တက္ကသိုလ်ဝင်တန်း ကျောင်းသင်ခန်းစာများကို Facebook LIVE ဖြင့် အခမဲ့စတင်ထုတ်လွှင့်
တက္ကသိုလ်ဝင်တန်း ကျောင်းသင်ခန်းစာများကို Facebook LIVE ဖြင့် အခမဲ့စတင်ထုတ်လွှင့်
Ministry of Information/ ရန်ကုန် / December 07, 2020
ရန်ကုန်၊ ဒီဇင်ဘာ ၆
တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ အခြေခံပညာ ဦးစီးဌာန သင်ရိုးညွှန်းတမ်းများနှင့်အညီ Online သင်ခန်းစာများကို Facebook LIVE ဖြင့် MM classroom မှ အခမဲ့ ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည် ။
တက္ကသိုလ်ဝင်တန်း သင်ရိုးဟောင်း ( Grade - 11 ) နှင့် ဒသမတန်း သင်ရိုးသစ် ( Grade - 10 ) တို့အတွက် MM Classroom မှ ဝါရင့်အတွေ့အကြုံရှိ ဆရာမကြီးများကိုယ်တိုင် သင်ကြားပေးထားသော သင်ရိုးကုန် ( အပြည့်အစုံ ) ဗီဒီယို သင်ခန်းစာများကို နည်းပညာအသုံးပြုပြီး နားလည် စိတ်ဝင်စားလွယ်အောင် အွန်လိုင်းမှတစ်ဆင့် စာသင်ကြားနိုင်မည့် စာသင်ခန်းတစ်ခုဖြစ်သည် ။
သင်ယူလေ့လာရာတွင် ပိုမိုအကျိုးရှိစေရန် ကျောင်းသားကျောင်းသူများ၏ နားလည်မူ တတ်ကျွမ်းမူကို ဆန်းစစ်ပေးနိုင်မည့် Quiz များ၊ ရှင်းပြချက်များ ထည့်သွင်းထားသည်။ ထို့ပြင် ခက်ခဲသည့် မေးခွန်းများကို တစ်ဆင့်ခြင်းစီ ရှင်းပြပေးနိုင်မည့် Question Training ဗီဒီယိုများကိုလည်း ထည့်သွင်းပေးထားသည်။ ကောင်းမွန်သော သင်ခန်းစာများကို အင်တာနက်မှတစ်ဆင့် အချိန်မရွေး နေရာမရွေး မည်သူမဆို အလွယ်တကူ လေ့လာသင်ယူနိုင်ရန်အတွက် ဖြန့်ဝေပေးလိုခြင်းဖြစ်ကြောင်း MM Classroom တည်ထောင်သူနှင့် CEO ဖြစ်သူ ဦးရဲသီဟသန့်၏ ပြောကြားချက်အရသိရသည်။
ကိုဗစ် - ၁၉ ရောဂါ ကြုံတွေ့နေရသည့်ကာလတွင် ကျောင်းများ၊ ဆရာများနှင့် ကျောင်းသူ၊ ကျောင်းသားများအတွက် သင်ကြားရေးနှင့် နည်းပညာ အခက်အခဲများကို ကူညီဆောင်ရွက်ပေးရန် ဖြစ်ပြီး MM Classroom Facebook Page တွင်ရှိသည့် ဗီဒီယိုသင်ခန်းစာများကို Facebook .com / mmclassroom တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
တက္ကသိုလ်ဝင်တန်း ကျောင်းသင်ခန်းစာများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၆ ရက်နေ့မှ စတင်၍ MM Classroom Facebook LIVE ဖြင့် စတင် ထုတ်လွှင့်နေပြီဖြစ်သည်။ သင်ယူမည့် ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့၏ မိုဘိုင်းဖုန်း၊ တက်ဘလက်၊ ကွန်ပျုတာ၊ လက်တော့များဖြင့် သင်ယူနိုင်မည်ဖြစ်သည် ။
ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့နေအိမ်မှနေ၍ ကျောင်းသင်ခန်းစာများကို လွယ်ကူစွာ လေ့လာနိုင်ရန် MM Classroom က ကူညီပံပိုးပေးခြင်းဖြစ်ကြောင်း သိရသည် ။
ဖြိုးသူရကျော်