ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်


Ministry of Cooperatives and Rural Development/ Naypyitaw / July 02, 2024
image_latest


နေပြည်တော် ဇူလိုင် ၂

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဦးမင်းမင်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

          ရှေးဦးစွာ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယနေ့အစည်းအဝေး ခေါ်ယူရတဲ့ ရည်ရွယ်ချက်မှာ ရန်ကုန် အထိုင်ရည်ညွှန်းဈေးနှုန်းများ ထုတ်ပြန်နိုင်ရန်၊ တင်သွင်းမှု စိစစ်ဆောင်ရွက်ရာမှာ ပို့ကုန်ရငွေရှိသည့် စိုက်ပျိုးရေးကုမ္ပဏီများကို ဦးစားပေးထောက်ခံနိုင်ရေး၊ နိုင်ငံခြားငွေ သုံးစွဲတင်သွင်းရတာ ဖြစ်တဲ့အတွက် အလေအလွင့် မရှိရအောင် ရန်ကုန်အရောက် ဈေးနှုန်းများ မှန်ကန်စွာ သတ်မှတ်ပေးနိုင်ရေးနဲ့ ဖြန့်ဖြူးဈေးနှုန်းများကို ဈေးတင်ခြင်း၊ ဈေးကစား ခြင်းများမလုပ်ရန် ဆွေးနွေးနိုင်ဖို့ အစည်းအဝေးခေါ်ယူရခြင်း ဖြစ်ပါကြောင်း၊ ပို့ကုန်များများ ပို့နိုင်ပါက နိုင်ငံခြားဝင်ငွေ များများရမည်ဖြစ်ပြီး နိုင်ငံ့စီးပွားတိုးတက်မည်ဖြစ်၍ ပို့ကုန်များများ ပို့နိုင်ရေး အားပေးလျက်ရှိကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာတန်ချိန် ၁.၆ သန်း တင်သွင်းနိုင်ရေး လျာထားသတ်မှတ်ထားရာ သွင်းအားစုတင်သွင်းသည့် ကုမ္ပဏီအလိုက် လျာထားတင်သွင်းခွင့်ပြုထားသည့် ပမာဏတန်ချိန်များအတွက် ဈေးနှုန်းအနည်းဆုံးဖြင့် တင်သွင်း ဖြန့်ဖြူးရောင်းချပေးနိုင်မည့် ဈေးနှုန်းများကို ယှဉ်ပြိုင်စနစ်ဖြင့် စိစစ်ရွေးချယ် ဆောင်ရွက်ခဲ့ကြောင်း၊ ဒီလိုဆောင်ရွက်ခဲ့တာကြောင့် ယခုနှစ်မှာ ဈေးနှုန်းပိုမိုသက်သာစွာ တောင်သူများကို ဖြန့်ဖြူးပေးနိုင် ပါကြောင်း၊ ထုတ်ပြန်ထားပြီးသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချရန် ကုမ္ပဏီများကိုလည်း လမ်းညွှန်ထားကြောင်း၊ မြေဩဇာအသင်းအနေနဲ့ အသင်းဝင်ကုမ္ပဏီများကို ကြီးကြပ်ပေးရန် ပြောကြားလိုပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့အနေဖြင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေနှင့် ဆောင်ရွက်တဲ့စီမံကိန်းတွေမှာ အချိန်မီဖြန့်ဖြူးပေးနိုင်ရေး၊ ဈေးနှုန်းနှင့် အရည်အသွေး မှန်ကန်မှုရှိစေရေး ကြီးကြပ်ပေးရမည် ဖြစ်ပါကြောင်း၊

ဓာတ်မြေဩဇာများအား သိုလှောင်ခြင်း၊ ဈေးကစားခြင်း၊ ဈေးနှုန်းတင် ရောင်းချခြင်းများ မရှိစေရေးတို့အတွက် သက်ဆိုင်ရာအဖွဲ့ဝင်ဌာနများက ကြီးကြပ်ဆောင်ရွက်ပေးရန်နှင့် သတင်းများ ရရှိ၊ တွေ့ရှိလျှင် ဦးဆောင်ကော်မတီသို့ တင်ပြပေးရန်နှင့် မြို့နယ်အလိုက် အရောင်းဆိုင်များ၊ ဂိုဒေါင်များတွင် သတ်မှတ်ဈေးနဲ့ ရောင်း/မရောင်းကို ကော်မတီဝင်ဌာနဖြစ်သော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးပြီး ဆိုင်ရာကော်မတီဝင် ဌာနများနှင့်အတူ စိစစ်ပေးရန် ပြောကြား လိုကြောင်း၊ လိုအပ်သည်များ စိစစ်နိုင်ရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များကို လည်း ညှိနှိုင်းအကြောင်းကြားထားပါကြောင်းဖြင့် ပြောကြားသည်။

          ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှုများအားလည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌမှ အသင်းဝင်ကုမ္ပဏီများမှ ရည်ညွှန်းဈေးအတိုင်း ရောင်းချနိုင်ရေး ကြီးကြပ်ဆောင်ရွက်နေမှု၊ ဖြန့်ဖြူးရောင်းချမှုများအား လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

          ဆက်လက်ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းတို့က လုပ်ငန်း ဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြသည်။ ယင်းနောက် ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးစီးဌာနကိုယ်စားလှယ်များက ဝိုင်းဝန်းအကြံပြု ရှင်းလင်းဆွေးနွေး တင်ပြကြသည်။တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သွင်းအားစုများ အချိန်မီရရှိရေး၊ အရည်အသွေး ပြည့်မီရေးနှင့် ဈေးနှုန်းသက်သာစေရေးတို့အတွက် သက်ဆိုင်ရာအဖွဲ့ဝင်ဌာနများက ပူးပေါင်း ကြီးကြပ်ဆောင်ရွက်ပေးကြရန် မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

            ရန်ကုန်အထိုင် ဈေးနှုန်းများအနေဖြင့် ယူရီးယားအလုံးကြီး (၅၀) ကီလိုတစ်အိတ်လျှင် ငွေကျပ် ၇၃,၀၀၀ ၊ ရော့ခ်ဖော့စ်စဖိတ်အခြေခံ ၁၅ ပတ်လည် (၅၀) ကီလိုတစ်အိတ်လျှင် ငွေကျပ် ၁ သိန်းနှုန်း၊ ဒီအေပီအခြေခံ ၁၅ ပတ်လည် (၅၀) ကီလိုတစ်အိတ်လျှင် ငွေကျပ် ၁၁၅,၀၀၀ ကျပ်နှုန်း၊ ကွန်းပလပ်စ် ၁၅ ပတ်လည် (၅၀) ကီလိုတစ်အိတ်လျှင် ငွေကျပ် ၁၂၂,၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချ ပေးလျက်ရှိကြောင်း၊ အဆိုပါဈေးနှုန်းများသည် ရန်ကုန်အထိုင်ဈေးဖြစ်ပြီး သက်ဆိုင်ရာဒေသ အရောက် သယ်ယူစရိတ်နှင့် အရောင်းဆိုင်အမြတ်ငွေတို့ ထည့်ပေါင်းကာ ဈေးသတ်မှတ်ရန်၊ ဓာတ်မြေဩဇာများ သိုလှောင်ခြင်း၊ ဈေးကစားခြင်း၊ ဈေးနှုန်းတင်ရောင်းချခြင်းများ မပြုလုပ်ရန် တို့ကို ပြည်နယ်နှင့် တိုင်းဒေသကြီး ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

           မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ အင်ပင်ကျေး ရွာသို့ သွားရောက်ပြီး ငြိမ်းချမ်းသာယာ လယ်ယာနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်းမှ ဝါစိုက်အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက တပ်ကုန်းမြို့နယ်အတွင်း ဆောင်ရွက်နေသည့် မိုးဝါ (၁၄၄၀) ဧက စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စပါးနှင့် ဆီထွက်သီးနှံများအတွက် မျိုးနှင့် သွင်းအားစုများကို ဈေးသက်သာအောင် စီမံဆောင်ရွက်ပေးနေပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် စဉ်ဆက်မပြတ် စောင့်ကြည့်ပြီး တောင်သူများလိုအပ်သည့် နည်းပညာနှင့် အကြံဉာဏ်များ ပေးရမည် ဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများရရှိရေး စိတ်တူကိုယ်တူဆန္ဒတူသူ များဖြင့် သမဝါယမအသင်းအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပါက စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေ ရရှိရေးနှင့် နည်းပညာ ရရှိရေးတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဝါခူးဆွတ်ချိန်တွင်လည်း အရည်အသွေးမှာ Grade A, B, C ရှိသဖြင့် ဈေးကောင်းရအောင် ခူးဆွတ်ရန် တောင်သူများကို အသိပညာပေးရန် လိုအပ်ကြောင်း၊ နည်းပညာ၊ စက်ပစ္စည်း၊ အရင်းအနှီးများ ပံ့ပိုးပေးပြီး Value Added အဖြစ် ထွက်ရှိလာသောဝါကို ချည်ဖြစ်သည်အထိ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒါမှသာ ပြည်ပမှချည်တင်သွင်းမှုကို လျှော့ချနိုင်မှာဖြစ်ကြောင်း၊ သမဝါယမအသင်းများက ချည်စက်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ တောင်သူများက ပန်းတိုင်အထွက်နှုန်း ရရှိရေး အသင်းသားအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် စည်းကမ်းတကျ ကြိုးပမ်းဆောင်ရွက်ကြစေ လိုကြောင်း၊ သမဝါယမချေးငွေ၊ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် ချေးငွေနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးစီမံကိန်း ချေးငွေများကိုလည်း သီးနှံပေါ်ချိန် ပြန်လည်ပေးဆပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိသားစုဝင်ငွေ တိုးပွားရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများအပြင် မွေးမြူရေးလုပ်ငန်းများ၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် သင်တန် များ၊ အရင်းအနှီးများ ပံ့ပိုးပေးမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာဦးစီးဌာနများနှင့် ချိတ်ဆက်တင်ပြ ပေးစေလိုကြောင်းဖြင့် ပြောကြားပြီး အသင်းသားတောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဝါစိုက်အသင်သားတောင်သူများ ထံ RAKA-666 ဝါမျိုးအိတ် (၁၅၀)နှင့် ဩဘာကွန်ပေါင်းမြေဩဇာ (၁၆၂) အိတ်တို့ကို ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသင်းသားတောင်သူများ၏ ဝါစိုက်ပျိုး ထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက် ၊ ဇူလိုင် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 02, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇူလိုင် ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇူလိုင် ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023