မြန်မာ-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပ


Ministry of Information/ Naypyitaw / April 23, 2026
image_latest


နေပြည်တော် ဧပြီ ၂၂

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် နေပြည်တော်သို့ အလုပ်သဘောခရီးစဉ်ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkaew ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက ယခုအချိန်သည် နှစ်နိုင်ငံစလုံးတွင် အစိုးရသစ်များ အသီးသီးဖွဲ့စည်းခဲ့ပြီး အရေးကြီးသည့် အကူးအပြောင်းကာလဖြစ်ရာ နှစ်နိုင်ငံအကြား၌ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် ဆောင်ရွက်သွားရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ရှည်လျားသော နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည်နှင့်အညီ နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားမဝင် ကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြားရှိ ပူးပေါင်းဆောင်ရွက်ရေးယန္တရားများဖြစ်သည့် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာပူးတွဲကော်မရှင် (JC) နှင့် ကုန်သွယ်ရေးပူးတွဲကော်မရှင် (JTC) တို့ ပြန်လည်စတင်နိုင်ရေး၊ စွမ်းအင်ကဏ္ဍအပါအဝင် ကဏ္ဍအသီးသီး၌ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ယခုခရီးစဉ်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြုသဘော ဖြစ်ပေါ်တိုးတက်မှုကို အသိအမှတ်ပြုထောက်ခံမှုပြသသော ခရီးစဉ်တစ်ခုဖြစ်သည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ထိုင်းနိုင်ငံအနေဖြင့် ထောက်ခံ ပံ့ပိုးပေးခြင်းအတွက် ကျေးဇူးတင်ပါကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ၌ တည်ငြိမ် အေးချမ်းမှုသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုစေမည့်အပြင် နှစ်နိုင်ငံ နယ်စပ်နေပြည်သူများ၏ သာယာဝပြောရေးအတွက် အထူးအရေးကြီးပါသဖြင့် နယ်စပ်ဒေသရှိ စိန်ခေါ်မှုများကို ဖြေရှင်းရာ၌ နှစ်နိုင်ငံ ပူးပေါင်း‌ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံကပံ့ပိုးပေးရန် ဆန္ဒရှိမှု အားကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မူဘောင်ကိုအခြေခံ၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသစ်တစ်ရပ်ဖွဲ့စည်းနိုင်မှုအပေါ် ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နှစ်ဆန်းတစ်ရက်နေ့တွင် အကျဉ်းသားများလွှတ်ပေးခဲ့ခြင်းကို ကြိုဆိုပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်နိုင်ရန် လက်နက်ကိုင်အဖွဲ့ များအား ဖိတ်ခေါ်ခဲ့ခြင်းကိုလည်း ကြိုဆိုပါကြောင်း၊ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများကို အသိအမှတ်ပြုပါကြောင်းနှင့် ထိုင်းနိုင်ငံအနေဖြင့် ပါဝင်ပံ့ပိုးပေးလိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိရေးအတွက် ထောက်ခံပံ့ပိုးပေးရန် အသင့်ရှိပါကြောင်း၊ နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဆိုင်ရာ ဖွံ့ဖြိုးမှုအကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော် Jasmine Nay Pyi Taw Hotel ၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် ထိုင်းနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်

Ministry of Information / Posted on April 20, 2026

လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး နှင့် စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်

Video