင်းနိုင်ငံထဲကို KNU များအနေနှင့် ၄၀ မမ ဗုံးသီးများ ပစ်သွင်းနေခြင်းကို တွေ့ရမည်ဖြစ်ကြောင်း၊ ယင်း Video ဖိုင်ကို မိမိပြလို ပါကြောင်း၊ ၎င်းတို့ပစ်နေသည်မှာ ထိုင်းနိုင်ငံဘက်ကို ပစ်နေခြင်းဖြစ်ကြောင်း၊ မည်သည့်တိုက်ပွဲမျှ မဖြစ်ဘဲ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ယင်းသည် သက်သေဖြစ်ကြောင်း၊ တစ်ဖက်တွင် သောင်ရင်းမြစ် ရှိပါကြောင်း၊ KNU များအနေဖြင့် မည်သည့်တိုက်ပွဲမျှ မဖြစ်ဘဲ သောင်ရင်းမြစ်ကိုကျော်ပြီး ထိုင်းနိုင်ငံထဲ သို့ပစ်နေသည့် သက်သေခံ Video ဖြစ်ကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်နေပြီး နှစ်နိုင်ငံကြားတွင် အထင်အမြင်လွဲအောင်၊ နှစ်နိုင်ငံကြားတွင် ပြဿနာဖြစ်အောင် ၎င်းတို့အနေဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်မှသာ KNU ဆိုသည့် အဖွဲ့အစည်း၊ KNU နှင့်ပတ်သက်နေသည့် အကြမ်းဖက်အဖွဲ့အစည်းများသည် ရပ်တည်၍ ရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်ခြားဒေသများတွင် ယခုကဲ့သို့ပြဿနာဖြစ်မှ၊ နှစ်နိုင်ငံနယ်ခြားဒေသများတွင် မတည်မငြိမ်ဖြစ်မှ ၎င်းတို့၏ရပ်တည်မှု၊ ၎င်းတို့၏ နေထိုင်မှုများသည် ခိုင်မာမည်ဖြစ်သည့် အတွက် ထိုကဲ့သို့လုပ်ဆောင်နေခြင်းဖြစ်သည်ကို ပြောလိုပါကြောင်း၊ ထိုင်းနှင့်မြန်မာနိုင်ငံ နှစ်နိုင်ငံသည် ဆက်သွယ်ဆက်ဆံရေးတွင် ရှေးနှစ်ပေါင်းများစွာကတည်းက ဆက်ဆံဆက်သွယ်နေသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း၊ အထက်ပါအတိုင်း နှစ်နိုင်ငံအထင်အမြင်လွဲစေရန် လုပ်ဆောင်မှုများကို မိမိတို့နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဖြင့် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
အမိမြေသစ္စာ သတင်းစုံသတင်းဂျာနယ်မှ ဒုတိယအယ်ဒီတာချုပ် ဦးမျိုးမင်းလတ်က အမြစ်ပြတ်နှိမ်နင်းရေးလမ်းစဉ်နှင့်ပတ်သက်ပြီး လက်ရှိ ကရင်ပြည်နယ်အတွင်းရှိ NCA ကို လက်မှတ်ရေးထိုး ထားသည့် DKBA ကဲ့သို့သောအဖွဲ့အစည်းမျိုး၊ KNU/ KNLA - PC ကဲ့သို့ အဖွဲ့အစည်းမျိုး၊ လက်ရှိနိုင်ငံတော် ကာကွယ်ရေးလက်အောက်တွင်ရှိနေသည့် BGF ကဲ့သို့အဖွဲ့အစည်းမျိုးနှင့် နိုင်ငံတော်အစိုးရတို့ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတချို့ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိပြောသွားသည့် အသုံးအနှုန်းများထဲတွင် ပါပြီးဖြစ်ပါကြောင်း၊ အွန်လိုင်းလိမ်လည်မှုများထဲတွင် တချို့သော EAO အဖွဲ့များအပြင်၊ တချို့သော လက်နက်ကိုင်အဖွဲ့များ ပါဝင်နေသည်ကို မိမိပြောလိုပါကြောင်း၊ အဖွဲ့အစည်းအနေဖြင့် ပါဝင်သည်ဆိုခြင်းထက် အဖွဲ့အစည်းထဲတွင်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးချင်းသော်လည်း ကောင်း၊ အဖွဲ့အစည်းထဲတွင်ရှိသည့် ယင်းပုဂ္ဂိုလ်များ၏ တစ်ဦးချင်းနောက်တွင်လိုက်နေသည့် အဖွဲ့ငယ်လေးများအလိုက်သော်လည်းကောင်း ဆောင်ရွက်နေခြင်းရှိပါကြောင်း၊ မိမိပြောလိုသည်မှာ မကောင်းသည့်သွေးဆိုလျှင် ဖောက်ထုတ်ပစ်ရမည်ဖြစ်ပါကြောင်း၊ အဖွဲ့အစည်းတိုင်းတွင် ကောင်းသည့်လူရှိသကဲ့သို့ မကောင်းသည့်လူလည်းရှိကြောင်း၊ အဖွဲ့ အစည်းအားလုံးသည် မကောင်းခြင်းမဟုတ်ပါကြောင်း၊ ယခုဆိုလျှင် ရွှေကုက္ကိုလ်တွင်လုပ်ဆောင် နေသည့်အထဲတွင် BGF အဖွဲ့ဝင်များပူးပေါင်းပါဝင် ဆောင်ရွက်နေခြင်းရှိပါကြောင်း၊ တချို့ BGF အဖွဲ့ဝင်များလည်း ပူးပေါင်းပါဝင်ခြင်းမရှိကြောင်း၊ မိမိတို့ အနေဖြင့် ခွဲခွဲခြားခြားလုပ်ပစ်ရမည်ဖြစ်ကြောင်း၊ EAO အဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့အစိုးရ ၏မျက်နှာကိုမကြည့်ချင်နေ၊ နိုင်ငံတော်၏မျက်နှာ၊ ပြည်သူလူထု၏မျက်နှာကိုပဲကြည့်ပါဟု မိမိပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
ဟိဏ်းသစ္စာသတင်းစုံဂျာနယ်မှ အယ်ဒီတာချုပ် ဒေါ်ခိုင်စံပယ်ဦးက ယခုမိမိတို့ မြန်မာနိုင်ငံသည် အခြားနိုင်ငံကဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည် မှုလုပ်ငန်းဆိုင်ရာများ၊ ကျူးလွန်ခဲ့တဲ့သူများ၊ ပါဝင်ပတ်သက်ခဲ့သည့်သူများကို စရိတ်များအကုန်ကျခံကာ ကျွေးမွေးစောင့်ရှောက်ပြီး ၎င်းတို့၏ မူရင်းတိုင်းပြည်များသို့ ပြန်လည်အပ်နှံနေကြောင်းကို သိရ ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံသားများ တခြားနိုင်ငံတွင် ယင်းကဲ့သို့လုပ်ငန်းများထဲ ပါဝင်ပတ်သက်ခြင်းဖြစ်စေ၊ အခြားလုပ်ငန်းတစ်ခုခုတွင် ဥပဒေနှင့်မညီ သည့်အသုံးချခံရခြင်းများဖြစ်စေဖြစ်ပွားခဲ့သည့် ပြည်သူများကို တခြားနိုင်ငံများက မိမိတို့နိုင်ငံကို ယခုကဲ့သို့ပြုစုစောင့်ရှောက်ပြီး ပြန်လည်အပ်နှံပေးပါသလား၊ မည်မျှရှိခဲ့ပါသလဲဟု သိလိုပါကြောင်းမေးမြန်းသည်။
ပြတ်ပြတ်သားသားအရေးယူရမည့်သူများကိုလည်း ပြတ်ပြတ်သားသားအရေးယူသွားမည်
ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံတကာတွင် ယင်းကိစ္စများသည် နိုင်ငံတကာရာဇဝတ်မှုမြောက်ကြောင်း၊ နိုင်ငံတကာမှမသမာမှုဖြင့် ထွက်ပြေးနေသည့် ရာဇဝတ်သားများ၊ ရာဇဝတ်ပြေးများက စုပေါင်းပြီးလုပ်ခြင်းဖြစ်ပါကြောင်း၊ သတင်းထောက်ကြီးမေးသည့် အရေအတွက်ကို အတိအကျမပြောနိုင်သော်လည်း နိုင်ငံတကာတွင်လည်း နိုင်ငံတိုင်းနိုင်ငံတိုင်း စံနှုန်းရှိပါကြောင်း၊ ယင်းစံနှုန်းတွင် လူသားချင်းစာနာထောက်ထားမှုစံနှုန်းသည် နိုင်ငံတကာတွင်ရှိပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းတို့နိုင်ငံထဲတွင် ဥပမာ-မြန်မာနိုင်ငံသားက ပြစ်မှုကျူးလွန်သည်ဆိုပါက ၎င်းတို့အနေဖြင့် ၎င်းတို့တရားဥပဒေနှင့်ဆောင်ရွက်ကြောင်း၊ စားစရာ၊ နေရာပေးခြင်း၊ ပြန်လည်မအပ်နှံခင်စစ်ဆေးခြင်းတို့သည် နိုင်ငံတိုင်းတွင် လုပ်ဆောင်သည့်လုပ်ငန်းစဉ်များ ဖြစ်ပါ ကြောင်း၊ ယင်းတို့လုပ်ဆောင်နေခြင်းလည်းရှိပါကြောင်း၊ မြန်မာနိုင်ငံကိုပြန်လည်ပြီး အပ်နှံနေခြင်းလည်းရှိပါကြောင်း ဖြေကြားသည်။
သတင်းနဂါးသတင်းစုံဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦးမင်းထက်ပိုင်က မြန်မာနိုင်ငံထဲတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျယ်ပြန့်လာသည်နှင့်အမျှ နစ်နာသည့် မြန်မာနိုင်ငံမှပြည်သူများ၊ အခြားနိုင်ငံမှ ပြည်သူပြည်သားများပါ ထိရောက်သည့် ဒုစရိုက်ကျူးလွန်မှုများ ခံစားနေရသည်ကို တွေ့ရပါကြောင်း၊ ဒုစရိုက်မှုများကို ချေမှုန်းပြီး အမြစ် ပြတ်နှိမ်နင်းနေသည့် ကာလဟုသိရသော်လည်း မိမိတို့လိုလားမှုမရှိဘဲနှင့် အွန်လိုင်းလိမ်လည်သည့် ဖြစ်စဉ်အောက်ကို ရောက်ရှိသွားသည့် အခြားနိုင်ငံက ပြည်သူများ၊ မိမိတို့မြန်မာနိုင်ငံကပြည်သူများကိုလည်း အမြန်ဆုံးကယ်ဆယ်စောင့်ရှောက်သွားမည့်အခြေအနေ၊ ထောက်ပံ့သွားမည့်အခြေအနေကို သိလိုပါကြောင်းမေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက အွန်လိုင်းလိမ်လည်မှု ဖြစ်စဉ်တွင် အနည်းငယ်ရှုပ်ထွေးသည့် အပိုင်းများရှိကြောင်း၊ ရှုပ်ထွေးသည့်အပိုင်းဆိုသည်မှာ ပြစ်မှုကျူးလွန်ခြင်းမဟုတ်ဘဲ ၎င်း၏ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်၊ ရုပ်သွင်ကိုအသုံးချခံလိုက်ရခြင်းမျိုး ရှိကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး နစ်နာမှုရှိသည့် လူများလည်း မြန်မာနိုင်ငံထဲတွင် ရှိပါကြောင်း၊ သို့သော် တချို့က ထိုသို့မဟုတ်ဘဲ အကျိုးတူဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောခဲ့သကဲ့သို့ တချို့ကသားကောင် ဖြစ်ခဲ့သည်မှာမှန်သော်လည်း တချို့က သားကောင်မဟုတ်ဘဲ ၎င်းတို့ကိုယ်တိုင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင်လည်းရှိသည်ကို မိမိတို့ဝန်ခံကြောင်း၊ နိုင်ငံခြားသားများလည်း ရှိကြောင်း၊ မိမိတို့ဖမ်းမိသည်မှာအရေအတွက် အနည်းငယ်သာဖြစ်ကြောင်း၊ ပြည်ထဲရေးဒုတိယ ဝန်ကြီးပြောသကဲ့သို့ ၎င်းတို့ ကိုယ်တိုင်ဖမ်းဆီးပြီး ပြန်ပို့လိုက်သော်လည်း တချို့လူများက ဒုတိယအကြိမ် လိုလိုလားလား ပြန်ဝင်လာကြောင်း၊ ထိုလူမျိုးများကို မိမိတို့က ခွဲခြားသတ်မှတ်ရမည်ဖြစ်ကြောင်း၊ အပြစ်ရှိသည့်သူများကိုလည်း မိမိတို့က ပြင်းပြင်းထန်ထန်ချေမှုန်းမည်ဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ သဘောထားကိုပြောပြီးဖြစ်ကြောင်း၊ မိမိတို့မြန်မာနိုင်ငံ၏ သဘောထားသည် အွန်လိုင်း လိမ်လည်မှုဆိုသည်မှာ လူတစ်ဦးတည်းကိုလိမ်လည် ခြင်းမဟုတ်ဘဲ၊ လူအများစုကို လိမ်လည်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လူအများစုပေါ်တွင်ကျူးလွန်သည့် ကြီးလေးသည့်ပြစ်မှုအဖြစ် မိမိတို့ခံယူထားကြောင်း၊ ထို့ကြောင့် အကာအကွယ်လိုအပ်သည့်လူများကိုလည်း မိမိတို့ အကာအကွယ်ပေးသွားမည် ဖြစ်ပြီး ပြတ်ပြတ်သားသားအရေးယူရမည့်သူများကိုလည်း ပြတ်ပြတ်သားသားအရေးယူသွားမည်ဟု ပြောလိုပါကြောင်း ဖြေကြားသည်။
အမှန်တရားသတင်းစုံဂျာနယ်မှ သတင်းထောက်ဦးဝင်းဇော်က အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားတိုက်ဖျက်ရေးကြီးကြပ်မှု ကော်မတီဖွဲ့စည်းဆောင်ရွက်ခြင်းကို တွေ့ရ၍ ကြိုဆိုပါကြောင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား အမြန်ဆုံးရှင်းလင်း ကွယ်ပျောက်သွားမည်ဟုလည်း ယုံကြည်ပါကြောင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားတစ်ခုဖြစ်သည့် အွန်လိုင်းပေါ်တွင် ထိုင်းထီဂဏန်း သုံးလုံးတူလျှင် ပေါက်မဲဟုဆိုသည့် ကားကံစမ်းမဲ၊ ဆိုင်ကယ်ကံစမ်းမဲ၊ မြေကွက်ကံစမ်းမဲ၊ အိမ်ကံစမ်းမဲ များကို လိမ်လည်ရောင်းချနေသူ အများအပြားတွေ့ရပါကြောင်း၊ ယင်းကဲ့သို့လုပ်ဆောင်နေသည့် အွန်လိုင်းကံစမ်းမဲများကို အရေးယူဖမ်းဆီးမှုရှိ၊ မရှိသိလိုပါကြောင်း မေးမြန်းသည်။
ရဲမှူးချုပ်ကျော်လင်းက အွန်လိုင်းလောင်းကစားမှုများနှင့်ပတ်သက်ပြီး အွန်လိုင်းပေါ်တွင် နည်းမျိုးစုံ၊ ကစားနည်းမျိုးစုံနှင့် လုပ်ဆောင်နေသည်ကိုတွေ့ရမည်ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ တရားမဝင်ထိုင်းထီများ၊ ကားများ၊ မြေများ၊ အိမ်စသည့်ကံစမ်းမဲများ လိမ်လည်ရောင်းချသည့်သူများကို နည်းပညာပိုင်းအရဖော်ထုတ်ပြီးမှ လောင်းကစားဥပဒေနှင့် အရေးယူနေခြင်းများ ရှိပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ အွန်လိုင်းလောင်းကစားမှု ၁၀၇ မှု ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း ရှင်းလင်းဖြေကြားသည်။
NP News သတင်းဌာနမှ သတင်းထောက်ချုပ် ကိုသုတကျော်က Online Scam ကို နယ်စပ်တွင် တိုက်ဖျက်နေသည်ကိုသိရကြောင်း၊ ယင်းနောက်တွင် ၎င်းတို့ထဲက တချို့သည် ပြည်မဘက်ကို စိမ့်ဝင်လာသည်ဟု သတင်းထွက်ခြင်းမျိုးများရှိကြောင်း၊ ၎င်းတို့နှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်သည့် အပိုင်းတွင် အဂတိရှိနေသည်ဟု သတင်းထွက်ခြင်း များ ရှိနေပါကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားပေးစေလိုကြောင်း မေးမြန်း သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက အွန်လိုင်းလောင်းကစားသည် နည်းပညာပိုင်းဆိုင်ရာများ၊ လုပ်ဆောင်သည့်သူများဖြင့် ရှုပ်ထွေးမှုနှစ်ခုဖြစ်ကြောင်း၊ နံပါတ်တစ် နည်းပညာပိုင်းဆိုင်ရာ၊ နံပါတ်နှစ် လုပ်ဆောင်သည့်သူများဖြစ်ကြောင်း၊ နံပါတ်တစ် နည်းပညာပိုင်းဆိုင်ရာဆိုသည်မှာ အွန်လိုင်းလောင်း ကစားမှုကို ဒီနေရာတွင် နှိမ်နင်းလိုက်သော်လည်း နည်းပညာပိုင်းဆိုင်ရာ တချို့သောအချက်များကို ဒီထဲတွင် ဖျက်ဆီးလိုက်နိုင်ခြင်းရှိသော်လည်း လေပေါ်တွင် ရှိနေသည့်အရာကို မိမိတို့မဖျက်ဆီး နိုင်ကြောင်း၊ ဥပမာ-အနီးဆုံး ပြောရမည်ဆိုလျှင် Cloud နည်းပညာနှင့် အင်တာနက်အပေါ်တွင် တင်ထားသည့် အချက်အလက်များကို သတင်းထောက်ကြီးတို့လည်း မသိနိုင်သလို မိမိတို့လည်း မသိနိုင်ကြောင်း၊ အချက်အလက်နှိမ်နင်းရန် ခက်ခဲမှု၊ နံပါတ်နှစ်မှာ အွန်လိုင်းလောင်းကစားမှုကို ကျူးလွန် နေသည့်သူများဖြစ်ကြောင်း၊ အွန်လိုင်းလောင်း ကစားမှုကို ကျူးလွန်နေသည့်သူများက အများအားဖြင့် မည်သည့်လူကြီးလူကောင်းမှ မကျူးလွန်ကြောင်း၊ နိုင်ငံတကာတွင်ရှိနေသည့် ရာဇဝတ်မှု ကျူးလွန်ပြီး ထွက်ပြေးနေသည့် ပြည်ပြေးများ သို့မဟုတ် ရာဇဝတ်သားများက အများအားဖြင့် ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ နောက်ကွယ်တွင် အရေခြုံများရှိနေနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တချို့ကိစ္စများကို ခြေရာခံပြီး ကွင်းဆက်လိုက်ကာ အားလုံးနှင့်ပူးပေါင်းဆောင် ရွက်ရခြင်းဖြစ်ကြောင်း၊ နယ်စပ်များတွင် နှိမ်နင်းလိုက်သည့်သူများက မြန်မာနိုင်ငံထဲကို ဝင်လာနိုင်ကြောင်း၊ ဤသည်ကိုလည်းမဖြစ်နိုင်ဟု ပြော၍မရကြောင်း၊ မိမိတို့လည်း မငြင်းကြောင်း၊ ပြည်ပကို မည်မျှထွက်သွားသည်ကိုလည်း သတင်းထောက် ကြီးတို့ မြင်ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံထဲကိုလည်း ဝင်လာနိုင်ကြောင်း၊ ထိုကဲ့သို့ မြန်မာနိုင်ငံထဲကို ဝင်လာသည့်အခါ မိမိတို့အနေဖြင့် ပြတ်ပြတ်သားသား နှိမ်နင်းသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံထဲကို ဝင်လာသည်ဆိုသည့်နေရာတွင် အဓိကလုပ်ဆောင်ရမည်မှာ၊ အဓိက အကူအညီတောင်းလိုခြင်းမှာ မိမိတို့ပြည်သူလူထုသာဖြစ်ကြောင်း၊ နံပါတ်တစ်အနေနှင့် ပြည်သူလူထုအနေဖြင့် မမြင်ချင်ယောင် မဆောင်ဘဲ၊ မကြားချင်ယောင်မဆောင်ဘဲ သက်ဆိုင်ရာကိုပြောသင့်ကြောင်း၊ မမြင်ယောင် မကြားချင်ယောင် မဆောင်ဘူးဆိုလျှင် ပထမဦးဆုံး နှိမ်နင်းပြီးသားဖြစ်ကြောင်း၊ နံပါတ်နှစ်အချက်အနေဖြင့် ပုန်းကွယ်ရန် နေရာမပေးသင့်ကြောင်း၊ ၎င်းတို့ ဘယ်နေရာတွင်ပုန်းမည်လဲ၊ မိမိတို့ပြည်သူ လူထုထဲတွင်သာ ပုန်းမည်ဖြစ်ကြောင်း၊ ပုန်းစရာ နေရာမရှိရလေအောင် မသင်္ကာဖွယ်ရာတွေ့ရှိပါက တရားဥပဒေစိုးမိုးရေးအဖွဲ့နှင့် ပြည်သူလူထုက ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်သွားကြပါရန် မိမိအနေဖြင့် တိုက်တွန်းလိုပါကြောင်းဖြေကြားသည်။
Myanmar Transparency News Agency မှ အကြီးတန်းသတင်းထောက် ဦးဇေယျာငြိမ်းက ပြီးခဲ့သည့်ရက်ပိုင်းတွင် တရုတ်နိုင်ငံကဂိုဏ်းကြီး လေးဂိုဏ်းနှင့် သံသယရှိသူအယောက် ၁၀၀ ကိုလည်း ဖမ်းဝရမ်းထုတ်ထားကြောင်း၊ ယင်းကိုကြည့်ခြင်း အားဖြင့် MNDAA ၊ TNLA တို့ကဲ့သို့ မြောက်ပိုင်းအဖွဲ့များကလည်း Online Scam ကျူးလွန်သည့်သူများကို အခကြေးငွေယူပြီး လက်ခံပေးထားခြင်းမျိုး၊ ကာကွယ်ပေးထားခြင်းမျိုးရှိနေကြောင်း၊ လက်ရှိမြဝတီမြို့နယ်တွင် တပ်မတော်က အမြစ်ပြတ်ချေမှုန်းနေမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ ယင်းအခြေအနေမျိုးတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်နေသည့် အဖွဲ့အစည်းများက Online Scam လုပ်သည့် သူများကို အခကြေးငွေယူပြီး အကာအကွယ်ပေးထားခြင်း၊ လွတ်မြောက်အောင် လုပ်ပေးနေခြင်းမျိုးရှိနေကြောင်း၊ ယင်းကိစ္စများကို တာဝန်ရှိသူများနှင့် တပ်မတော်အနေဖြင့် မည်သို့ကိုင်တွယ်ဖြေရှင်း သွားမည်ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက တချို့သတင်းများလည်း မိမိတို့ရရှိကြောင်း၊ တချို့ရရှိသည့် သတင်းများကိုလည်း အတည်မပြုနိုင်သေးကြောင်း၊ လောက်ကိုင်နယ်မြေအတွင်းတွင်ပင် ယခင်ကလို အလုံးအရင်းနှင့်မဟုတ်ဘဲ အွန်လိုင်းလိမ်လည်မှု အဖွဲ့ငယ်လေးများ လုပ်ဆောင်နေသည်ဆိုသည့် သတင်းမျိုးလည်း မိမိတို့ရရှိထားပြီး၊ အတည်မပြုနိုင်သေးကြောင်း၊ ယင်းနေရာတွင် သတင်းရယူရေးအဖွဲ့အစည်းများ မရှိသေးသည့်အတွက်၊ သတင်းရယူရေး အဖွဲ့အစည်းများကလည်း တစ်ဆင့်ပြန်လည်ရရှိသည့် သတင်းများဖြစ်သည့်အတွက် အတည်မပြုနိုင်သေးသော်လည်း ယုံကြည်ရလောက်သည့် သတင်းအရင်းအမြစ်များထံမှ သတင်းများကိုရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် မိမိတို့ပူးပေါင်းဆောင်ရွက်နေသည့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေမှုများလည်းရှိကြောင်း၊ ယင်းသတင်းကို ပိုမိုခိုင်မာနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆက်လက်ဆောင်ရွက်ပြီးလျှင် ၎င်း၏အောက်ဘက်တွင်ရှိနေသည့် EAO နယ်မြေများရှိကြောင်း၊ အတွင်းဘက်တွင်လည်း တချို့လက်နက်ကိုင်အဖွဲ့များ၏ နယ်မြေများရှိကြောင်း၊ ယင်းနယ်မြေများထဲတွင်လည်း တချို့လုပ်ငန်းလေးများလုပ်နေခြင်းရှိကြောင်း၊ ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နှင့် ပတ်ဝန်းကျင်တွင် မိမိတို့ဖမ်းဆီးရမိခြင်းများ ရှိကြောင်း၊ မိမိတို့နှစ်နိုင်ငံ သတင်းညှိနှိုင်းဖလှယ် ထားသည့်ရရှိခဲ့သည့် သတင်းကွင်းဆက်များအရ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံပူးပေါင်းပြီး ယင်းနယ်မြေများကို သတင်း အရင်းအမြစ်ဖော်ထုတ်ပြီး နှိမ်နင်းနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ကို ပြောကြားလိုကြောင်း ဖြေကြားသည်။
ဆက်လက်၍ ဦးဇေယျာငြိမ်းက အကယ်၍များ ယင်းသတင်းအရင်းအမြစ် မှန်သည်ဆိုပါက ၎င်းတို့ ဖုံးကွယ်ပေးထားခြင်းများ၊ ကယ်တင်ပေးထားခြင်းများ မှန်သည်ဆိုပါက မည်ကဲ့သို့ ဆောင်ရွက်သွားနိုင် မည်ကို သိလိုကြောင်းမေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိတို့အနေဖြင့် တချို့အဖွဲ့အစည်းများနှင့်ပတ်သက်ပြီး စကားပြောနေခြင်းများရှိကြောင်း၊ ထိုသို့စကားပြောနေ ခြင်းသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ ငြိမ်းချမ်းရေးအတွက်ဖြစ်ကြောင်း၊ ၎င်းတို့၏လုပ်ဆောင်ချက်နှင့်ပတ်သက်ပြီး ပထမအဆင့် သတိပေးသွားမည်ကြောင်း၊ နောက်မလိုက်နာဘူးဆိုလျှင် နိုင်ငံတော်အဆင့်အနေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
အထူးဟစ်တိုင်သတင်းအေဂျင်စီမှ အကြီးတန်းသတင်းထောက် ဦးအောင်ကျော်ဦးက နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုကို နယ်စပ်ဒေသတွင် အမြစ်ပြတ်ချေမှုန်း တိုက်ဖျက်နေသည်ကိုတွေ့ရသဖြင့် ဝမ်းသာမိပါကြောင်း၊ သို့သော်လည်း နည်းစနစ်တစ်မျိုးဖြင့် Link ချပြီး ဖုန်းများထဲတွင် အွန်လိုင်းမှ ဝင်လာခြင်းများရှိကြောင်း၊ တစ်နေ့ကို သိန်းတစ်ရာခန့် တစ်ခဏအတွင်းကုန်သွားသည့် ကျွဲဂိမ်းကဲ့သို့ တချို့ဂိမ်းများလည်းရှိကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ တချို့အနုပညာရှင်များဖြင့် ကြော်ငြာနေသည်ကိုပင် တွေ့ရကြောင်း၊ ယင်းနှင့်ပတ်သက်၍ မည်ကဲ့သို့စီမံထားသည်ကို သိလိုကြောင်း မေးမြန်းသည်။
ရဲမှူးချုပ် ကျော်လင်းကသတင်းထောက်ကြီး မေးမြန်းသွားသည့်အတိုင်း နည်းပညာများ တိုးတက်လာသည်နှင့်အမျှ နည်းပညာများကို အသုံးပြုပြီး ကျူးလွန်သည့်ပြစ်မှုများသည် ပုံသဏ္ဌာန် အမျိုးမျိုးနှင့် များပြားလာသည်ကို တွေ့ရကြောင်း၊ ကျွဲဂိမ်းကဲ့သို့ Slot ဂိမ်းများ၊ အွန်လိုင်းလောင်း ကစားနှင့်ပတ်သက်ပြီး ဆက်စပ်နေသည်ဟု မိမိတို့ စိစစ်ဖော်ထုတ်တွေ့ရှိ ရသော Facebook အကောင့်များ၊ Telegram အကောင့်များ အစရှိသဖြင့် လူမှုကွန်ရက်အကောင့်များကို စောင့်ကြည့်စုံစမ်းပြီး အရေးယူဆောင်ရွက်နေခြင်းများရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အွန်လိုင်းဂိမ်းများနှင့် ဆက်စပ်သည်ဟု သံသယရှိသည့် Facebook အကောင့်၊ Telegram အကောင့်နှင့်တခြားလူမှုကွန်ရက်အကောင့် ၂၀၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊ ယင်းနှင့်ဆက်စပ်နေသည့် ဖုန်းဆင်းကတ် ၂၃၀၀ ကျော်ကို ပိတ်သိမ်းနိုင်ခဲ့ကြောင်း၊ Link ချပေးသည့် ဖုန်းနံပါတ် ၄၅၆ ခုကိုလည်း ပိတ်သိမ်းဆောင်ရွက်ခဲ့ကြောင်း၊တစ်ဆက်တည်း အွန်လိုင်းလောင်းကစားများဖြင့် ဆက်စပ်နေပြီး ငွေသွင်းငွေထုတ်ပြုလုပ်သည့် Pay အကောင့်ပေါင်း ၁၉၀၀ ကျော်ကိုလည်း ပိတ်သိမ်းဆောင်ရွက်ခဲ့ကြောင်း၊ တချို့ကြော်ငြာများတွင် သရုပ်ဆောင်များ ဝင်ရောက်ကြော်ငြာနေခြင်းရှိကြောင်း၊ ယင်းနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ်တွင် Miles Ceno Facebook Page တွင် ဝင်ရောက်ကြော်ငြာသည့် သရုပ်ဆောင်တစ်ဦးကို ဖော်ထုတ်ဖမ်းဆီးရမိသဖြင့် ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် အွန်လိုင်းလောင်းကစားမှုများနှင့် ပတ်သက်လျှင် နည်းပညာပိုင်းအရ စောင့်ကြည့်စုံစမ်းဖော်ထုတ်ပြီး အကောင့်များ၊ Pay အကောင့်များ၊ လူမှုကွန်ရက်အကောင့်များကို ပိတ်သိမ်းနိုင်ရန် ဆောင်ရွက်ကြောင်း၊ တယ်လီဖုန်းဆင်းကတ်များကိုလည်း ပိတ်သိမ်းနိုင်ရန်ဆောင်ရွက်နေကြောင်း၊ ထို့ပြင် Links များကိုလည်း အမြဲတမ်းစောင့်ကြည့် ဆောင်ရွက်နေကြောင်း၊ Links များနှင့် ဆက်စပ်နေသည့် ဖုန်းနံပါတ်များကိုလည်း ပိတ်သိမ်းဆောင်ရွက်နေသည်ဟု ပြောကြားလိုကြောင်း ဖြေကြားသည်။
Myanmar National Post News Agency မှ အယ်ဒီတာချုပ် နောင်တော်လေးက အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ အဓိကဦးဆောင်လုပ်ကိုင်ခဲ့သည့် KNU အကြမ်းဖက်အဖွဲ့ခေါင်းဆောင် စောကွယ်ထူးဝင်းနှင့် အပေါင်းအပါများကို အမှုဖွင့်လှစ်ဆောင်ရွက်ထားမှု ရှိ/မရှိနှင့်အကယ်၍ မရှိသေးပါက အမှုဖွင့်လှစ်ဆောင်ရွက်ရန် ရှိ/မရှိ သိလို ပါကြောင်း မေးမြန်းသည်။
ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးက ယခင်က KNU အဖွဲ့သည် မတရားအသင်းဖြစ်ကြောင်း၊ NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးပြီးနောက်တွင် KNU အဖွဲ့ကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပေးခဲ့ကြောင်း၊ ပယ်ဖျက်ပေးခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ်နောက်ပိုင်းတွင် KNU အဖွဲ့သည် အကြမ်းဖက် လုပ်ရပ်ကို လုပ်ဆောင်လာတာရှိခဲ့ကြောင်း၊ မိမိတို့ အစိုးရဌာနဆိုင်ရာ အဆောက်အအုံများကို ဖောက်ခွဲဖျက်ဆီးမှုများလည်း ရှိခဲ့ကြောင်း၊ လမ်း၊ တံတားများကို ချိုးဖျက်မှုများရှိခဲ့ကြောင်း၊ အာရှ Highway လမ်းမကြီးပြတ်တောက်မှုဖြစ်ပေါ်ကြောင်း၊ ထိုသို့ ပြတ်တောက်သွားသည့်အချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် KNU အဖွဲ့ကို လက်ပိုက်ကြည့်နေ၍ မရကြောင်း၊ ထို့ကြောင့် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၈ ရက် တွင် KNU အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ရော၊ မတရားအသင်းအဖွဲ့အစည်းအဖြစ်ရော ထပ်ပြီး ကြေညာထားခဲ့ပြီဖြစ်ကြောင်း၊ လက်ရှိနယ်စပ်ဒေသတွင် ဖြစ်နေသည့် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်း လောင်းကစားမှုများမှာ KNU အဖွဲ့ဘယ်လိုအနေအထားနှင့်ပတ်သက်နေသည်ကို မိမိတို့ ရှေ့တွင်ရှင်းပြခဲ့ပြီးဖြစ်သည့်အတွက်ကြောင့် သိပြီးဖြစ်မည်ဟု မိမိထင်ကြောင်း၊ လက်ရှိတွင် KNU အဖွဲ့ကို ဖဒိုစောကွယ်ထူးဝင်းနှင့် ဗဟိုကော်မတီဝင်များ၊ ၎င်းတို့၏ လက်အောက်ခံအဖွဲ့ဝင်များကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မတရားအသင်းအက်ဥပဒေနှင့် မိမိတို့အမှုဖွင့်ထားကြောင်း၊ ထို့ပြင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေနှင့်လည်း အမှုဖွင့်ထားကြောင်း၊ ဆက်လက်ပြီး ပြည်တွင်းဥပဒေနှင့်အညီ KNU အဖွဲ့ကို ဆက်လက် အရေးယူနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုပြောသွားသည်မှာ မိမိတို့၏ Internal Process ဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့ရပ်တည်နေသည့် အဖွဲ့အစည်းရှိကြောင်း၊ မိမိတို့က Aseanapol အဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်း၊ အာဆီယံရဲအဖွဲ့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်း၊ မနှစ်က မြန်မာနိုင်ငံတွင် (၄၂)ကြိမ်မြောက် Aseanapol Conference ကို နေပြည်တော်တွင်ကျင်းပခဲ့ပါကြောင်း၊ ယခုနှစ် ထိုင်းနိုင်ငံတွင် (၄၃)ကြိမ် မြောက် Aseanapol Conference ကို ကျင်းပ ပြီးခဲ့ပြီဖြစ်ကြောင်း၊ မိမိဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့က နိုင်ငံတကာရဲအဖွဲ့ဖြစ်သည့် Interpol နှင့်လည်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ Internal တွင် မိမိတို့ဆောင်ရွက်နေခြင်းအပြင် ယင်း၏ Criteria နှင့် ပြည့်စုံပြီဆိုလျှင် မိမိတို့သည် Aseanapol ၊ Interpol ကိုလည်း ထပ်မံပြီး မိမိတို့ဆက်လက်၍ ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း International အဖွဲ့အစည်းများတွင် မိမိတို့က ၎င်းတို့၏ Constitution ကိုလိုက်နာရကြောင်း၊ Interpol ၏ Constitution နှင့် အညီ မိမိတို့ဆက်လက်ပြီး ဆောင်ရွက်သွားရန်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
Union Politics News မှ အယ်ဒီတာချုပ် ဦးထူးမောင်မောင်က မိမိမေးမြန်းလိုသည်မှာမြဝတီရှိ အွန်လိုင်းလိမ်လည်မှုနှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရက ကရင်လက်နက်ကိုင်သူပုန် KNU ထိန်းချုပ်ထားသည့် KK Park ကိုလည်း ဝင်ရောက်ထိန်းချုပ်ပြီး လာရောက်သည့်သူများကိုလည်း နိုင်ငံတော်အဆင့် လွှဲပြောင်းခြင်းများပြုလုပ်ထားကြောင်း၊ ယင်းနေရာတွင် မင်းလက်ပံနှင့် ပတ်သက်ပြီး KKO အဖွဲ့ရှိနေသည့် အွန်လိုင်းလိမ်လည်မှုကို ကရင်လက်နက်ကိုင်သူပုန်က ဝင်ရောက်စီးနင်းပြီးနောက် နိုင်ငံတော်အစိုးရကို လွှဲပြောင်းခြင်းမရှိဘဲ ၎င်းတို့က တစ်ဖက်သတ်အနေနှင့် ဝင်ရောက်ဖမ်းဆီးပြီး ထိုင်းနိုင်ငံသို့ လွှဲပြောင်းသည်ဆိုသည့် သတင်းကိုလည်း ကြားသိရပါကြောင်း၊ ထိုင်းနိုင်ငံအစိုးရအနေဖြင့် ယင်းသို့ တရားဝင်လွှဲပြောင်းမှုများကို မြန်မာနိုင်ငံအစိုးရထံ ပြန်လည်သတင်းပို့ခြင်း ရှိ/မရှိနှင့် နှစ်နိုင်ငံအစိုးရပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်ပြီး သိလိုပါကြောင်း မေးမြန်းသည်။
အွန်လိုင်းလောင်းကစားလုပ်ငန်းအတွက် ဆောင်ရွက်လျက်ရှိ
ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက အွန်လိုင်းလိမ်လည်မှုဂိုဏ်းများသည် ကွင်းဆက်တစ်ခုလုံး ပါဝင်ပတ်သက်နေသည့် Multi Jurisdictional ရာဇဝတ်မှုဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံ၏ပိုင်နက်အတွင်း ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် မိမိတို့တွင် တာဝန်ရှိကြောင်း၊ ထို့ပြင် မိမိတို့နေရာတွင် Online Scam လုပ်ငန်း လုပ်ကိုင်နိုင်ရန်အတွက် Original Country ရှိကြောင်း၊ ထို့နောက် မိမိတို့နိုင်ငံရောက်ရန်အတွက် Transist လုပ်လာပြီး Transist Country ရှိကြောင်း၊ မိမိတို့တွင်တာဝန်ရှိသကဲ့သို့ မိမိတို့မြန်မာနိုင်ငံကို ရောက်ရန်အတွက် ဖြတ်သန်းလာသည့်နိုင်ငံတွင်လည်း တာဝန်ရှိကြောင်း၊ လူနှင့်ငွေကြေးစီးဆင်းမှု လမ်းကြောင်းဖြတ်တောက်ပေးရန် Transist Country တွင် တာဝန်ရှိကြောင်း၊ ထို့ပြင် နယ်စပ်ဒေသ ထိန်းချုပ်ရေးအတွက် Border Control and Border Monitoring အစီအမံကိုလည်း မိမိတို့နှစ်နိုင်ငံ တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ ထိန်းချုပ်မှုပြဿနာအဖြစ် သတ်မှတ်ခြင်းက ရာဇဝတ်ကွန်ရက်၏ တစ်ကမ္ဘာလုံးဆိုင်ရာလည်ပတ်မှုကို လျစ်လျူရှုသည်ဟု မိမိတို့ မြင်ကြောင်း၊ ထို့ကြောင့် မူရင်းနိုင်ငံအနေဖြင့်လည်း မိမိတို့နိုင်ငံ၏ နိုင်ငံသားများအတွက် ကြိုတင်တားဆီးကာကွယ်ရေးအစီအမံကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုမည်ဖြစ်ကြောင်း၊ ထို့ပြင် ဒီရာဇဝတ်မှုကို ထိရောက်စွာတိုက်ဖျက်ရန်အတွက် ကွင်းဆက်တစ်ခုလုံး ပါဝင်နေသည့်နိုင်ငံများက ယခုအချိန်တွင် ပူးပေါင်းပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိအစက ရှင်းပြခဲ့သည့်အတိုင်း ဒီနိုင်ငံသားထွက်လာသည့်အတွက် ယင်း၏ Original Country ရှိကြောင်း၊ ထို့ပြင် ဖြတ်သန်းသည့် Transist Country ရှိကြောင်း၊ မိမိတို့မြန်မာနိုင်ငံက Destination ဖြစ်သွားကြောင်း၊ လက်ရှိဟော့ဖြစ်နေခြင်းက မိမိတို့မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံဖြစ်ကြောင်း၊ ပါဝင်ပတ်သက်ကျူးလွန်နေသည့် လူအများစုကိုကြည့်လိုက်လျှင် တရုတ်နိုင်ငံသားများဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်၊ ထိုင်း၊ မြန်မာနိုင်ငံတို့ပူးပေါင်းပြီး ဆောင်ရွက်နေ ခြင်းရှိကြောင်း၊ မြန်မာ-ထိုင်း နယ်စပ်ဒေသ တစ်လျှောက်လုံးတွင်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို တားဆီးရေးအတွက် မြန်မာ၊ တရုတ်၊ ထိုင်း Trilateral Cooperation ပူးပေါင်း ဆောင်ရွက်နေခြင်းရှိကြောင်း၊ လက်ရှိတွင်လည်း တရုတ်နိုင်ငံက လက်ထောက်ပြည်သူ့လုံခြုံရေးဝန်ကြီး ဦးဆောင် နေကြောင်း၊ ယမန်နေ့ကဆိုလျှင် မိမိတို့ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့နှင့်ဘန်ကောက်သို့သွားကြောင်း၊ ယနေ့ဆိုလျှင် KK Park ၊ ရွှေကုက္ကိုလ်အထိ သွားရောက်မည်ဖြစ်ကြောင်း၊ ပြီးလျှင် မိမိတို့၏ ပြည်ထဲရေးဒုတိယဝန်ကြီးကလည်း ယခုသတင်းစာ ရှင်းလင်းပွဲပြီးလျှင် နောက်ကနေလိုက်မည်ဖြစ် ကြောင်း၊ အွန်လိုင်း လောင်းကစားမှုတားဆီးနှိမ်နင်း ရေးလုပ်ငန်းအတွက် မိမိတို့သုံးနိုင်ငံက ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ သုံးနိုင်ငံအကြားတွင် အဆင့်မြင့်အရာရှိ အစည်းအဝေးကိုလည်း သုံးကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ဝန်ကြီးအဆင့် အစည်းအဝေးကိုလည်း နှစ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ မင်းလက်ပံနယ်မြေတွင်ရှိသည့် အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်သူများကို ထိုင်းနိုင်ငံဘက်သို့ KNU က တိုက်ရိုက်လွှဲပြောင်းမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံတွင် အစည်းအဝေးပြုလုပ်ရန်ရှိကြောင်း၊ ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် အစည်းအဝေးတွင် မိမိတို့သုံးနိုင်ငံ ပွင့်ပွင့်လင်းလင်း ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မင်းလက်ပံတွင်ဖြစ်သည့်ကိစ္စက မိမိတို့အစိုးရဖြစ်ကြောင်း၊ အစိုးရဖြစ်သည့်အတွက်ကြောင့် အစိုးရကပဲ ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ တိုက်ရိုက်လွှဲပြောင်းမှုနှင့်ပတ်သက်ပြီး ယင်းအစည်းအဝေးတွင် ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆောင်ရွက်ရန်ရှိကြောင်း၊ လက်ရှိတွင်လည်း မိမိတို့သုံးနိုင်ငံညှိနှိုင်းပူးပေါင်းပြီး ဒေသအတွင်းတွင် Online Scam လုပ်ငန်းများပပျောက်ရန်အထိ ရည်မှန်းချက်ထားပြီး တက်ညီလက်ညီ လက်ရှိပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။
(ဆက်လက်ဖော်ပြပါမည်။)
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
ရုပ်ရှင်ဆိုင်ရာ လိုင်စင်များနှင့်ပတ်သက်၍ အသိပေးကြေညာခြင်း
Ministry of Information / Posted on December 17, 2025
ရုပ်ရှင်ဆိုင်ရာ လိုင်စင်များနှင့်ပတ်သက်၍ အသိပေးကြေညာခြင်း
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များ၊ ပွဲစဉ်များ နှင့် ဆုတံဆိပ်ရရှိမှု (၁၆/၁၇-၁၂-၂၀၂၅)
Ministry of Sports and Youth Affairs / Posted on December 17, 2025
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့် ရရှိသူများစာရင်း (နောက်ဆက်တွဲ)
Ministry of Cooperatives and Rural Development / Posted on December 15, 2025
