သဘာဝဘေးများရင်ဆိုင်ကျော်လွှား ကြိုတင်ပြင်ဆင်သတိပြုကာကွယ်
သဘာဝဘေးများရင်ဆိုင်ကျော်လွှား ကြိုတင်ပြင်ဆင်သတိပြုကာကွယ်
Ministry of Information/ Naypyitaw / March 29, 2026
ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်ပေါ်လာပြီး မိုးခေါင်ခြင်း၊ ရေရှားခြင်း၊ အပူလွန်ကဲခြင်း၊ အအေးလွန်ကဲခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခတ်ခြင်း စသည့်ဘေးအန္တရာယ်များ ဖြစ်ပေါ်လာသည်။ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကမ္ဘာပေါ်ရှိနိုင်ငံအများစုအနေဖြင့် တစ်မျိုးမဟုတ်တစ်မျိုး အနည်းနှင့်အများဆိုသလို ကြုံတွေ့ခံစားနေကြရသည်။ သဘာဝဘေးအန္တရာယ်များ နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရသည့်နိုင်ငံများတွင် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ရေကြီးရေလျှံခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ အပူလွန်ကဲခြင်းတို့ဖြစ်ပေါ်လေ့ရှိပြီး ရံဖန်ရံခါတွင် ငလျင်လှုပ်ခတ်ခြင်းလည်း ဖြစ်ပေါ်တတ်သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ငလျင်သမိုင်းကြောင်းများနှင့် ဖြစ်စဉ်အနေ အထားများအရ ပြင်းအားကြီးမားသည့် ငလျင်လှုပ်ခတ်မှုမျိုးကို နှစ်တစ်ရာအတွင်း တစ်ကြိမ်၊ နှစ်ကြိမ်ကျ ကြုံတွေ့လေ့ရှိပြီး ကျန်ကာလများတွင် အင်အားအသင့်အတင့်နှင့်အင်အားအနည်းငယ်မျှရှိသော ငလျင်ငယ်များသာ မကြာခဏလှုပ်ခတ်လေ့ရှိသည်။ ၁၉၃၀ ပြည့်နှစ် မေလက ပြင်းအား ၇ ဒသမ ၅ ခန့်ရှိသည့် ပဲခူးငလျင်ကြီးလှုပ်ခတ်ပြီးနောက် နှစ်ပေါင်းတစ်ရာနီးပါးကြာမြင့်သည့် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပြင်းအား ၇ ဒသမ ၇ ရှိသည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ရာ လူပေါင်း ၄၀၀၀ နီးပါးသေဆုံးခဲ့ပြီး လူ ၅၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ကြားကာလများတွင်လည်း ဖြူးငလျင်၊ ပုဂံငလျင်များလှုပ်ခတ်ခဲ့ပြီး ထိခိုက်ဆုံးရှုံးမှုများရှိခဲ့သည်။
မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး၊ မိုးကြိုးဘေး၊ ဆူနာမီဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လေ့ရှိသောနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် ငလျင်ဖြစ်ပေါ်နိုင်သည့် အဓိကပြတ်ရွေ့ကြော လေးခုအနက် စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှစတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်းကို တောင်မြောက်ဖြတ်သန်းလျက် မုတ္တမပင်လယ်ကွေ့နှင့် ကပ္ပလီပင်လယ်ပြင်အထိ ကီလိုမီတာ ၁၂၀၀ ကျော်ရှည်လျားပြီး ငလျင်အန္တရာယ် အချိန်မရွေးကျရောက်နိုင်သည်ကို အထူးသတိပြုဖို့လိုအပ်ပါသည်။
ငလျင်ဘေးအန္တရာယ်သည် ကြိုတင်သတိပေးချက် မရရှိနိုင်ဘဲ ရုတ်တရက် ဖြစ်ပွားတတ်သဖြင့် သတိမမူမိဘဲ ပျက်စီးဆုံးရှုံးမှုများပြားစေသော ဘေးအန္တရာယ်တစ်မျိုးဖြစ်သည်။ ငလျင်လှုပ်ခတ်မှု ဖြစ်ပေါ်ရခြင်းအကြောင်းရင်းသည် ကမ္ဘာမြေကြီးအောက်ရှိ ကျောက်လွှာများ ရုတ်တရက် ကျိုးပြတ်ရွေ့လျားလှုပ်ရှားမှုကြောင့် မြေသားများပြင်းပြင်းထန်ထန် ရုန်းကန်တွန့်ခေါက် ရိုက်ခတ်မြည်ဟည်းတုန်ခါခြင်းဖြစ်သည်။ ငလျင်လှုပ်ခတ်မှုသည် ငလျင်စတင်ဖြစ်ပေါ်သည့် ဗဟိုချက်၏ အတိမ်အနက်၊ မြို့ပြ၊ ကျေးလက်၊ လူဦးရေ အစိပ်အကျဲတို့အပေါ်မူတည်၍ ပျက်စီးဆုံးရှုံးမှု တူညီမှုမရှိနိုင်သည်ကိုတွေ့ရသည်။ များသောအားဖြင့် ငလျင်လှုပ်ခတ်ခြင်းကြောင့် လူ့အသက်သေဆုံးမှု မဖြစ်နိုင်သော်လည်း မခိုင်ခံ့သောအဆောက်အအုံများ ပြိုကျမှုနှင့် ခိုင်မာစွာတွယ်ဆက်ထားခြင်းမရှိသည့် ပစ္စည်းများပြုတ်ကျမှုကြောင့် လူ့အသက်သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှု များပြားခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လူ့အသက်များ ထောင်နှင့်ချီ၍ သေဆုံး၊ ဒဏ်ရာရရှိခဲ့ခြင်းသည် မခိုင်ခံ့သောအဆောက်အအုံများ ပြိုကျပျက်စီးခြင်းကြောင့် ဖြစ်ပွားခဲ့ရခြင်းကို သင်ခန်းစာယူဖွယ် တွေ့ရမည်ဖြစ်သည်။ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ပြန်လည်ပြုပြင်တည်ဆောက်မှုများကို ယနေ့အချိန်အထိတိုင် ဆောင်ရွက်နေရသည်ကိုတွေ့ရမည်ဖြစ်သည်။ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်မှုများလျော့နည်းစေရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသအလိုက်အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိသည်။
ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်များ မပျက်စီးမဆုံးရှုံးစေရန်အတွက် အဆောက်အအုံများဆောက်လုပ်ရာတွင် ငလျင်ဒဏ်ခံနိုင်ရည်ရှိသော အဆောက်အအုံ စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျဆောက်လုပ်ကြရန်လိုအပ်ပြီး မိမိနေထိုင်သော အဆောက်အအုံများ ခိုင်ခံ့မှု ရှိ၊ မရှိကို အမြဲတစေစစ်ဆေးပြုပြင် ဆောင်ရွက်ထားရန် လိုအပ်ပါသည်။ မိမိနေထိုင်ရာနေရာဒေသသည် မည်သည့်ငလျင်ဇုန်တွင် ကျရောက်သည်၊ မည်ကဲ့သို့ပြင်ဆင်ထားသင့်သည်တို့ကို လေ့လာထားရန်လိုအပ်သည်။ ဘေးကင်းလုံခြုံသောနေရာ၊ လမ်းကြောင်းများကို သတ်မှတ်ထားရန်လိုအပ်ပြီး ငလျင်လှုပ်ခတ်သည့်အချိန်တွင် ပြုမူနေထိုင်ရှောင်ရှားရမည့် နည်းလမ်းများကို မိသားစုဝင်တိုင်းအား ကြိုတင်ပြင်ဆင်အသိပေးလေ့ကျင့်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း။ ။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Ministry of Information / Posted on March 27, 2026
မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Ministry of Transport and Communications / Posted on March 25, 2026
မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
ငလျင်ဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Ministry of Information / Posted on March 26, 2026
၁။ မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး၊ မိုးကြိုးဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးများ ဖြစ်ပွားလေ့ရှိသော နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ငလျင်ဖြစ်ပေါ်နိုင်သည့် အဓိကပြတ်ရွေ့ကြော ၄ ခုအနက် စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှစတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်းကို တောင်မြောက်ဖြတ်သန်းလျက်...
