စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး ပြည်သူများနှင့်အတူ မုံရွာမြို့ နှစ်သစ်ကူးကြိုဆိုပွဲ ပျော်ရွှင်စွာဆင်နွှဲ
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး ပြည်သူများနှင့်အတူ မုံရွာမြို့ နှစ်သစ်ကူးကြိုဆိုပွဲ ပျော်ရွှင်စွာဆင်နွှဲ
Ministry of Information/ စစ်ကိုင်း / January 01, 2020
မုံရွာ ဇန်နဝါရီ ၁
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကန်သာယာကန်အတွင်းရှိ ရွှေလိမ္မော်ကျွန်းတွင်ယမန်နေ့ ည ၉ နာရီက နိုင်ငံကျော်အဆိုတော်များနှင့်အတူ ၂၀၂၀ ခုနှစ် နှစ်သစ်ကူးကြိုဆိုပွဲကို ပျော်ရွှင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီးဒေါ်တင့်တင့်(ခ)ဒေါ်ချူးချူးတို့ တက်ရောက်ဆင်နွှဲခဲ့ကြသည်။
အဆိုပါ နှစ်သစ်ကူးကြိုဆိုပွဲကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မုံရွာမြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းစီစဉ်မှုနှင့်အတူ မုံရွာဒေသခံစီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများ နှစ်သစ်ကို ပျော်ရွှင်စွာကျင်းပခြင်းဖြစ်သည်။
နှစ်သစ်ကူးကြိုဆိုပွဲသို့ ညနေ ၆ နာရီမှစ၍ မုံရွာမြို့နှင့်အနီးတဝိုက်မြို့များမှ လူငယ်များ၊ မိသားစုများ၊ ကား၊ ဆိုင်ကယ်များဖြင့် လာရောက်ကြကာ ရွှေလိမ္မာ်ကျွန်းတွင် အဆိုတော်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ပျော်ရွှင်စွာ ခံစားကခုန်ခြင်း၊ ကန်သာယာကန် အနောက်ဘက်ခြမ်းရှိ ဗိုလ်ချုပ်လမ်း ဘယ်ညာတို့တွင် LED မီးဆိုင်းများဖြင့် အလှဆင်ထားသည့် နေရာများတွင် အမှတ်တရဓာတ်ပုံများ ရိုက်ကူးခြင်းနှင့်အတူ နှစ်သစ်သို့ ကူးပြောင်းမည့် ည ၁၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က နှစ်သစ်ကူးဆုတောင်းမေတ္တာစကားပြောကြားပြီး မီးရှူးမီးပန်းများ ပစ်ဖောက်၍ နှစ်သစ်ကို ကြိုဆိုခဲ့ကြောင်းသိရသည်။
ထွန်းကိုကို(ယင်းမာပင်)
