ကရင်ပြည်နယ်စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးသန်းနိုင် ဒေသဖွံ့ဖြိုးရေးလမ်းတံတားလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / August 20, 2020


ဩဂုတ် (၁၈)

 နယ်စပ်ဒေသဖွံ့ဖြိုးရေး ကရင်ပြည်နယ်အစိုးရအဖွဲ့(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဘားအံမြို့နယ်၊ သံလွင်အနောက်ခြမ်း၊ သံလွင်မြစ်နှင့် ဒုံသမိမြစ်ကြားရှိကျေးရွာများတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လမ်းတံတားလုပ်ငန်းများကို ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ်လ (၁၈) ရက်နေ့ နံနက်ပိုင်းက ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင် သာယာရေး ဝန်ကြီးဦးသန်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

  ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် တကောင်ဘိုးကျေးရွာအုပ်စု၊ မီးပုံးကျေးရွာနှင့် နော်သရေးကျေးရွာကြား ကျေးရွာချင်းဆက်လမ်းပေါ်ရှိ မဲလဝေါ ချောင်းကူးသစ်သားတံတားအား ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုရာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဘားအံမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးခင်ဇော်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက အဆိုပါချောင်းကူးတံတား အဆင့်မြှင့်တင်နိုင်ရေး ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

 အဆိုပါတံတားမှာ ကျေးလက်နေပြည်သူများက ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့ရပြီး နှစ်ပေါင်း (၇၀) ကျော် ကြာမြင့်ပြီဖြစ်၍ သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်နိုင်ရေး အတွက် လိုအပ်လျက်ရှိကာ အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးပါက ဒေသခံကျေးရွာများဖြစ်သည့် နော်သရေး၊ အလယ်၊ ထီးဖိုးနဲ၊ ကွီးသခေါ၊ ထီးမယ်ဘောကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများသည် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များ စိတ်အေးချမ်းသာစွာအသုံးပြုဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး ယခုအခါမိုးရာသီ တွင်ရေကျော်ပြီးကြံခိုင်မှုလျော့နည်းနေသည့်အတွက် အရှည်(၁၀၀)ပေ သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေးကို ဒေသခံများက လိုလားလျက်ရှိကြောင်း သိရသည်။

 ထို့နောက် ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးသန်းနိုင်သည် ကြို့ပင်ဆိပ်-ဖလန်တောင်- နို့အောလာ-မင်းစေား-တဂေးလောင်း-ပျဉ်းမပင်ဆိပ်လမ်း (၃၂) မိုင် (၁) ဖါလုံကို မြေသားလမ်းဆောင်ရွက်ပြီးစီးမှု၊ အဆိုပါမြေသားလမ်းပေါ် တွင်ကျောက်ချောလမ်း (၂၅) မိုင် ဆောင်ရွက်ပြီးစီးမှု၊ (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်အတွင်း ကွန်ကရစ်လမ်း (၁) မိုင် (၂) ဖါလုံ၊ ကတ္တရာလမ်း (၃) မိုင် (၄)ဖါလုံဆောင်ရွက်ပြီးစီးမှုနှင့် ထိုလမ်းပေါ်ရှိ ခိုင်ခံမှုမရှိတော့သော သံဘောင်ဘေလီတံတားများအား (၁၅)ပေနှင့် ပေ(၂၀)ရှိ သံကူကွန်ကရစ်တံတားများအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် ပြီးစီးမှုအခြေအနေများကိုကြည့်ရှု့စစ်ဆေးရာ ဘားအံမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး မြို့နယ်တာဝန်ခံနှင့် ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ဝင်များက လမ်းတံတားလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်း အသေးစိတ်ကို ရှင်းလင်းဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။