တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ မြန်မာ့တပ်မတော်သို့ လှူဒါန်းသည့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိ
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ မြန်မာ့တပ်မတော်သို့ လှူဒါန်းသည့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိ
Ministry of Information/ နေပြည်တော် / April 25, 2020

ရန်ကုန် ဧပြီ ၂၄
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ မြန်မာ့တပ်မတော်သို့ လှူဒါန်းသည့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်း များနှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိ လာရာ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့် သံရုံးတာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့် သံရုံး တာဝန်ရှိသူတို့က COVID-19 Nucleic Acid Test Kit(PCR) ၁၀၀၀၀ ၊ Type-KN 95 Medical Surgical Mask ၂၀၀၀၀ ၊ Medical Surgical Mask ၅၀၀၀၀၀ ၊ Medical Goggles ၂၀၀ ၊ Medical Gloves ၁၀၀၀၀၊ Surgical Cap ၁၀၀၀၀ ၊ Medical Shoe Cover ၂၀၀၀၀ ၊ Infrared Forehead Thermometer ၂၀၀ ၊ Wash-Free Hand Gel Sanitizer ပုလင်း ၂၀၀၀ တို့အား လွှဲပြောင်းပေးအပ်ရာ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တာဝန်ရှိသူတို့က လက်ခံယူကြသည်။
မြန်မာနိုင်ငံနဲ့အတူ ပူးပေါင်းဆောင်ရွက်မှာဖြစ်
လှူဒါန်းမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီးက “တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါစတင် ဖြစ်ပွားနေစဉ်မှာ မြန်မာ့တပ်မတော်အနေနဲ့ တရုတ်ပြည်သူတွေအတွက် ဆေးဝါးအထောက် အကူပြုပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။ အခုမြန်မာ နိုင်ငံမှာ ကိုဗစ် - ၁၉ ရောဂါ အတည်ပြုလူနာတွေ့ရှိပြီး နောက်ပိုင်းမှာ တရုတ်နိုင်ငံအနေနဲ့လည်း ဆေး ပညာရှင်အဖွဲ့တွေ စေလွှတ်မှုနဲ့အတူ ဆေးဝါးကုသမှု အထောက်အကူပြုပစ္စည်းတွေကို ထောက်ပံ့ လှူဒါန်းခဲ့ပါတယ်။ ဒီနေ့မှာတော့ တရုတ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့နဲ့အတူ ဆေးဝါး ကုသမှု အထောက်အကူပြုပစ္စည်းတွေ ထပ်မံရောက်ရှိလာတာဖြစ်ပါတယ်။ နောက်ထပ်လည်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေးအပိုင်းကို တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့အတူ ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
အလားတူ လှူဒါန်းမှုအပေါ် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးက “ဒီပစ္စည်းတွေကို အချိန်တိုအတော အတွင်းမှာ မြန်မာနိုင်ငံအနှံ့ လိုအပ်တဲ့နေရာ တွေကို အမြန်ဆုံးဖြန့်ဖြူးဆောင်ရွက်ပေးသွားမှာဖြစ်သလို တရုတ်နိုင်ငံက အခုရောက်ရှိလာတဲ့ စစ်ဘက်ဆိုင်ရာဆေးပညာရှင်တွေနဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့မှာရှိတဲ့ တပ်မတော်ဆေးရုံကြီးတွေမှာ ကိုဗစ်-၁၉ ရောဂါ ရှာဖွေ ခြင်းလုပ်ငန်းတွေ၊ ကာကွယ်ကုသခြင်း လုပ်ငန်းတွေကို တိုင်ပင်နှီးနှောဖလှယ် ပြီး အကောင်းဆုံးတိုက်ဖျက်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
ယနေ့ ရောက်ရှိလာသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ Dr.Bai Chong ဦးဆောင်သည့် အဖွဲ့ဝင်ခြောက်ဦးပါဝင်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့သည် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံ၌ မြန်မာ့တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး၊ ကုသရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခြင်းများနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ရက်သတ္တနှစ်ပတ်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ကူညီမှု အနေဖြင့် ဧပြီ ၈ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်မှ အဖွဲ့ဝင် ၁၂ ဦးပါဝင်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့အား စေလွှတ်ပေးမှုနှင့်အတူ ဆေးဝါးကုသမှုဆိုင်ရာ အထောက်အကူပြုပစ္စည်း များကို ကူညီပေးခဲ့သည့် အပြင် ဧပြီ ၂၂ ရက်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအား အသက်ရှူစက်ကိရိယာ ၁၅ စုံ၊ တပ်မတော် ဆေးဝန်ထမ်း တပ်ဖွဲ့အား အသက်ရှူစက်ကိရိယာ ငါးစုံတို့ကို ထောက်ပံ့လှူဒါန်း ခဲ့သည်။
ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်၊ ကုသရေးပူးပေါင်းဆောင်ရွက်မည်
ထို့အပြင် အသက်ရှူစက်ကိရိယာ ၁၅ စုံအား ထပ်မံလှူဒါန်းသွားရန် စီစဉ် ဆောင်ရွက်လျက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်မှုများတွင် ထဲထဲ ဝင်ဝင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးထံမှ သိရသည်။
ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်