ကမ္ဘောဇသာဒီနန်းတော် (Historical Park) အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုနှင့် ပဲခူးယဉ်ကျေးမှုဇုန်ဝင်ကြေးငွေ သတ်မှတ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


Ministry of Information/ ပဲခူး / July 08, 2020
image_latest


ပဲခူး ဇူလိုင် ၈

ကမ္ဘောဇသာဒီနန်းတော် (Historical Park) အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုနှင့် ပဲခူးယဉ်ကျေးမှုဇုန်ဝင်ကြေးငွေ သတ်မှတ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ဆောင်ရွက်နေသလို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး အလေးထားကာ နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကအားဖြင့် ကိုဗစ်-၁၉ ကာလ အလွန် ခရီးသွားလုပ်ငန်းများ ပြန်လည်ကုစားနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအတွင်း ယဉ်ကျေးမှုဇုန်အလိုက် ဝင်ကြေးကောက်ခံခြင်း၊ နေရာခွဲဝေမှု၊ တန်ဖိုးသတ်မှတ်ချက်များကို တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ပညာရှင်များမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်းနှင့် ကမ္ဘောဇသာဒီနန်းတော်အား Historical Park အဆင့်မြှင့်တင် ဆောင်ရွက်နေမှု အား ဆက်လက်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက ကိုဗစ်-၁၉ ခရီးသွားလုပ်ငန်းများ ဝင်ငွေရပ်ဆိုင်းခဲ့ရမှုအပေါ် အစိုးရအဖွဲ့အနေဖြင့် ဖြေလျော့ပေးရနိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးညွန့်ရွှေက တင်ဒါစည်းကမ်းချက်များအရ ယဉ်ကျေးမှုဇုန်အလိုက် ရရှိလာမည့် ဘဏ္ဍာငွေများအား စနစ်တကျပြန်လည်သုံးစွဲသွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း က ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနယ်မြေအလိုက် ဇုန်ဝင်ကြေး ကောက်ခံနေမှုအပေါ် ကိုဗစ်-၁၉  အတွင်း နစ်နာမှုမရှိစေရး စီမံ ဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့်စပ်လျဉ်း၍ လည်းကောင်း တင်ပြဆွေးနွေးခဲ့သည်။

ယင်းနောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ (ပဲခူးဌာနခွဲ)တာဝန်ခံ၊ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ကမ္ဘောဇသာဒီနန်းတော် (Historical Park) အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုနှင့် ပဲခူး ယဉ်ကျေးမှု ဇုန်ဝင်ကြေးငွေ သတ်မှတ်ရေး Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက် လာသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ပညာရှင်များမှ ကိုဗစ်-၁၉ ကာလအလွန် ခရီးသွား လုပ်ငန်းများ ပြန်လည်ကုစားနိုင်ရေးအတွက် အသီးသီး အကြံပြုဆွေးနွေးခဲ့ကြသည်။

အခမ်းနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေနှင့် သီးခြားဖိတ်ကြားထာသည့် ရှေးဟောင်းယဉ်ကျေးမှု ပညာရှင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)