တရုတ်နိုင်ငံ ယူနန်သစ်သီးဝလံဥယျာဉ်ခြံဇုန်နှင့် ယူနန်နေ့စဉ်သတင်းစာ(ရန်ကုန်ရုံးခွဲ)တို့ ပူးပေါင်း၍ ပြန်ကြားရေးဝန်ကြီးဌာနသို့ နှာခေါင်းစည်းများ လှူဒါန်း
တရုတ်နိုင်ငံ ယူနန်သစ်သီးဝလံဥယျာဉ်ခြံဇုန်နှင့် ယူနန်နေ့စဉ်သတင်းစာ(ရန်ကုန်ရုံးခွဲ)တို့ ပူးပေါင်း၍ ပြန်ကြားရေးဝန်ကြီးဌာနသို့ နှာခေါင်းစည်းများ လှူဒါန်း
Ministry of Information/ နေပြည်တော် / April 20, 2020

ရန်ကုန် ဧပြီ ၁၉
တရုတ်နိုင်ငံ အမျိုးသားကုန်းပြင်မြင့် ယူနန်သစ်သီးဝလံ ဥယျာဉ်ခြံဇုန်နှင့် ယူနန်နေ့စဉ် သတင်းစာ(ရန်ကုန်ရုံးခွဲ)တို့ ပူးပေါင်း၍ ပြန်ကြားရေးဝန်ကြီး ဌာနမှ ဝန်ထမ်းများ အသုံးပြုနိုင်ရန် နှာခေါင်းစည်း ၁၃၅၀၀ ပေးအပ်လှူဒါန်းမှုကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်း အမှတ်(၅၀)ရှိ ရုပ်ရှင်ဖွံ့ဖြိုးရေး စင်တာ၌ ကျင်းပသည်။
ထိုသို့ လှူဒါန်းစဉ် ယူနန်နေ့စဉ်သတင်းစာ(ရန်ကုန်ရုံးခွဲ)မှ ဦးဇော်ရဲအောင်က ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ လုပ်ငန်းတာဝန်များ ဆောင်ရွက်စဉ် အသုံးပြုနိုင်ရန်အတွက် လှူဒါန်းရခြင်းဖြစ်ကြောင်း ဦးစွာ ရှင်းလင်းပြောကြားပြီး နှာခေါင်းစည်း ၁၃၅၀၀ ပေးအပ်ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြား သည်။
တရုတ်နိုင်ငံ အမျိုးသား ကုန်းပြင်မြင့် ယူနန်သစ်သီးဝလံ ဥယျာဉ်ခြံဇုန်နှင့် ယူနန်နေ့စဉ် သတင်းစာ(ရန်ကုန်ရုံးခွဲ)တို့ ပူးပေါင်း၍ တရုတ်-မြန်မာသံတမန် ဆက်ဆံရေး ထူထောင်ခြင်း နှစ်(၇၀) ပြည့် အထိမ်းအမှတ် အခါသမယတွင် “ဆွေမျိုးပေါက်ဖော် အေးအတူပူအမျှ လက်တွဲပြီး ကပ်ရောဂါ အတူတိုက်ဖျက်”ဆောင်ပုဒ်ဖြင့် ယခုကဲ့သို့ နှာခေါင်းစည်းများ လှူဒါန်းမှုမှတစ်ဆင့် တရုတ်-မြန်မာ ချစ်ကြည်ရေး မြှင့်တင်မှုတွင် ပါဝင်ရေး ရည်ရွယ်ချက်ဖြင့် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်