တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံတွင် ကျင်းပ မည့် အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus (VIP Program) သို့တက်ရောက်


Ministry of Information/ ​နေပြည်တော် / November 22, 2019
image_latest


နေပြည်တော် နိုဝင်ဘာ ၂၁

 

ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်သည့် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲသို့ တက်ရောက်ခဲ့ သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus (VIP Program) သို့တက်ရောက်ရန် နိုဝင်ဘာ ၁၉ ရက် ညပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆက်လက် ထွက်ခွာကြသည်။

နန်နင်းမှတစ်ဆင့် ကွေ့လင်သို့ ရောက်ရှိ

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ နန်နင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယမန်နေ့ နံနက်ပိုင်းတွင် ရောက်ရှိကြပြီး ထိုမှတစ်ဆင့် ကွေ့လင်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆက်လက် ထွက်ခွာကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့သည် ကွေ့လင်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၄ နာရီတွင် ရောက်ရှိကြရာ တောင်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ်မှ လက်ထောက် စစ်ဦးစီးအရာရှိ ချုပ် Maj.Gen. Chen Mintian နှင့်တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus (VIP Program) ကို ယမန်နေ့နံနက်ပိုင်းတွင် တရုတ်နိုင်ငံ၊ ကွေ့လင်မြို့ရှိ Fenglin Training Field ၌ ပြုလုပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ တပ်မတော်အကြီးအကဲ များ၊ ကာကွယ်ရေးဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

နိုင်ငံအသီးသီးမှ တပ်မတော်အကြီးအကဲများနှင့် တွေ့ဆုံ

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနား ပြုလုပ်မည့် နေရာသို့ရောက်ရှိရာ သီးသန့်နားနေခန်းမတွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Li Zuocheng ၊ လေ့ကျင့်ခန်းပူးတွဲဥက္ကဋ္ဌ၊ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Pornpipat Benyasri တို့နှင့်အတူ နိုင်ငံအသီးသီးမှ တပ်မတော်အကြီးအကဲများနှင့်တွေ့ဆုံ၍ ခင်မင်ရင်းနှီး စွာ နှုတ်ဆက်ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံအသီးသီးမှ တက်ရောက် လာကြသူ များသည် အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်းကို မြို့ပြ အသွင်ဖြင့် ပုံစံတူပြုလုပ်၍ အကြမ်းဖက်မှုနှိမ်နင်းရေး၊ ဓားစာခံများနှင့်ဒဏ်ရာရလူနာများအား ကယ်ဆယ်ရေး တို့တွင် ပူးပေါင်းဆောင်ရွက်မှု၊ အုပ်ချုပ်ထောက်ပံ့မှု၊ အချိန် ကိုက် ဆောင်ရွက် နိုင်မှုနှင့် ဆက်သွယ်မှုစနစ် ကောင်းမွန်မှုတို့ဖြင့် လက်တွေ့လေ့ကျင့် သရုပ်ပြသနေမှု များကို ကြည့်ရှုအားပေးကြသည်။

လက်တွေ့လေ့ကျင့် သရုပ်ပြသမှု အပြီးတွင် Counter Terrorism Task Force Headquarters နှင့် Counter Terrorism Task Group Headquarters များသို့ သွားရောက် လေလာ့ကြည့်ရှု၍ သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ကိုယ်စားလှယ်အဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။

ညပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အကြမ်းဖက်မှုတန်ပြန် နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus (VIP Program) သို့ တက်ရောက် လာကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များနှင့်အတူ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ်က တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြသည်။

အဆိုပါ အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus (VIP Program)ကို တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့မှ ပူးတွဲဥက္ကဋ္ဌအဖြစ် ကျင်းပပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကိုယ်စားလှယ် များဖြင့် လေ့ကျင့်ခန်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ မြန်မာတပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့ဝင်များလည်း ပါဝင် လေ့ကျင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့်ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Li Zuocheng နှင့်အဖွဲ့ဝင်များအား ကွေ့ လင်မြို့၊ Lijiang Waterfall Hotel အစည်းအဝေးခန်းမ၌ တွေ့ဆုံ သည်။

တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မဟာဗျူဟာ မိတ်ဖက်နိုင်ငံများဖြစ်ပြီး ညီရင်းအကို စိတ်ဓာတ်ဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက် ရှိသည့် အခြေအနေ၊ အကြမ်းဖက်မှု နှိမ်နင်းရေးသည် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်ပြီး နိုင်ငံတစ်ခုတည်း အနေဖြင့် ဖြေရှင်းရန် လွန်စွာခက်ခဲကာ ကမ္ဘာ့နိုင်ငံအားလုံး လက်တွဲညီညီဖြင့် ပူးပေါင်းဆောင်ရွက် ကြရန် လိုအပ်သည့် အခြေအနေအပေါ် သုံးသပ်ရှုမြင်မှုနှင့် ၂၀၂၀-၂၀၂၂ ခုနှစ် တွင် မြန်မာနိုင်ငံမှ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus (VIP Program) ပူးတွဲ ဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်းရယူရမည်ဖြစ်ပြီး အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေး တရုတ်တပ်မတော်က ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း ဒေသတည်ငြိမ် အေးချမ်းရေးအတွက် လက်တွေ့ ကျကျ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေတို့ကို ဆွေးနွေးခဲ့ကြ ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

(သတင်းစဉ်)

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး