အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေ၊ ငွေနှင့် ကြေးဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့ကြသည့် မသန်စွမ်းအားကစားသမားများ၏ ဝမ်းသာပီတိစကားသံများ
အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေ၊ ငွေနှင့် ကြေးဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့ကြသည့် မသန်စွမ်းအားကစားသမားများ၏ ဝမ်းသာပီတိစကားသံများ
Ministry of Information/ Naypyitaw / January 28, 2026
(၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ဘန်ကောက်မြို့နှင့် နာခွန်ရစ်ချာဆီးမား (ခိုရတ်) မြို့တို့တွင် ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ဦးဆောင်သော မသန်စွမ်းအားကစားအဖွဲ့မှ ပြိုင်ပွဲဝင်အသင်းများသည် အားကစားနည်း ၁၁ နည်းတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ် ၂၀၊ ငွေတံဆိပ် ၁၉ ခုနှင့် ကြေးတံဆိပ် ၂၀ ဖြင့် စုစုပေါင်း ဆုတံဆိပ် ၅၉ ခုကို ဆွတ်ခူးရရှိခဲ့ကြသည်။
မြန်မာနိုင်ငံမှ မသန်စွမ်း အားကစားအဖွဲ့သည် ပြိုင်ပွဲဝင်အာဆီယံ ၁၀ နိုင်ငံတွင် အဆင့် (၆) နေရာ၌ ရပ်တည်နိုင်ခဲ့ပြီး အားကစားကဏ္ဍဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်စွမ်းဆောင်ပေးခဲ့ကြသော မသန်စွမ်းအားကစားသမားများသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက် ရှိခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တာဝန်ရှိသူများနှင့် ပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပြီး အောင်မြင်မှု ဆုတံဆိပ်များ ပွေ့ပိုက်ယူဆောင်ခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် မသန်စွမ်းအားကစားသမားများ နှင့် တာဝန်ရှိသူတို့၏ ဝမ်းမြောက်ဂုဏ်ယူဖွယ် ဝမ်းသာပီတိစကားသံ တို့ကို စုစည်းဖော်ပြလိုက်ပါသည်။
ဗိုလ်ချုပ်လှမိုး (မြန်မာနိုင်ငံမသန်းစွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ)
ကျွန်တော်တို့ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်အနေနဲ့ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲမှာ အားကစားနည်း ၁၁ မျိုးမှာ အားကစားသမား ၉၇ ဦး ပြိုင်ပွဲဝင်ခဲ့ပါတယ်။ ဆုတံဆိပ်အနေနဲ့ ရွှေ ၂၀ ၊ ငွေ ၁၉ ခုနဲ့ ကြေး အခု ၂၀ စုစုပေါင်း ၅၉ ခုရရှိခဲ့တာကြောင့် နိုင်ငံအလိုက်အနေနဲ့ အဆင့် (၆) မှာ ရှိပါတယ်။ ၂၀၀၈ နောက်ပိုင်းကစပြီး ရွှေတံဆိပ်ဆု တွေပိုမိုရရှိလာအောင် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်အနေနဲ့ ပြုပြင်ပြောင်းလဲမှုနဲ့အတူ နည်းစနစ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုနဲ့ လေ့ကျင့်မှုပိုင်းကိုလည်း ပိုမိုအားထုတ်ခဲ့တဲ့အတွက် တိုးတက်လာမှုကို တွေ့ရပါတယ်။ အထူးသဖြင့် ဘော်လီဘောအားကစားနဲ့ ယခင်ပြိုင်ပွဲကတည်းက ရွှေမျှော်မှန်းခဲ့တာပါ။ ၂၀၂၄ ခုနှစ်မှာ ပိုပြီးအားထုတ်လေ့ကျင့်ခဲ့တာကြောင့် ဒီပြိုင်ပွဲမှာ မျှော်မှန်းထားတဲ့ရွှေကို ထိုက်ထိုက်တန်တန်နဲ့ ရခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။
ဘောလုံးမှာလည်း ကျန်တဲ့နိုင်ငံတွေကို နိုင်ခဲ့ပေမယ့် အိမ်ရှင်ကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးခဲ့တဲ့အတွက် ငွေပဲရခဲ့ပါတယ်။ ကျန်တဲ့အားကစားနည်းဖြစ်တဲ့ ပြေးခုန်ပစ်မှာ ရွှေ ၁၄ ခု မှန်းထားပေမယ့် ၁၁ ခုရခဲ့တယ်။ ရေကူးမှာ ရွှေလေးခုမှန်းထားပေမယ့် ရှစ်ခုရခဲ့တယ်။ ကျန်တဲ့အားကစားတွေမှာ ငွေနဲ့ကြေး တံဆိပ်ဆုတွေ အသီးသီးရရှိခဲ့ပါတယ်။ ပြိုင်ပွဲမှာ အောင်မြင်ရမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားခဲ့ပြီး တပ်မတော်သားဖြစ်တဲ့အတွက် တပ်မတော်က လေ့ကျင့်ပေးတဲ့အပေါ် အခြေခံပြီး အားကစား သမားတွေကို လေ့ကျင့်ပေးရာမှာ စနစ်တကျလေ့ကျင့်ပေးခဲ့ပါတယ်။ အောင်မြင်မှုရရှိဖို့ဆိုရင် လေ့ကျင့်မှုဟာ အဓိကကျပါတယ်။ လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှ အောင်ပွဲဆင်ဆိုတဲ့ဆောင်ပုဒ်အတိုင်း လေ့ကျင့်သား ပြည့်ဝခဲ့တဲ့အတွက် မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်အနေနဲ့ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ၂၀ အပါအဝင် ဆုတံဆိပ် ၅၉ ခုကို အားကစားကဏ္ဍအနေနဲ့ နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ညီညီလင်းထက် (ရေကူးအားကစား၊ ရွှေတံဆိပ် လေးခု)
ကျွန်တော်က ရေကူး အားကစားနည်းဖြစ်တဲ့ မီတာ (၂၀၀)၊ မီတာ(၁၀၀)၊ မီတာ (၅၀) အလွတ်ကူးနဲ့ မီတာ(၅၀)ရင်ပေါင် တန်းကူးပြိုင်ပွဲတွေမှာ ရွှေတံဆိပ်လေးခု ရရှိခဲ့ပါတယ်။ ပြိုင်ပွဲအတွက် နည်းပြများရဲ့သင်ကြားမှုကို စနစ်တကျလိုက်နာဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် အောင်မြင်မှုရရှိခဲ့တာပါ။ အဓိကယှဉ်ပြိုင်ရတာက ထိုင်းနိုင်ငံပါ။ အိမ်ရှင်နိုင်ငံ ကိုကျော်ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့တဲ့အပေါ် နိုင်ငံအတွက် ဖော်မပြနိုင်အောင် ဝမ်းသာဂုဏ်ယူမိပါတယ်။ ဆက်လက်ကျင်းပမယ့် ပြိုင်ပွဲတွေမှာလည်း နိုင်ငံ့ဂုဏ်ဆောင်ဆုတွေ ဆွတ်ခူးနိုင်အောင် ဆက်လက်ကြိုးစားသွားဖို့ အသင့်ရှိနေပါတယ်။
ဝေယံမင်း (ဘောလုံးအားကစား၊ ငွေတံဆိပ်ဆု)
ကျွန်တော်က ခုနစ်ဦးတစ်ဖွဲ့ ယှဉ်ပြိုင်ရတဲ့ ဘောလုံးပြိုင်ပွဲမှာ ငါးသင်းပတ်လည် အုပ်စုပြိုင်ပွဲမှာ လေးပွဲနိုင်၊ တစ်ပွဲသရေနဲ့ ဖိုင်နယ်ကို ရောက်ခဲ့တယ်။ ဗိုလ်လုပွဲမှာ အိမ်ရှင်ထိုင်းနိုင်ငံကို တစ်ဂိုး - ဂိုးမရှိ နဲ့ရှုံးခဲ့တာကြောင့် ဒုတိယဆု ငွေတံဆိပ်ရခဲ့ပါတယ်။ ပြိုင်ပွဲမှာ သင်ခန်းစာအနေနဲ့ ပြိုင်ဘက်ကို အထင်မသေးဖို့၊ အခုထက်ပိုပြီး အားကြိုးမာန်တက်ကစားသွားဖို့ လိုပါတယ်။ ရွှေတံဆိပ် မရခဲ့ပေမယ့် နိုင်ငံအတွက် ဒုတိယဆုကို ဆွတ်ခူးပေးနိုင်ခဲ့မှုအတွက် အသင်းအားလုံးကိုယ်စား ဝမ်းမြောက် ဂုဏ်ယူပါတယ်။
အောင်မြင့်မြတ် (ရေကူးအားကစား၊ ရွှေတံဆိပ်ဆု)
ကျွန်တော်က ရေကူးပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တာပါ။ မီတာ (၂၀၀) အလွတ်ကူးမှာ ကြေးတစ်ခု၊ မီတာ (၁၀၀) အလွတ်ကူးမှာ ကြေးတစ်ခု၊ ပက်လက်မီတာ(၅၀)မှာ ရွှေတစ်ခု ရရှိခဲ့ပါတယ်။ အခုလို အောင်မြင်မှုရရှိအောင် မသန်စွမ်းအားကစားအဖွဲ့ချုပ်မှာ ရှစ်လနီးပါးလေ့ကျင့်ခဲ့ပါတယ်။ အထူးသဖြင့် ပြိုင်ပွဲအတွက် ထွက်ခွာစဉ်မှာ ကတိပေးခဲ့တဲ့အတိုင်း ရွှေတံဆိပ်ရရှိခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်။ အဓိက အိမ်ရှင်နိုင်ငံ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတို့ကို ကျော်ဖြတ်ဖို့မလွယ်ပေမယ့် နိုင်ငံအတွက် ရွှေကိုရမယ်ဆိုတဲ့စိတ်နဲ့ အားသွန်ခွန်စိုက် ကြိုးစားခဲ့တဲ့အတွက် ရွှေတံဆိပ် ရရှိခဲ့ပါတယ်။ ကျေနပ်လားဆိုတော့ ရွှေအားလုံးမရတဲ့အတွက် ကျေနပ်မှု မရှိပါဘူး။ ဒါပေမယ့် ထပ်ပြီးကြိုးစားသွားရမယ်ဆိုတဲ့ စိတ်ခွန်အားတွေတော့ ရရှိခဲ့ပါတယ်။ နည်းစနစ်ပိုင်းဆိုင်ရာ အခုထက်ပိုမိုလေ့ကျင့်ဆောင်ရွက်သွားမယ်လို့လည်း ဆုံးဖြတ်ထားပါတယ်။ နိုင်ငံတော်က မနှစ်ကလိုပဲ ထိုက်တန်စွာ ဆုချီးမြှင့်မယ်လို့ သိထားရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။
စည်သူထက် (ပြေးခုန်ပစ်၊ ရွှေ)
ကျွန်တော်က ပြေးခုန်ပစ် အားကစားနည်းဖြစ်တဲ့ လှံတံပစ် မှာ ရွှေရခဲ့ပြီး သံလုံးပစ်မှာ ငွေရခဲ့ပါတယ်။ ပြိုင်ပွဲအတွက် နှစ်နှစ် ကြိုးကြိုးစားစား လေ့ကျင့်ခဲ့တဲ့အတွက် ကျွန်တော့်ဘဝမှာ အဖြစ်ချင်ဆုံးဆန္ဒကို ရရှိခဲ့တာကြောင့် ဖော်မပြတတ်အောင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ကို အဘက်ဘက်က ကူညီပေးခဲ့ကြသူအားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ လေဆိပ်မှာ အဖွဲ့ကို ဆုချီးမြှင့်ပေးတဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုလည်း ကျေးဇူးတင်ပါတယ်။
ရန်လင်းအောင် (ထိုင်လျက်မသန်စွမ်းဘော်လီဘော၊ ရွှေ)
ကျွန်တော်တို့ရွှေရဖို့ အမာခံနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒို နီးရှား၊ ဖိလစ်ပိုင်တို့ကို ကျော်ဖြတ် ပြီးမှ ထိုက်ထိုက်တန်တန် ရွှေတံဆိပ်ရခဲ့တာပါ။ ကျွန်တော်တို့အသင်း ရွှေနဲ့ကင်းကွာနေတာ ကြာပါပြီ။ အခုလို အိမ်ရှင်နိုင်ငံနဲ့ အခြားနိုင်ငံတွေကို ကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတဲ့စိတ်ဟာ ဘာနဲ့မှမတူတဲ့ ကြည်နူးဝမ်းသာမှုပါ။ အခုထက်ပိုပြီး ကြိုးစားသွားမှာပါ။ နောက်နှစ်ပြိုင်ပွဲတွေမှာလည်း လက်ရှိချန်ပီယံကို ဆက်လက်ကာကွယ်သွားမယ်လို့ ဆုံးဖြတ်ထားကြပါတယ်။ အားလုံးကို ကျေးဇူး တင်ပါတယ်။ အားပေးခဲ့ကြတဲ့ မြန်မာနိုင်ငံက ပရိသတ်တွေကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။
ဇော်မိုးအောင် (ထိုင်လျက်မသန်စွမ်းဘော်လီဘော၊ ရွှေ)
ကျွန်တော် ယှဉ်ပြိုင်လာတဲ့ ပြိုင်ပွဲတွေထဲမှာ အခုပြိုင်ပွဲဟာ ကျွန်တော့်ဘဝမှာ အပျော်ဆုံးပါ။ ထိုက်ထိုက်တန်တန်နဲ့ ရရှိခဲ့တာကြောင့်မို့ပါ။ ပြိုင်ပွဲအတွက် အုပ်ချုပ်သူနဲ့ နည်းပြဆရာတွေ လမ်းညွှန်မှုအတိုင်း ယှဉ်ပြိုင်ခဲ့တာဖြစ်တဲ့အတွက် အခုလိုအကောင်းဆုံးနိုင်ငံတွေကို ကျော်ဖြတ်ပြီး နိုင်ငံ အတွက် ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့တာပါ။ ၁၉၉၀ ပြည့်နှစ်ကတည်းက ပျောက်ကွယ်နေတဲ့ ရွှေကို ၂၀၂၆ ခုနှစ်မှာ ပြန်လည်ရရှိခဲ့တဲ့အတွက် ထိုင်လျက်ဘော်လီဘောအားကစားသမားတစ်ဦး အနေနဲ့ အတိုင်းမသိ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။
မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်အနေဖြင့် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲများ ဖြစ်သည့် ၂၀၀၁ ခုနှစ် မလေးရှား နိုင်ငံပြိုင်ပွဲတွင် ရွှေ ၃၆ ခု၊ ၂၀၀၃ ခုနှစ်တွင် ရွှေ ၂၄ ခု၊ ၂၀၀၅ ခုနှစ် တွင် ရွှေ ၂၉ ခု၊ ၂၀၀၈ ခုနှစ်တွင် ရွှေ ၁၂ ခု၊ ၂၀၀၉ ခုနှစ်တွင် ရွှေ ရှစ်ခု၊ အင်ဒိုနီးရှားနိုင်ငံတွင် (၆)ကြိမ် မြောက် မသန်စွမ်းအားကစား ပြိုင်ပွဲတွင် ရွှေ ၁၁ ခု၊ ၂၀၁၄ ခုနှစ် နေပြည်တော်တွင် (၇) ကြိမ် မြောက် မသန်စွမ်းအားကစား ပြိုင်ပွဲ၌ ရွှေ ၃၄ ခု၊ ၂၀၁၅ ခုနှစ် တွင် ရွှေ ၁၆ ခု၊ ၂၀၁၇ ခုနှစ်တွင် ရွှေ ၁၁ ခု၊ (၁၀) ကြိမ်မြောက်တွင် ပြိုင်ပွဲဝင်ရောက်မှုမရှိဘဲ (၁၁) ကြိမ်မြောက်ဖြစ်သည့် ၂၀၂၂ ခုနှစ် တွင် ရွှေ ၁၄ ခု၊ ၂၀၂၃ ခုနှစ်တွင် ရွှေ ၁၅ ခုနှင့် ယခုယှဉ်ပြိုင်ခဲ့သည့် ၂၀၂၆ ခုနှစ် (၁၃) ကြိမ်မြောက် မသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေ ၂၀ တို့ကို နိုင်ငံ့ဂုဏ်ဆောင်ဆုတံဆိပ်များအဖြစ် တပ်မတော်၏ဂုဏ်၊ နိုင်ငံတော်၏ ဂုဏ်အတွက် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ အားကစားသမားများက စွမ်ဆောင်မြှင့်တင်ပေးခဲ့ကြသည်။
တွေ့ဆုံမေးမြန်း- ညိမ်းသူ
ဓာတ်ပုံ - မောင်သီဟ
Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။
Announcement
ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on January 27, 2026
ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း
Ministry of Information / Posted on January 27, 2026
စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း
သမဝါယမဦးစီးဌာနမှလစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
Ministry of Cooperatives and Rural Development / Posted on January 23, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
