ရေကြီးရေလျှံသဘာဝဘေးကို ကြိုတင်ပြင်ဆင်

ရေကြီးရေလျှံသဘာဝဘေးကို ကြိုတင်ပြင်ဆင်


Ministry of Information/ Naypyitaw / July 03, 2024
image_latest


မြစ်များသည် အများအားဖြင့် တောင်ကုန်းတောင်တန်း၊ အရည်ပျော်နေသော ရေခဲမြစ်များမှ မြစ်ဖျားခံကာ မြေနိမ့်ပိုင်းသို့ စီးဆင်းသွားသည်။ မြန်မာနိုင်ငံရှိ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်မြစ်ကြီးသုံးသွယ်သည် မြင့်မားသော တောင်ကုန်းတောင်တန်းများမှ စီးဆင်းလျက်ရှိသည်။ ယခုမိုးရာသီကာလ အရှိန်ရလာသောအခါတွင် တောင်ကုန်းတောင်တန်းများမှ စီးဆင်းလာသော အဆိုပါမြစ်ရေများကြောင့် မြေပြန့်ဒေသများတွင် ရေကြီးရေလျှံအန္တရာယ်များနှင့် ကြုံတွေ့နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

မြန်မာပြည်မြောက်ဖျား ရေခဲတောင်များမှ မြစ်ဖျားခံလာသော မေခနှင့် မလိခမြစ်နှစ်မြွှာ၏ အထက်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ဖျားမှစ၍ မြစ်ရေများတက်လာရာ ဇူလိုင်လ ၁ ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် မြင့်တက်လာပြီး မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ရေများဝင်ရောက်ခဲ့သည်။ မြို့ပေါ်နေပြည်သူများ ရေကြီးရေလျှံမှုအန္တရာယ် ကြုံတွေ့လျက်ရှိပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ဧရာဝတီမြစ်ရေသည် ဆက်လက်စီးဆင်းပြီး လက်ရှိတွင် ဗန်းမော်မြို့၌ စိုးရိမ်ရေမှတ်အောက်တွင်ရှိသော်လည်း မကြာမီကာလတွင် စိုးရိမ်ရေမှတ်အထက်သို့ရောက်လာမည်ဖြစ်သည်။ ရွှေကူမြို့သည်လည်းကောင်း၊ ကသာမြို့သည်လည်းကောင်း အလားတူအခြေအနေများရှိသည်။ ဇူလိုင်လပထမ ၁၀ ရက်အတွင်း ခန့်မှန်းချက်အရ မန္တလေးမြို့တွင် လက်ရှိရေမှတ်ထက် ခြောက်ပေမှ ၁၀ ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဌာနက ခန့်မှန်းထားသည်။ အလားတူ ချင်းတွင်းမြစ်ရေသည်လည်း ဟုမ္မလင်း၊ ဖောင်းပြင်၊ ခန္တီးမြို့တို့တွင် မကြာမီစိုးရိမ်ရေမှတ်သို့ ရောက်ရှိလာမည်ဖြစ်သည်။

မြစ်ဖျားပိုင်းများတွင် မြစ်ရေများတိုးလာရာမှ မြစ်လယ်၊ မြစ်အောက်ပိုင်းများတွင် မြစ်ရေများတိုးလာပြီး ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများသို့ ရောက်လာပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်စဉ် ဇူလိုင်လ၊ ဩဂုတ်လများ၌ ရေကြီးရေလျှံရေဘေးအန္တရာယ်များ ကြုံတွေ့ရလေ့ရှိသည်။ မုတ်သုံရာသီကာလ မိုးရွာသွန်းမှုအခြေအနေအရ မြစ်ရေကြီးမှုများဖြစ်ပေါ်လာပြီး ပုံမှန်ရေကြီးရေလျှံမှုဖြစ်စဉ်များအပြင် အချိန်တိုအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်းများ၊ တောင်ပြိုခြင်း၊ မြေပြိုခြင်းများနှင့် ကြုံတွေ့လာနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

ယခုနောက်ပိုင်းကာလတွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၌ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ရေကြီးရေလျှံမှု ရေဘေးအန္တရာယ် ၁၄၄ ကြိမ် ဖြစ်ပေါ်ခဲ့သည်။ နေအိမ်အဆောက်အအုံ ၂၇၉ လုံး ပျက်စီးခဲ့သဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ မများလှသော်လည်း လူနှင့်တိရစ္ဆာန် သေဆုံး၊ ထိခိုက်၊ ဒဏ်ရာရသည့်အခြေအနေများရှိသဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်မှ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာမည်ကို သတိပြုရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယမန်နှစ်က အင်အားအလွန့်အလွန် ပြင်းထန်သော မိုခါမုန်တိုင်းတိုက်ခတ်မှုကို နိုင်ငံတော်အစိုးရက ကြိုတင်ပြင်ဆင် စနစ်တကျ ဆောင်ရွက်နိုင်သောကြောင့် ထိခိုက်သေဆုံးမှု အနည်းဆုံးဖြစ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

ယခုဖြစ်ပေါ်လာနိုင်မည့် ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြုံတွေ့လာမည့် ပြည်သူများ ထိခိုက်ဆုံးရှုံးပျက်စီးမှုများ လျော့နည်းသက်သာစေရန်အတွက် မဖြစ်ပွားမီကြိုတင်ပြင်ဆင်မှုများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အတူပူးပေါင်းလက်တွဲလျက် တက်တက်ကြွကြွ ဆောင်ရွက်ထားကြရမည်ဖြစ်သည်။ မိမိပတ်ဝန်းကျင်တွင် ရေဘေးအန္တရာယ်ဖြစ်နိုင်သော အခြေအနေများနှင့် မိမိနေအိမ် အဆောက်အအုံကြံ့ခိုင်မှုကို စစ်ဆေးထားရန်၊ ရွှေ့ပြောင်းနိုင်သည့်လမ်းကြောင်းများကို ကြိုတင်သတ်မှတ်ထားရန်၊ အန္တရာယ်ရှိသောစိုးရိမ်ရေမှတ်ကို သိရှိလေ့လာထားရန်၊ သောက်သုံးရေ၊ ဆေးဝါးနှင့် အရေးပေါ်လိုအပ်သောပစ္စည်းများကို အသင့်ပြင်ဆင်ထားရန်၊ မိုးလေဝသသတင်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အသိပေးနှိုးဆော်ချက်၊ ဆောင်ရွက်ရမည့်အချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

ထို့အပြင် ရေကြီးသောဒေသများတွင် မြစ်ချောင်းကမ်းပါးများ ပြိုကျတတ်သဖြင့် မြစ်ချောင်းကမ်းပါးသို့ မသွားရန်၊ တောင်ပေါ်ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းနေပါက တောင်အောက်၊ ချောင်းဖျား၊ မြစ်ဖျားများနှင့် မြစ်ဝှမ်းတစ်လျှောက်တွင် လျှပ်တစ်ပြက်ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်ကို သတိပြုရန်၊ မိုးသည်းထန်စွာရွာသွန်းချိန်တွင် တောင်ကျရေ၊ တောင်ပေါ်ရေများ ရုတ်တရက်အရှိန်အဟုန်ပြင်းစွာ ပြိုကျလာနိုင်သည်ကို ကြိုတင်သတိပြုရှောင်ရှားရန်နှင့် တောင်အောက်တွင် နေထိုင်သောသူများအနေဖြင့် တောင်ပြိုကျနိုင်သည့် အန္တရာယ်များကိုလည်း ကြိုတင်သတိပြု ရွှေ့ပြောင်းနေထိုင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ကြရန်လိုသည်။

သို့ဖြစ်ရာ လက်ရှိကာလတွင် ကြုံတွေ့လာနိုင်သည့် ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်ကို သက်ဆိုင်ရာအဖွဲ့အစည်းများက အသိပေးနှိုးဆော် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ရာ ဒေသခံပြည်သူများကလည်း ထိခိုက်ဆုံးရှုံးမှုနည်းပါးအောင် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

Newspaper

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက်၊ သြဂုတ် ၂၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 24, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက်၊ သြဂုတ် ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက်၊ သြဂုတ် ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 22, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023

Announcement

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်အဖြစ် တင်မြှောက်ခံရသူများနှင့်ရွေးချယ်တင်မြှောက်ပွဲတွင် ပါဝင်အရွေးချယ်ခံခွင့်ရှိသူများစာရင်းကို အသိပေးကြေညာခြင်း

Ministry of Information / Posted on August 23, 2024

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်အဖြစ် တင်မြှောက်ခံရသူများနှင့်ရွေးချယ်တင်မြှောက်ပွဲတွင် ပါဝင်အရွေးချယ်ခံခွင့်ရှိသူများစာရင်းကို အသိပေးကြေညာခြင်း

(၂၂-၈-၂၀၂၄) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အခြေအနေ

Ministry of Electric Power / Posted on August 23, 2024

(၂၂-၈-၂၀၂၄) ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အခြေအနေ