ကျန်းမာရေးသုတေသနများတွင် စကားစုများဖြင့်လေ့လာသည့် နည်းစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသင်တန်း (၁/၂၀၂၀) ဖွင့်ပွဲ အခမ်းအနားကျင်းပ
ကျန်းမာရေးသုတေသနများတွင် စကားစုများဖြင့်လေ့လာသည့် နည်းစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသင်တန်း (၁/၂၀၂၀) ဖွင့်ပွဲ အခမ်းအနားကျင်းပ
Ministry of Information/ ပြင်ဦးလွင် / June 21, 2020
နေပြည်တော် ဇွန် ၂၁
ကျန်းမာရေးသုတေသနများတွင် စကားစုများဖြင့်လေ့လာသည့် နည်းစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲသင်တန်း (၁/၂၀၂၀) ဖွင့်ပွဲအခမ်းအနားကို ယနေ့၊ နံနက်ပိုင်းတွင် ဆေးသုတေသန (ပြင်ဦးလွင်ရုံးခွဲ)ရှိ သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာန၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြီးတစ်ခုလုံး၏ စွမ်းဆောင်ရည် နှင့် အကျိုးထိရောက်တို့အား တိုးတက်စေသည့်အပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အတွက် လည်း များစွာ အထောက်အကူပြု အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပါကြောင်း၊သုတေသနပြုလုပ်သူ ဝန်ကြီးဌာန၏ ဝန်ထမ်း တစ်ဦးချင်း အနေဖြင့်လည်း ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်စွမ်း၊ ဖောက်ထွက် စဉ်းစားနိုင်မှု၊ ဆန်းသစ်တွေးခေါ်နိုင်မှု၊ အခြေအနေ အရပ်ရပ်ကို ဘက်ပေါင်းစုံ၊ ရှုထောင့်စုံမှ ထည့်သွင်း စဉ်းစားနိုင်မှု၊ အချက်အလက်အထောက်အထားကို အခြေခံ၍ ကျိုးကြောင်း ဆီလျော်ဆုံးဖြတ်နိုင်မှု၊ လုပ်ငန်းဆောင်ရွက်မှုများကို စောင့်ကြည့်ဆန်းစစ်နိုင်စွမ်းရည်များ တိုးတက်ရရှိလာမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများကြောင့် သုတေသနစွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများကို ယာယီရပ်ဆိုင်းထားခဲ့ရာမှ ယခု အခါ စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့သည့် ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း၊ယခု သုတေသနစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းတွင် ဆေးရုံအုပ်၊ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးမှူး၊ ဆေးဘက်ဆိုင်ရာပညာရှင်၊ ဆေးဝါးပညာရှင် စသည်ဖြင့် ဝန်ကြီးဌာန၏ ဦးစီးဌာနများမှ ပညာရှင်အမျိုး အစားပေါင်းစုံ လေ့ကျင့်သင်ကြားပေးခြင်းသည် ကောင်းမွန်ပါကြောင်း။
ဤသုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာန၌ ပြုလုပ်သော သုတေသနစွမ်းဆောင်ရည်မြှင့်သင်တန်း အမျိုးမျိုး တွင် သက်ဆိုင်ရာ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းသား/ သူများအတွက် ပြုလုပ်သော သင်တန်းများအပြင် ဝန်ကြီးဌာနမှ စိတ်ပါဝင်စား တက်ရောက်လိုသူ မည်သူမဆိုတက်ရောက်နိုင်သည့် သင်တန်းများလည်း ရှိ ပါကြောင်း၊ ယခုသင်တန်းတွင် စကားစုများဖြင့်လေ့လာသည့် သုတေသန နည်းစနစ် (qualitative research method) များနှင့် ပတ်သက်၍ သင်ကြား သင်ယူမှုများပြုလုပ်ရာတွင်လည်း ဟောပြောပို့ချမှု သာမက အပြန်အလှန်ဝေဖန်ဆွေးနွေးခြင်း၊ အုပ်စုဖွဲ့လေ့ကျင့်ခြင်းနှင့် လက်တွေ့ကွင်းဆင်း သုတေသနဆောင်ရွက်ခြင်း၊ အဖွဲ့လိုက် သုတေသနအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ဝေဖန်သုံးသပ်ခြင်း နှင့် ဆွေးနွေးတင်ပြခြင်း တို့ပါဝင်သည်မှာ ဝန်ကြီးဌာနတိုးတက်မှုအတွက် ရေရှည်တွင် အထူးကောင်းမွန် ပါကြောင်း၊မိမိတို့ဝန်ကြီးဌာနသည် သုတေသနပြုလုပ်ဆောင်ရွက်သည့် အလေ့အကျင့်ကောင်းနှင့် သုတေသန ယဉ်ကျေးမှု ပိုမို ထွန်းကားလာစေရေးအတွက် (၂၀၁၆) ခုနှစ်၊ ဧပြီလမှ (၂၀၁၉-၂၀၂၀)ခု ဘဏ္ဍာရေးနှစ်အထိ သုတေသနပြုလုပ်ရန် ရန်ပုံငွေ ကျပ်သန်းပေါင်း (၆,၀၀၀) ခွင့်ပြုချထားပေးခဲ့ပါကြောင်း၊ (၂၀၂၀-၂၁)ခု ဘဏ္ဍာနှစ်၌လည်း သုတေသနရန်ပုံငွေ သန်း (၃,၀၀၀) လျာထားပါကြောင်း၊ အဆိုပါ သုတေသနရန်ပုံငွေများကို အသုံးပြုကာ ဝန်ကြီးဌာန၏ ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စေရေး၊ ဘဏ္ဍာငွေခွဲဝေ သုံးစွဲမှုများ ပိုမို စနစ်ကျမှန်ကန်စေရေး၊ ရောဂါ ကာကွယ် နှိမ်နင်းရေးလုပ်ငန်းများ ပိုမိုပီပြင်စေရေး၊ ကျန်းမာရေးပြဿနာများ၊ ကုထုံးများ၊ ဆေးပညာ သင်ကြားမှု၊ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းဆောင်ရွက်မှု အခက်အခဲများ၊ မူဝါဒရေးရာများကို ပိုမိုကောင်းမွန်စေရေးနှင့် အားနည်းချက်များအား လိုအပ်သလို မွမ်းမံပြင်ဆင်ဆောင်ရွက်နိုင်ရေး အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုမိုတိုးတက် ကောင်းမွန်စေရေး အသုံးချသုတေသန များကို မိမိတို့ ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် ယခုထက် ပိုမိုဆောင်ရွက်ကြစေလိုပါကြောင်း၊ သုတေသနတွေ့ရှိချက်များ အပေါ်အခြေခံ၍ စီမံချက်များ ရေးဆွဲခြင်း၊ ဘဏ္ဍာငွေနှင့် အရင်းအမြစ်များ ခွဲဝေချထားခြင်း တို့ကို ဆောင်ရွက်ခြင်းဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းများ ပိုမိုပီပြင် အောင်မြင်နိုင်ကာ ကျန်းမာရေးအရင်းအမြစ်များကို အလေအလွင့်နည်းပါးစွာဖြင့် ပိုမိုအကျိုးရှိ ထိရောက်မှုရှိစွာ အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း။
သုတေသနစွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများကို သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာကို အသုံးချကာ အင်တာနက် (online) မှ ပြုလုပ်သွားစေလိုပါကြောင်း၊ ယခု သင်တန်းအပါအဝင် ဝန်ကြီးဌာန၏ သင်တန်းများ၊ တက္ကသိုလ်များ တွင် ဟောပြောပို့ချမှုများကို ရုပ်သံ (video) မှတ်တမ်းရိုက်ကူးကာ သင်တန်းမတက်ရောက်နိုင်သူများ လေ့လာဆည်းပူးနိုင်ရန် အတွက် ဝန်ကြီးဌာနရှိ သက်ဆိုင်ရာ ဦးစီးဌာနနှင့် တက္ကသိုလ်များ၏ အင်တာနက်စာမျက်တွင် ဖော်ပြထားရှိစေလိုပါကြောင်း၊ သင်တန်းနောက်ဆုံးနေ့တွင်လည်း သင်တန်းနှင့် ပတ်သက်၍ သင်တန်းတက်ရောက်သူများ၏ သဘောထားအမြင်များကို ကောက်ယူကာ သင်တန်းများ ပိုမို ကောင်းမွန်စေရေးဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ခင်က ဝမ်းမြောက်စကားပြောကြားပြီး ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက အဖွင့်အမှာစကားပြောကြားကာ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)) ဒေါက်တာစောစောက သင်တန်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဆေးသုတေသန ဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)ရှိ စာကြည့်တိုက်သို့ သွားရောက် ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ယခုဘဏ္ဍာနှစ်၌ စတင်တည်ဆောက်မည့် သုတေသနစွမ်းဆောင်ရည် လေ့ကျင့် မြှင့်တင်ရေး ဗဟိုဌာန အဆင့်မြင့် နှစ်ထပ်အဆောက်အဦ သစ်တည်ဆောက်ရေး မြေနေရာသို့ သွားရောက်ပြီး ပြင်ဆင် ဆောင်ရွက်နေမှုများကို ကြည့်ရှုရာ အဆောက်အဦသစ်တည်ဆောက်ရန် မြေညှိခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့၊ နံနက်ပိုင်းတွင် အလှူရှင် (မန္တလေးမြို့နေ) သူရိန်ကျော်စိုးဝင်း ရေကြောင်း သယ်ယူပို့ဆောင်ရေးကုမ္ပဏီနှင့် သူရိန်ကျော်စိုးဝင်း ကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်းနှင့် ဒေါ်ခင်ထွေးမိသားစုမှ မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးဝင်းအတွင်း၌ ငွေကျပ်သန်း (၁,၂၀၀) ခန့်အကုန်အကျခံ၍ ဆောက်လုပ်လှူဒါန်းမည့် အသည်းနှင့်သည်းခြေလမ်းကြောင်း ဆိုင်ရာဌာန (၈)ထပ် အဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ အလှူရှင် ဦးကျော်ဝင်းနှင့် ဒေါ်ခင်ထွေးမိသားစု နှင့် တာဝန်ရှိသူများက အသည်းနှင့်သည်းခြေလမ်းကြောင်း ဆိုင်ရာဌာန (၈)ထပ် အဆောက်အဦ ဆောက်လုပ်မည့်မြေနေရာတွင် မင်္ဂလာ ပန္နက်ရိုက် ခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)
