ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နည်းဥပဒေနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒများရေးဆွဲရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ


Ministry of Information/ Naypyitaw / November 10, 2020
image_latest


နေပြည်တော် အောက်တိုဘာ ၂၄

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နည်းဥပဒေနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာမူဝါဒများ ရေးဆွဲခြင်းလုပ်ငန်းများ အတွက် နည်းဥပဒေရေးဆွဲရေး လုပ်ငန်းအဖွဲ့ဝင်များနှင့် မူဝါဒရေးဆွဲရေးနည်းပညာဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ အမြင်ချင်းဖလှယ် ညှိနှိုင်းသည့် အစည်းအဝေးကို ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နည်းဥပဒေရေးဆွဲရေးလုပ်ငန်း အဖွဲ့ဝင်များ၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒရေးဆွဲရေးနည်းပညာဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ၊ National Consultant များနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (The United Nations Convention on the Rights of the Child – UNCRC) ကို ၁၉၉၁ ခုနှစ်၊ သြဂုတ် ၁၅ ရက်တွင် အဖွဲ့ဝင်အဖြစ် အတည်ပြုပါဝင်ခဲ့ပြီးဖြစ်ကြောင်း၊  CRC နောက်ဆက်တွဲ စာချုပ်ဖြစ်သည့် (Convention on the Rights of the Child on the sale of children, child prostitution and child pornography) နှင့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂစာချုပ်၏ နောက်ဆက်တွဲ စာချုပ်တစ်ခုဖြစ်သည့် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် (CRC-OPAC) တွင်လည်း ပါဝင်လက်မှတ် ရေးထိုးခဲ့ပါကြောင်း၊ ကလေးသူငယ် ဥပဒေကို CRC ပါ ပြဋ္ဌာန်းချက်များနှင့် ပိုမိုကိုက်ညီမှုရှိစေရန်၊  ခေတ်ကာလ အခြေအနေနှင့် လိုက်လျောညီထွေမှု ရှိစေရန်အတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ်ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၂၃ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း။

ဥပဒေပြဋ္ဌာန်းခဲ့ပြီး ဖြစ်သောကြောင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နည်းဥပဒေ ပေါ်ထွက်လာနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများနှင့်အညီ စနစ်ကျသော မူဝါဒတစ်ရပ်ရေးဆွဲနိုင်ရန် ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒရေးဆွဲရေး လုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းထားရှိပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒရေးဆွဲရေးအတွက် Unicef Myanmar  Child Frontier အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မူဝါဒကို နိုင်ငံတကာစံနှုန်းများနှင့်အညီ လက်တွေ့ကျပြီး တိုင်းပြည်၏ လက်ရှိအခြေအနေနှင့် ကိုက်ညီသော အမျိုးသားအဆင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒတစ်ရပ်ဖြစ်စေရေး ရည်ရွယ်ထားပါကြောင်း၊ မူဝါဒချမှတ်ပေးသည့် နေရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ခြုံငုံမိအောင် ဆောင်ရွက်နိုင်ရန်၊ အရပ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍ ပါဝင်ရန်လိုအပ်ပါကြောင်း၊ ကလေးသူငယ်များကို မြေပြင်၌ အမှန်တကယ်ထိခိုက်စေသော အကြောင်းတရားများဖြစ်သည့် အကြမ်းဖက်ခြင်း၊ လွဲမှားစွာပြုမူခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းတို့ကို ကာကွယ်ပေးရန် လိုအပ်ပါကြောင်း၊ ကလေးတိုင်း ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့် အပါအဝင် ကျန်အခွင့် အရေးများကို တန်းတူညီတူရရှိနိုင်ရေး အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်နှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်တို့အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက် ရေးဆိုင်ရာမူဝါဒများကို စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ကလေးသူငယ်များ၏ အခွင့်အရေးများကို အားလုံးသိရှိရန်နှင့် ကလေးတိုင်း လက်လှမ်းမီတန်းတူ ညီတူရရှိနိုင်ရန်အတွက် အစွမ်းကုန် ဆောင်ရွက်လျက်ရှိသလို ကလေးသူငယ်များအား ပိုမိုထိရောက်စွာ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရန်အတွက် အရေးကြီးပါကြောင်း၊ ထို့ကြောင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နည်းဥပဒေနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒများရေးဆွဲခြင်း လုပ်ငန်းရပ်များတွင် အားသာချက်/  အားနည်းချက်များကို ဝိုင်းဝန်းပူးပေါင်း၍ ဆွေးနွေးလုပ်ဆောင်ပေးကြပါရန်နှင့် သက်ဆိုင်ရာကဏ္ဍအလိုက် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေရေးဆွဲရေး လုပ်ငန်းအဖွဲ့နှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒရေးဆွဲရေးနည်း ပညာဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နည်းဥပဒေရေးဆွဲခြင်း လုပ်ငန်းစဉ်များ၊ မူဝါဒရေးဆွဲရေးလုပ်ငန်းစဉ်များနှင့် ကော်မတီဖွဲ့စည်းထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးများက ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နည်းဥပဒေ(မူကြမ်း)နှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ မူဝါဒရေးဆွဲခြင်းတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နည်းဥပဒေရေးဆွဲရေး လုပ်ငန်းအဖွဲ့ဝင်များ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ မူဝါဒရေးဆွဲရေး နည်းပညာဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ၊ National Consultant များက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်