မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၃/ ၂၀၂၆)


Ministry of Information/ Naypyitaw / March 16, 2026
image_latest


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို မြှင့်တင်ရန်နှင့် ကာကွယ်စောင့်ရှောက်နိုင်ရန် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၅ ရက် နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၃၄/၂၀၁၁) ဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ကော်မရှင်ကို စနစ်တကျနှင့် ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်နိုင်ရန်နှင့် လူ့အခွင့်အရေးမြှင့်တင်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အလို့ငှာ ၂၀၁၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၁ ဖြင့် ပြဋ္ဌာန်းခဲ့ပါသည်။ ကော်မရှင်ဥပဒေရေးဆွဲခဲ့ရာတွင် လူ့အခွင့်အရေးအဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ ပါရီအခြေခံမူများနှင့် ကိုက်ညီစေရန် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (Office of the High Commissioner for Human Rights - OHCHR)၊ အာရှ-ပစိဖိတ် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (Asia-Pacific Forum of National Human Rights Institutions- APF) နှင့် ဆွီဒင်နိုင်ငံရှိ Raoul Wallenberg Institute of Human Rights and Humanitarian Law - RWI တို့မှ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ ဥပဒေပညာရှင်များ၏ အကြံဉာဏ်များရယူ၍ ကော်မရှင်ဥပဒေ (မူကြမ်း) ကို ၁ နှစ်နှင့် ၆လ နီးပါးအချိန်ယူရေးဆွဲပြုစုခဲ့ပြီး ပြည်တွင်းရှိသက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းခြင်း၊ ပြည်တွင်းဥပဒေပညာရှင်များ၊ ဘာသာရပ်ကျွမ်းကျင်ပုဂ္ဂိုလ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအား ချပြဆွေးနွေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ပါသည်။         

ကော်မရှင်သည် ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်မှ ယနေ့အထိ ၁၅ နှစ်တာကာလအတွင်း လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်မူဘောင်၊ နှစ်ရှည်မဟာဗျူဟာစီမံကိန်းများနှင့် နှစ်စဉ်လုပ်ငန်းစီမံချက်များ ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိပါသည်။          

ယင်းသို့ ဆောင်ရွက်ရာတွင် လူ့အခွင့်အရေးပညာပေးရေးနှင့် အသိပညာပြန့်ပွားရေး မြှင့်တင်ဆောင်ရွက်မှုအနေဖြင့် နိုင်ငံတော်ယန္တရားအသီးသီးမှ တာဝန်ရှိသူများအပါအဝင် အလွှာအသီးသီးမှ ပြည်သူများအတွက် ပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်း၊ သင်ခန်းစာများပို့ချခြင်း၊ သင်တန်းများ ဖွင့်လှစ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ လူ့အခွင့်အရေးပညာပေးစာစောင်များ၊ ဗီဒီယိုများ ထုတ်ဝေဖြန့်ချိခြင်းတို့ ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် လူသားအားလုံး၊ နိုင်ငံအားလုံးက လိုက်နာဆောင်ရွက်ရမည့် လူ့အခွင့်အရေး “စံနှုန်း” များပါဝင်သော ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) ကို မြန်မာဘာသာနှင့် တိုင်းရင်းသားဘာသာစကား (၃၀) မျိုးဖြင့် ဘာသာပြန်ဆိုဖြန့်ချိခြင်း၊ အမြင်အာရုံချို့တဲ့သူများအတွက် မျက်မမြင်လက်စမ်းဘာသာ (Braille) ဖြင့် ပြုစုဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုအနေဖြင့် လူ့အခွင့်အရေးဖောက်ဖျက်ခံရမှုနှင့် စပ်လျဉ်းသည့် တိုင်ကြားစာများကို စိစစ်၍ တိုင်ကြားစာပါ နစ်နာမှုအတွက် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် ညှိနှိုင်းဆောင်ရွက်ကာ ကုစားမှုများ ဆောင်ရွက်ပေးခြင်း၊ လိုအပ်ပါက ကွင်းဆင်းစစ်ဆေးခြင်း၊ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အကျဉ်းစခန်းများ၊ အချုပ်ခန်းများနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများသို့ ကြည့်ရှုစစ်ဆေးပြီး အကြံပြုချက်များ ပေးပို့ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ကော်မရှင်၏ အကြံပြုချက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများက အကောင်အထည်ဖော်ဆောင်ရွက်ပေးမှုဖြင့် အကျဉ်းကျနေသူများ၊ အချုပ်အနှောင်ခံနေရသူများ၊ ထိန်းသိမ်းစောင့်ရှောက်ထားခြင်းခံရသူများ၏ အခြေခံအခွင့်အရေးများ ပိုမိုပြည့်ဝစွာ ရရှိခံစားနိုင်ရေးဆောင်ရွက်နိုင်ခဲ့ပါသည်။

ကော်မရှင်ပေါ်ပေါက်လာပြီးနောက် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (International Covenant on Economic, Social and Cultural Rights -ICESCR) နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ် (Optional Protocol to the Convention on the Rights of the Child on the Involvement of Children in Armed Conflict – CRC-OP-AC) တို့ကို မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကော်မရှင်က အကြံပြုတိုက်တွန်းခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၌ မြန်မာနိုင်ငံက ယင်းစာချုပ်များတွင် ပါဝင်ချုပ်ဆိုခဲ့ပါသည်။ ပြည်တွင်းတည်ဆဲဥပဒေများနှင့် ဥပဒေမူကြမ်းများကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းများနှင့် လိုက်လျောညီထွေမှုရှိစေရန် လူ့အခွင့်အရေးရှုထောင့်မှ အကြံပြုချက်များကို သက်ဆိုင်ရာသို့ပေးပို့ခဲ့ရာ တိုးတက်ဖြစ်ပေါ်မှုများ ရရှိခဲ့ပါသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစာချုပ်ကြီး (၉) ခုအနက် စာချုပ် (၇) ခုနှင့် နောက်ဆက်တွဲစာချုပ် (၅) ခုတို့ကို ကော်မရှင်က မြန်မာဘာသာပြန်ဆို၍ ပုံနှိပ်ဖြန့်ချိခဲ့ပါသည်။

ကော်မရှင်၏ လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် သဘောထားအမြင်များကို ပြည်သူများသိရှိနိုင်စေရန်အတွက် နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် သတင်းစာများ၊ ကော်မရှင် website နှင့် Myanmar National Portal တို့မှတစ်ဆင့် သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်လျက်ရှိရာတွင် ကလေးသူငယ်များ၊ သက်ကြီးပုဂ္ဂိုလ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ အစရှိသည့် ထိခိုက်လွယ်အုပ်စုဝင်များ၏ အခွင့်အရေးများနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ချက်များ၊ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် တိုက်တွန်းအားပေးသည့် ထုတ်ပြန်ချက်များ၊ နိုင်ငံသူနိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာရေး၊ အသက်ရှင်သန်ခွင့်အစရှိသည့် လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ချက်များ၊ ကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသော ထုတ်ပြန်ချက်များ၊ လူ့အခွင့်အရေးဆိုင်ရာ အထိမ်းအမှတ်နေ့ရက်များအား ကြိုဆိုသော ထုတ်ပြန်ချက်များ စသည်တို့ကို ထုတ်ပြန်ခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားများကို နိုင်ငံတော်အဆင့် အခမ်းအနား (၄) ကြိမ်အပါအဝင် နှစ်စဉ်ကျင်းပခဲ့ပါသည်။

ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (ဆ) အရ ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့အစည်းများ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာတွင် အစည်းအဝေးများ တက်ရောက်ခြင်း၊ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဆွေးနွေးပွဲများနှင့် လူ့အခွင့်အရေးဆိုင်ရာ သင်တန်းများတက်ရောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ကော်မရှင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နှင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် ကော်မရှင်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ (Memorandum of Cooperation - MOC) ကို လက်မှတ်ရေးထိုးခဲ့ပြီး လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ကော်မရှင်သည် လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ တာဝန်တစ်ရပ်ဖြစ်သော လူ့အခွင့်အရေးရှုထောင့်မှ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာခြင်းကို မကြာမီက အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ အပိုင်း ၃ ပိုင်းလုံးတွင် ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် နိုင်ငံသားများ၏ အခွင့်အရေးဆိုင်ရာ အကြံပြုချက်များ ပါဝင်သော အစီရင်ခံစာများ ပြုစုတင်ပြခဲ့ပါသည်။

ကော်မရှင်သည် စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ နိုင်ငံတော်၏ လူ့အခွင့်အရေးအခြေအနေနှင့် ကော်မရှင်၏ဆောင်ရွက်မှုများ၊ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ သင့်လျော်သည့် အကြံပြုထောက်ခံချက်များ ပါဝင်သော နှစ်ပတ်လည်အစီရင်ခံစာကို နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ပြီး လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် အထူးအစီရင်ခံစာများကိုလည်း နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ပါသည်။

ကော်မရှင်သက်တမ်း ၁၅ နှစ်တာကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ၊ မန္တလေးငလျင်ကြီးနှင့် မိုခါမုန်တိုင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များ၊ နိုင်ငံ၏အရေးပေါ်အခြေအနေများ၊ ပြည်တွင်းမငြိမ်သက်မှုများ စသည့်အခက်အခဲများ ကြုံတွေ့ခဲ့ရပြီး ယင်းအခြေအနေများတွင်ပင် ကော်မရှင်သည် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတာဝန်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပါကြောင်းနှင့် နိုင်ငံသူ နိုင်ငံသားများ၏ အခြေခံ အခွင့်အရေးများနှင့် လူ့အခွင့်အရေးများကို ပိုမိုကာကွယ်စောင့်ရှောက်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Ministry of Information / Posted on March 16, 2026

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

Ministry of Information / Posted on March 16, 2026

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

Naypyitaw Development Committee / Posted on March 16, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

Video