စင်ကာပူနိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် မြန်မာလူငယ်ဒါရိုက်တာ အကောင်းဆုံးဒါရိုက်တာဆုရရှိ
စင်ကာပူနိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် မြန်မာလူငယ်ဒါရိုက်တာ အကောင်းဆုံးဒါရိုက်တာဆုရရှိ
Ministry of Information/ နေပြည်တော် / December 20, 2019

ရန်ကုန် ဒီဇင်ဘာ ၁၉
စင်ကာပူနိုင်ငံတကာရုပ်ရှင်ပွဲတော်-၂၀၁၉ (Singapore International Film Festival 2019) တွင် မြန်မာ နိုင်ငံမှ လူငယ်ဒါရိုက်တာ ဇော်ဘိုဘို ဟိန်းသည် လူနာ (The Sick) ဇာတ်လမ်းတိုဖြင့် အကောင်းဆုံး ဒါရိုက်တာဆု ရရှိသည်။
အကြိမ်(၃၀)မြောက် စင်ကာပူ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၁ ရက်ထိ စင်ကာပူနိုင်ငံတွင် ကျင်းပရာ မြန်မာနိုင်ငံမှ ဒါရိုက်တာ အောင်ဖြိုး၏ “ပြာပြာညိုရောင် မှိုင်းတလဲ့လဲ့” ရုပ်ရှင်ဇာတ်လမ်းတို နှင့် ဒါရိုက်တာဇော်ဘိုဘိုဟိန်း၏ လူနာ(The Sick) ဇာတ်လမ်းတိုတို့ ယှဉ်ပြိုင်ခဲ့ရာ ဒါရိုက်တာ ဇော်ဘိုဘို ဟိန်းမှာ အကောင်းဆုံးဒါရိုက်တာဆု ဆွတ်ခူးရရှိခြင်းဖြစ်သည်။
အဆိုပါ ဆုရဇာတ်လမ်း အကျဉ်းမှာ သူငယ်ချင်းဖြစ်သူ လူနာတစ်ဦးကို မြို့နယ်ဆေးရုံသို့ လာရောက်ပို့ဆောင်သော လူ တစ်ယောက်အနေဖြင့် သူငယ်ချင်း အပေါ်ထားရှိသည့် သံယောဇဉ်နှင့် ဆေးကုသစရိတ်တို့ အကြား လွန်ဆွဲ နေပုံကို ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပြီး ၎င်းဇာတ်ကားသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သည့် (၉)ကြိမ်မြောက် ဝဿန် ရုပ်ရှင်ပွဲတော်တွင် လည်းအကာင်း ဆုံးဆု ရရှိထားကြောင်း၊ စင်ကာပူ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ၁၉၈၇ ခုနှစ်တွင် Geoffrey Malone and L.Leland Whitney တို့မှ မျိုးဆက်သစ် လူငယ်များ ချိတ်ဆက်နိုင်ရန်၊ အမြင်ခြင်းဖလှယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် စတင်ဆောင်ရွက်ခဲ့ရာ စင်ကာပူနိုင်ငံတွင် အကြီးကျယ်ဆုံးနှင့် သက်တမ်းအရှည်ဆုံး ရုပ်ရှင် ပွဲတော်ဖြစ်လာခဲ့ကြောင်း၊ ၎င်း ပွဲတော်တွင် ငွေရောင်ပိတ်ကားဆု ရွေးချယ်ဆုချီးမြှင့်မှုကို အာရှနှင့် အရှေ့တောင် အာရှ ဇာတ်လမ်း ပြိုင်ပွဲနှစ်ခုတွင် အကောင်းဆုံးရရှိသည့် ဇာတ်ကားများအား ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စွာ(FDC)