တအာင်း(ပလောင်) အမျိုးသားပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ


Ministry of Information/ Naypyitaw / November 10, 2020
image_latest


တအာင်း( ပလောင်) အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်နှင့် ဗဟိုကော်မတီဝင် ဦးတာလှဖေတို့က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၈ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

ချစ်ခင်လေးစားအပ်ပါသော မိဘ ပြည်သူအပေါင်းတို့ခင်ဗျာ

ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းကြပါစေလို့ဂါရဝပြုနှုတ်ခွန်းဆက်သ အပ်ပါတယ်။

ကျွန်တော်ကတော့ တအာင်း (ပလောင်) အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင် ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီ၏ နိုင်ငံရေးဝါဒသဘောတရား၊ ပါတီ၏ရည်ရွယ်ချက်၊ ပါတီ၏ရည်မှန်းချက်၊ ပါတီ၏ယုံကြည်ချက်၊ ပါတီ၏ခံယူချက်၊ ပါတီ၏မူဝါဒနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ ကျွန်တော်တို့ တအောင်း(ပလောင်) လူမျိုး၊ တအာင်း (ပလောင်) အမျိုးသားပါတီကို မိတ်ဆက်တင်ပြပါရစေ။

ကျွန်တော်တို့ တအာင်း (ပလောင်) အမျိုးသားပါတီကို ၂၀၁၀ ခုနှစ်၊ မေလ (၂၄) ရက်၊ မှတ်ပုံတင်အမှတ် (၁၂) ဖြင့် ဖွဲ့စည်းထူထောင်ခွင့် ရရှိပါတယ်။ ပြည်ထောင်စုတစ်ဝှမ်းလုံးကို စည်းရုံးမယ့် ပါတီတစ်ရပ် ဖြစ်ပါတယ်။ 

ပါတီရဲ့ အခြေခံမြို့နယ်များအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နမ့်ဆန် မြို့နယ်၊ မန်တုံမြို့နယ်၊ လားရှိုးမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ္မတူမြို့နယ်၊ သီပေါမြို့နယ်၊မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ မိုးမိတ်မြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ နမ့်စန်မြို့နယ်၊ မိုင်းကိုင်မြို့နယ်၊ မန္တလေးတိုင်းမှာ မန္တလေးမြို့နဲ့ မိုးကုတ်မြို့နယ်၊ ရန်ကုန်တိုင်းမှာ ရန်ကုန်မြို့တို့ ဖြစ်ပါတယ်။

ကျွန်တော်တို့ ပလောင်လူမျိုးတို့ဟာ ရှေးအစဉ်အဆက်ကတည်းကပြည်ထောင်စုဖွား ညီနောင်တိုင်းရင်းသား အပေါင်းတို့နဲ့ အေးအတူ ပူအမျှ အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်လာခဲ့ကြပါတယ်။

ကျွန်တော်တို့ ပလောင် လူမျိုးအားလုံးတို့က ကိုယ့်ကိုယ်ကိုယ် တအန်း (တအာင်း) လို့ ခေါ်ဆိုရတာကို လွန်စွာဂုဏ်ယူကြပါတယ်။

ပလောင် လူမျိုးနွယ်များကို ပလောင်၊ ပလေး၊ ပလာန်၊ အဲန်း၊ ရီအန်း၊ လွယ်၊ တိုင်းလွယ်၊ ယင်းနက် ဟူ၍ ဒေသအလိုက် ခေါ်ဆိုကြပေမယ့် အားလုံးတို့က ကိုယ့်ကိုယ်ကိုယ် တအန်း (တအာင်း) ဟူ၍သာ သိမှတ်ဂုဏ်ယူစွဲမှတ်ကြပါတယ်။ မိမိကိုယ်ကိုယ် နေနဂါးမျိုးနွယ်ဟု ခံယူယုံကြည်ကြပါတယ်။

ကျွန်တော်တို့ပလောင်လူမျိုးတို့ဟာ မြန်မာနိုင်ငံ ရှမ်းကုန်းပြင်မြင့်ဒေသ၊ တရုတ်ယူနန်နယ်၊ ထိုင်းနိုင်ငံ ကုန်းမြင့်ဒေသ၊ အိန္ဒိယနိုင်ငံ အာသံနယ်တွေမှာပျံ့နှံ့စွာ နေထိုင်လျက်ရှိပါတယ်။

ကုန်းမြင့်ဒေသတောင်စဉ်တောင်တန်းတွေပေါ်မှာ နေထိုင်ကြတဲ့ လူမျိုးဖြစ်ပြီး လက်ဖက်ကို အဓိက အသက် မွေးဝမ်းကျောင်းပြုကြလို့" ပလောင်နဲ့လက်ဖက်လက်ဖက်နဲ့ ပလောင်ကို ယှဉ်တွဲစွဲမှတ်သိမြင်နေကြပါတယ်။ လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးလို့ ဆိုရိုးစကားပင် ရှိနေပါတယ်။ လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်လာခဲ့ကြပါလို့လည်း ဖိတ်ခေါ်ချင်ပါတယ်။

ကျွန်တော်တို့တအာင်း (ပလောင်) လူမျိုးရဲ့ အလံဟာ မိုးကောင်းကင်ပြာ ရောင်ခံနဲ့ အလယ် နေဝန်းနီ အဖြစ် ရှေးအစဉ်အဆက်ကတည်းကပင် ရှိခဲ့ပါတယ်။ တအောင်း(ပလောင်) လူမျိုးတို့ရဲ့ ရှေးအလံတံခွန် ဖြစ်ပါတယ်။ အဖနေမင်းကို ဂုဏ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ တအာင်း (ပလောင်) အမျိုးသားပါတီကလည်း ပလောင်လူမျိုးတို့ရဲ့  ရှေးအလံတံခွန်ကို ဆက်ခံယူထားခြင်း ဖြစ်ပါတယ်။ "

မြန်မာပြည်ဖွား ညီနောင်တိုင်းရင်းသားအပေါင်းတို့က ပလောင်နဲ့ (လက်ဖက်ကို စွဲမှတ်သိမြင်ထားသော ကြောင့်လည်းကောင်း၊ မြန်မာ့ထုံးတမ်းဓလေ့ ရှေးအစဉ်အလာမှာ လက်ဖက်ရဲ့ အခန်းကဏ္ဍဟာ အင်မတန် အရေးပါသလို၊ ယခုတိုင် မြန်မာ့လူမှုနယ်ပယ်မှာလည်း မပါမဖြစ် ရှိနေလျက်သော်လည်းကောင်း၊ လက်ဖက်ဟာ မိမိတို့လူမျိုးရဲ့ အသက်သခင်ကျေးဇူးရှင်ပါလို့ ပလောင်လူမျိုးတို့က ယုံကြည်မှတ်ယူလျက်ရှိနေသော ကြောင့်သော်လည်းကောင်း တအာင်း (ပလောင်) အမျိုးသားပါတီရဲ့အမှတ်တံဆိပ်ကို (လက်ဖက်ညွန့်) သင်္ကေတအဖြစ် ဂုဏ်ယူအသိအမှတ်ပြုထားခြင်း ဖြစ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူ အပေါင်းတို့ -

ကျွန်တော်တို့ တအောင်း(ပလောင်) အမျိုးသားပါတီ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရဲ့ လွှတ်တော် (၃) ရပ်မှာ လွှတ်တော်ကိုယ်စားလှယ်ခြောက်ဦး၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲရဲ့ လွှတ်တော် (၃) ရပ်မှာ လွှတ်တော်ကိုယ်စားလှယ်၁၂ ဦး အရွေးခံခဲ့ရပါတယ်။ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းနိုင်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်နိုင်ခဲ့သလို မိဘပြည်သူတို့ရဲ့ လိုအပ်ချက်တွေကို အလေးထားဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီကတော့နိုင်ငံတော်နဲ့ မိဘပြည်သူတို့ရဲ့လိုအပ်ချက်များကို စိတ်ရင်းစေတနာမှန်အရင်းခံနဲ့ ဖော်ဆောင်ခြင်းဖြင့် အောင်မြင်မယ်လို့ အလေးအနက်ယုံကြည်ပါတယ်။

ကျွန်တော်တို့ဟာ နိုင်ငံတော်နှင့် တိုင်းရင်းသားမိဘပြည်သူအပေါင်းတို့ ရဲ့ အကျိုးစီးပွားကို ထမ်းဆောင်နိုင်ဖို့ရန် ဖွဲ့စည်းထူထောင်သော ပါတီနှင့်ပါတီဝင်များဖြစ်သောကြောင့် ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များ အောင်မြင်စေရန် အစွမ်းကုန် ဖော်ထုတ်လုပ်ဆောင်နေမယ်လို့ ခံယူပါတယ်။

ယခုလာမယ့် ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာလည်း ကျွန်တော် တို့ ပါတီကရှမ်းပြည်နယ်မှာ နမ့်စန်မြို့နယ်၊ မန်တုံမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ္မတူမြို့နယ်၊ မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းကိုင် မြို့နယ်၊ လားရှိုးမြို့နယ်၊ မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမှာ ဖြစ်ပါတယ်။ (၁၀) မြို့နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၀ ဦး၊ အမျိုးသားလွှတ်တော်မှာ ခြောက်ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မှာ ၂၀ဦး၊ စုစုပေါင်း ၃၆ ဦးဝင်ရောက်ယှဉ်ပြိုင်အရွေးခံမှာ ဖြစ်ကြောင်း မိဘပြည်သူအပေါင်းတို့ကို တင်ပြအပ်ပါတယ်။

တအာင်း (ပလောင်) အမျိုးသားပါတီရဲ့ ပါတီနိုင်ငံရေး ဝါဒသဘောတရား၊  ပါတီ၏ရည်ရွယ်ချက်၊ ပါတီ၏ ရည်မှန်းချက်၊ ပါတီ၏ မူဝါဒနှင့်လုပ်ငန်းစဉ်များကို ပါတီအလုပ်အမှုဆောင်ကော်မတီဝင် တာလှဖေက ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။ ။

အားလုံးကို ကျေးဇူးတင်ပါတယ်။

=============

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူအပေါင်းတို့ခင်ဗျား

ကျွန်တော်ကတော့ တအာင်း (ပလောင်) အမျိုးသားပါတီ ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးတာလှဖေဖြစ်ပါတယ်။ မိဘပြည်သူ အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပါစေကြောင်း ဂါရဝပြုနှုတ်ခွန်း ဆက်သအပ်ပါတယ်။

ကျွန်တော်တို့ပါတီရဲ့ ပါတီ၏နိုင်ငံရေးဝါဒသဘောတရား၊ ပါတီ၏ရည်ရွယ်ချက်၊ ပါတီ၏ရည်မှန်းချက်၊ ပါတီ၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကို တင်ပြရှင်းလင်းခွင့်ရရှိတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ "

ကျွန်တော်တို့ပါတီရဲ့ နိုင်ငံရေးမူဝါဒသဘောတရားမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ထွန်းရေး၊ နိုင်ငံသားများ၏ မူလအခွင့်အရေးရရှိရေး၊ လွတ်လပ်မျှတသော ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖြစ် ထွန်းလာစေရေး၊ တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်ရေး၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှရှိခြင်းတို့ရရှိရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်မြင့်မားရေးတို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီရဲ့ ရည်ရွယ်ချက်က နိုင်ငံတော်ကို ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုတည်ဆောက်ရေး၊ ပြည်သူတို့၏ လွတ်လပ်မှုနှင့် လူမှုစီးပွားဘဝလုံခြုံရေးကို မြှင့်တင်ရေးတို့ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ပါတီရဲ့ယုံကြည်ချက်က လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ကိုယ်ချင်းစာတရားထားရှိခြင်း၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာနှင့် တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးသော စိတ်ဓာတ်ထွန်းကားရေးကို အခြေခံသော အမျိုးသားဝါဒကို ယုံကြည်ခံယူထားပါတယ်။ ၂ ပါတီရဲ့ ရည်မှန်းချက်က တိုင်းရင်းသားသွေးစည်းညီညွတ်ရေး၊ နိုင်ငံသားတိုင်း မူလအခွင့်အရေးရရှိရေး၊ တိုင်းရင်းသားများ၏အခွင့်အရေးနှင့် ကိုယ်တိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ စစ်မှန်သောငြိမ်းချမ်းရေးရရှိရေး၊ စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ပေါ်ရေးတို့ ဖြစ်ပါတယ်။

တအာင်း (ပလောင်) အမျိုးသားပါတီရဲ့ မူဝါဒနှင့် လုပ်ငန်းစဉ်များကို အလေးထားတင်ပြသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကြီးဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း တည်တံ့ခိုင်မြဲတဲ့ သွေးစည်းညီညွတ်မှုကို အာမခံနိုင်သည့်စစ်မှန်သော ဖက်ဒရယ်ပြည်ထောင် စုကြီးဖြစ်ပေါ်ရေးကို ကြိုးပမ်းဆောင်ရွက်မှာဖြစ်ပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးပေါ်ထွန်းရေးကို ကြိုးပမ်းဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ပါတီက နိုင်ငံသားတိုင်းအခွင့်အရေး၊ တိုင်းရင်းသားများ၏အခွင့်အရေး၊ တန်းတူညီမျှမှု အခွင့်အရေးကို အပြည့်အဝရရှိမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်ရေးကို ဆောင်ရွက်မှာဖြစ်ပါတယ်။

- လူတိုင်း မွေးရာပါအခွင့်အရေးကိုတန်ဖိုးထားပြီး အမျိုးသမီးများအား ဥပဒေဆိုင်ရာအခွင့်အရေးများ၊ နိုင်ငံရေးဆိုင်ရာအခွင့်အရေးများ အပြည့်အဝရရှိစေရန် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အမျိုးသမီးများအား အထူးဥပဒေများပြဋ္ဌာန်း၍ ကာကွယ်စောင့်ရှောက်မြှင့်တင်နိုင်စေရန် ဆောင်ရွက်မှာဖြစ်ပါတယ်။

- လူငယ်များကဏ္ဍမှာ အမျိုးသားရေးအသွင်ဖြင့် လူငယ်လူရွယ်များ၏အခန်းကဏ္ဍများကို ကျယ်ပြန့်လာအောင် မြှင့်တင်ဖော်ဆောင်မှာ ဖြစ်ပါတယ်။

- အနာဂတ်နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်ဟာ အရေးပါသောကြောင့် ပညာရေးကဏ္ဍကို တွေးခေါ်မြော်မြင် ဆန်းသစ်နိုင်မည့် အမျိုးသားပညာရေးမူဝါဒချမှတ်ပြီး နိုင်ငံတကာအဆင့်မီ တိုးတက်မြင့်မားလာစေရန် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

- တိုင်းရင်းသားစာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု အမွေအနှစ်၊ အနုသုခုမ ပညာ၊ သမိုင်းအစဉ်အလာများကို ပြဋ္ဌာန်းသင်ကြားနိုင်စေရန် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ။

- တိုင်းရင်းသားများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ အကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်မြှင့်တင်ရေး၊ အမျိုးသားသွေးစည်း ညီညွတ်ရေးကို အလေးထားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

- တောင်သူလယ်သမားနှင့် ကျေးလက်ဒေသ ပြည်သူများတို့၏ အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်စိုက်ပျိုးသော လယ်ယာ၊ ဥယျာဉ်ခြံမြေနှင့် မိရိုးဖလာ အစဉ်အလာ ပိုင်ဆိုင်သော မြေယာကိုအကာအကွယ်ပြု စောင့်ရှောက်ပေးမှာ ဖြစ်ပါတယ်။

- အလုပ်အကိုင်ရရှိရေး နှင့်ဆင်းရဲမွဲတေမှု လျှော့ချရေးကို အဓိကဖော်ဆောင် မှာဖြစ်ပြီး လူမှုစီးပွားဘဝကို မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။ ။

- ကျွန်တော်တို့ပါတီက လူထုစွမ်းအားအခြေပြု အကျိုးသက်ရောက်စေမယ့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဖော်ဆောင်နိုင်အောင် ကြိုးပမ်းမှာ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စစ်မှန်သော တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်ရာမှာ မတူညီမှုများနှင့် သဘောထားကွဲလွဲမှုများကို နိုင်ငံရေးယဉ်ကျေးမှုသစ် အရ တွေ့ဆုံညှိနှိုင်း အဖြေရှာဖွေခြင်းနည်းလမ်းကို ကြိုးပမ်းလုပ်ဆောင်ကြရမယ်လို့ ခံယူပါတယ်။

မြန်မာနိုင်ငံရေးဖြစ်စဉ်မှာ အားလုံးပါဝင်ခွင့်ရရှိရေး၊ တန်းတူညီမျှမှု အခွင့်အရေးများ ရရှိကြရပါမယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ အေးချမ်းတည်ငြိမ်စွာ အတူယှဉ်တွဲနေနိုင်ရေးဟာ အင်မတန်လိုအပ်ပါတယ်။ ပြည်ထောင်စုကြီးမှာ လူနည်းစု လူမျိုးစုတို့ရဲ့ ပကတိ တည်ရှိခြင်းကို အသိအမှတ်ပြုပါတယ်။ မတူကွဲပြားရှိနေခြင်းကို လေးစားအသိအမှတ်ပြုရပါမယ်။ မတူကွဲပြားမှုအပေါ်မှာ အခြေခံသော စည်းလုံးညီညွတ်ရေးကို အရေးထား ဖော်ဆောင်ကြရပါမယ်။

တိုင်းရင်းသားလူမျိုးများရဲ့ အမျိုးသားလက္ခဏာ ကာကွယ်စောင့်ရှောက် ရေးမှာ ယဉ်ကျေးမှုလွတ်လပ်ခွင့် အပြည့်အဝရရှိနိုင်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ "

တအာင်း(ပလောင်) အမျိုးသားပါတီရဲ့ လုပ်ငန်းစဉ်များကို ချမှတ် ဖော်ဆောင်ရာမှာ ပြည်သူလူထုအပေါင်းတို့ရဲ့ ပူးပေါင်းပါဝင်မှုဟာ အထူး လိုအပ်မှာ ဖြစ်ပါတယ်။ စနစ်တကျရှိဖို့နဲ့ မှန်ကန်သော လုပ်ဆောင်ချက် တွေ ဖြစ်စေဖို့ မိဘပြည်သူများရော၊ ပါတီအဖွဲ့အစည်းများတို့မှာပါ တာဝန်ရှိကြပါတယ်လို့ ထင်မြင်ယူဆပါတယ်။

ဒီမိုကရေစီအလေ့အထ ရှင်သန်ရင့်ကျက် တည်ငြိမ်လာနေပြီး ဒီမိုကရေစီယဉ်ကျေးမှုမြင့်မားလာလို့ မိဘပြည်သူတို့နဲ့ ပူးပေါင်းပါဝင်ရာမှာလည်း ပိုမိုစနစ်တကျရှိလာပြီလို့ ယူဆပါတယ်။ " ကျွန်တော်တို့ပါတီက မိဘပြည်သူတို့ရဲ့ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်စေဖို့ရရှိထားတဲ့ အခြေခံကောင်းများကို ရေရှည်တည်တံ့ရေးနှင့် အခြေခံကောင်းများကို လက်ဆင့်ကမ်းပေးသွားနိုင်အောင် ကြိုးပမ်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီ စနစ်ကျင့်သုံးရာမှာ ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို ချမှတ်ထား တာ ဖြစ်ပါတယ်။ မိဘပြည်သူအပေါင်းတို့ရဲ့ ပူးပေါင်းပါဝင်မှုဟာ အင်မတန် အရေးပါတယ်လို့ ယုံကြည်ခံယူပါတယ်။ ပါတီအဖွဲ့ အစည်းပုဂ္ဂိုလ်များတို့ရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို လေ့လာဆန်းစစ် သုံးသပ်ပြီး မဲရွေးချယ်ခြင်းဖြင့် ပါဝင်ကြပါလို့ တင်ပြအပ်ပါတယ်။

ဒီလာမယ့် ၂၀၂၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ တအောင်း ( ပလောင်) အမျိုးသားပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ့်နေရာတွေမှာ မိဘ ပြည်သူအပေါင်းတို့က ယုံယုံကြည်ကြည်နဲ့ ထောက်ခံအား ပေးကြပါလို့တင်ပြ ရင်း နိဂုံးချုပ်အပ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကပ်ဆိုးဘေးမှ ကင်းစင်လွတ်မြောက်ပါစေကြောင်း ၊ ဆုတောင်းရင်းဖြင့် မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်း ကြပါစေခင်ဗျာ။

စီးဆင်းသွင်ရစ် ရွှေလီမြစ်

ရေး - ကျော်စိန်ညာ၊ ဆို - စပရိန်

(မြစ်ရွှေလီစီးဆင်းလို့နေသည် ) တောင်တန်းကြီးများကို ကျော်ဖြတ်ရင်း ၊ စီးဆင်းလို့နေသည်-ပလောင်မြေဆီစီးဆင်းလာသည်xxoxပလောင်မြေအေးချမ်း သာယာလှပါသည် xxx ဒို့ရပ် ဒို့ရွာ ဖွံ့ဖြိုးလို့ ဝေစည်စေသည်xx (ဒို့ မြစ်ရွှေလီ)၂ သင်ဟာတို့ပလောင်ရဲ့ ... အရင်းအမြစ်ပါလေ ... ။

             Cho: လက်တွဲညီညာ... တူစုံနွှဲကြစို့ ...ဒို့ ပလောင်တွေ ... ။

                     မကွယ်ပျောက်စေနဲ့ ... ယဉ်ကျေးမှု အမွေအနှစ်များရယ် ...

                     ထုံးတမ်းဓလေ့ရယ်... ဖော်ထုတ်ထိန်းသိမ်းကြစို့ ... ။

                    မြစ်ရွှေလီလည်း မခမ်းခြောက်လေနဲ့...

                    ဒီကမ္ဘာတည်နေသ၍လေ...၊ (၁၉၇၈-ခုနှစ်)