တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ထားဝယ်မြို့၌ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ထားဝယ်မြို့၌ကျင်းပ
Ministry of Information/ ထားဝယ် / July 19, 2020
ထားဝယ် ဇူလိုင် ၁၉
၂၀၂၀ပြည့်နှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်သည့် (၇၃)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား အဖြစ် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား ရည်စူး၍ အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၅ နာရီခွဲ အချိန်က ကျင်းပ ပြုလုပ်သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက သံဃာတော် အရှင်သူမြတ်များအား အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ဆက်လက်၍ အာဇာနည်နေ့ အခမ်းအနားကို ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ နံနက် ၉ နာရီ အချိန်တွင် ဆက်လက် ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က မိန့်ခွန်းပြောကြားရာ၌ ‘‘မြန်မာနိုင်ငံအတွက် အသက်ပေးပြီး လွတ်လပ်ရေးရအောင် ဆောင်ရွက်ပေးခဲ့ကြသည့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သော ၁၉၄၇ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ကို အာဇာနည်နေ့ဟု သတ်မှတ်ခဲ့ကြပြီး ယနေ့ဆိုလျင် (၇၃)နှစ်မြောက် ရောက်ခဲ့ပြီး ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများကို ရည်စူး၍ အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်း၍ အမျှပေးဝေခြင်း၊ အာဇာနည် အထိမ်းအမှတ် ရင်ပြင်တွင်စု ပေါင်းချီတက်အလေးပြုလွမ်းသူပန်းခွေချခြင်း တို့ကိုဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အသက်သွေးဖြင့် စစ်မှန်သောလွတ်လပ်ရေးကို ရရှိခဲ့သော်လည်း အာဇာနည် ခေါင်းဆောင် ကြီးများ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းအကောင်အထည်ဖော်ရင်း လှေလှော်ရင်း တက်ကျိုးခဲ့ရသည့်သမိုင်း သင်ခန်း စာများကိုလည်း ဆင်ခြင်မှတ်သားရမှာဖြစ်ကြောင်း၊ အာဇာနည်မျိုး သေရိုးမရှိသည့်စကားလိုအာဇာနည် ခေါင်းဆောင်ကြီးများအား အစဉ်ဦးညွတ်အလေးပြုပြီး အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ နိုင်ငံ့အကျိုးမျှော်ကိုးပြီး အာဇာနည်စိတ်ဓာတ်များနှင့်အတူနိုင်ငံတော်သစ်ကို တည်ဆောက် သွားရန် လိုကြောင်းပြောကြားသည်။
ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြင့်မောင် ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး နှင့် တာဝန်ရှိသူများ က ၂၀၂၀ ပြည့်နှစ် ၊ (၇၃)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့်မြင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ တွင် ဆုရရှိသူများအားဆုချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ရုံးအနီးရှိအာဇာနည်ရင်ပြင်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး လွှတ်တော်၊ တိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး နှင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ ၊ အဆင့်မြှင့် နှင့်အခြေခံပညာကျောင်းများ ၊ လူမှုရေး အဖွဲ့အစည်းများ နှင့် ပြည်သူအပေါင်း က အာဇာနည်နေ့အထိမ်းအမှတ် လွမ်းသူပန်းခွေချခြင်းနှင့် အလေးပြုခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသူများ က အစီအစဉ်အလိုက် လွမ်းသူပန်းခွေချ အလေးပြုကြပြီး အာဇာနည်များ ကျဆုံးခဲ့သည့် ၁၀ နာရီ ၃၇ နာရီအချိန်တွင် ၀မ်းနည်းကြောင်း(၂)မီနစ်ငြိမ်သက်ကြပြီး ဥသြဆွဲဂုဏ်ပြု ခဲ့ကြောင်း သတင်းရရှိသည်။
( တိုင်းဒေသကြီးပြန်/ဆက်)