တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မီဒီယာများအား တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မီဒီယာများအား တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
Ministry of Information/ နေပြည်တော် / July 27, 2020

နေပြည်တော် ဇူလိုင် ၂၆
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဇူလိုင် ၂၅ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်း ပြတိုက်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ တပ်မတော် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည် ဖြေကြားသည်။
သတင်းစာရှင်းလင်းပွဲမစတင်မီ တက်ရောက်လာကြသူများအား COVID-19 ရောဂါ ကြိုတင် ကာကွယ် ရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေး မှူးရုံးမှ တာဝန်ရှိသူများက ကိုယ်အပူချိန် တိုင်းတာခြင်းများကို ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာ အဝေးအတိုင်း နေရာယူကာ စနစ် တကျ မေးမြန်းခြင်းများကို ဆောင်ရွက်ကြသည်။
ရှေးဦးစွာ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော် အနေဖြင့် လူသားချင်း စာနာထောက်ထားမှု ကူညီပေးရေးနှင့် သဘာ၀ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး (HADR - Humanitarian Assistance and Disaster Relief) လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ၊ တပ်မတော်အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတကာ တပ်မတော်များနည်းတူ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် ကျရောက်လာမည့် သဘာ၀ဘေးအန္တရာယ်များ အပါအဝင် ဘေးအန္တရာယ်အမျိုးမျိုးကို အချိန်တို အတွင်း တုံ့ပြန်နိုင်စွမ်းရှိအောင် အမြဲလေ့ကျင့်လျက်ရှိပြီး သဘာ၀ဘေးအန္တရာယ် ဖြစ်ပွားသည်နှင့် အမိန့်တစ်စုံတစ်ရာ စောင့်ဆိုင်းခြင်းမပြုဘဲ အလျင်အမြန်ဆုံး သွားရောက် ကူညီဆောင်ရွက်ပေး လျက်ရှိသည့် အခြေအနေ၊ တပ်မတော်အနေဖြင့် သဘာ၀ဘေးကာကွယ် စောင့်ရှောက်ရေးနှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ တိုင်းစစ်ဌာနချုပ်အဆင့်၊ တပ်မ အဆင့်၊ တပ်ရင်း၊ တပ်ဖွဲ့အဆင့်အထိ ကော်မတီများ ဖွဲ့စည်းပြီး ထိရောက်စွာ ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ ၊ ၂၀၂၀ ပြည့်နှစ် မေ ၁၀ ရက်မှ ဩဂုတ် ၃၁ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာ၀ရ ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် ထုတ်ပြန်ပြီး နောက်ပိုင်း ဇွန် ၂၂ ရက်မှ ဇူလိုင် ၂၁ ရက်အထိ တိုင်းစစ်ဌာနချုပ် နယ်မြေ ၅ ခုအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အခြေအနေ၊ ဇူလိုင် ၁၆ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့ နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာခန်းမဆောင်၌ တွေ့ဆုံ၍ COVID-19 ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်မှုများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသတည်ငြိမ်အေးချမ်း ရေး၊ နယ်စပ်ဒေသလုံခြုံရေး၊ မူးယစ် ဆေးဝါးနှိမ်နင်းရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည့် အခြေ အနေများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် သတင်းမီဒီယာ များ၏ သိရှိလိုသည့် မေးမြန်းမှုများ အပေါ် ပြန်လည်ရှင်းလင်းဖြေကြား သည်။
အဆိုပါ သတင်းမီဒီယာ တွေ့ဆုံ ပွဲသို့ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ် များ၊ ပြည်တွင်း ရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများ စုစုပေါင်း သတင်းဌာန ၂၂ ခုမှ သတင်းထောက် ၄၂ ဦး လာရောက်တွေ့ဆုံသတင်း ရယူခဲ့ကြကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိသည်။
သတင်းစဉ်
