တိပိဋကဓရတိပိဋကကောဝိဒ စာမေးပွဲအောင်မြင်တော်မူကြသည့် တိပိဋကဓရတိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ ကျောက်ပန်းတောင်းဆရာတော် အပါအဝင် သာသနာအာဇာနည် အရှင်သူမြတ် ၁၀၆ ပါးတို့အား အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကြည်ညို


Ministry of Information/ ​နေပြည်တော် / July 20, 2020
image_latest


 

ရန်ကုန် ဇူလိုင် ၂၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူး ကျင်းပသော (၇၂) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် တိပိဋ ကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ  ကျောက်ပန်းတောင်း ဆရာတော် အပါအဝင် သာသနာ့ အာဇာနည်အရှင်သူမြတ် ၁၀၆ ပါးတို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဒမ္မဇောတိက မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြု သော ဆရာတော်ကြီးများ၊ တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေး အဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများ၊ တိပိဋကဓရတိပိဋကကောဝိဒ ဆရာတော် များ၊ စာထောက်စာမ ဆရာတော်များ၊ တိပိဋကပုစ္ဆက ဆရာတော်များ၊ ကြီးကြပ်ရေး ဆရာတော်များ၊ ပင့်သံဃာတော်များ၊ (၇၂) ကြိမ်မြောက် တိပိဋ ကဓရတိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့ အာဇာနည်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့် တော်မူကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် နှင့်ဇနီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်း နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက် ရောက် ကြည်ညို ကြသည်။

ရှေးဦးစွာ တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဩဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌ လှိုင်သာယာမြို့နယ် သာသနာ့ဂုဏ်ရည်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ပညိဿရာဘိဝံသထံမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မ ဇောတိက မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသက နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့၏ သာရဏီယဩဝါဒကထာကို ဖတ်ကြားချီးမြှင့် တော်မူသည်။

(နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့၏ သာရဏီယဩဝါဒကထာကို သီးခြား ဖော်ပြထားသည်။)

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သာသနာရေး ဆိုင်ရာများကို လျှောက်ထားသည်။

(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ သာသနာရေးဆိုင်ရာ လျှောက်ထားချက်များကို သီးခြားဖော်ပြ ထားပါသည်။)

ထို့နောက် (၇၂) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြ သည့် သာသနာ့အာဇာနည် အရှင်သူမြတ်များအား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များဆက်ကပ်ကြရာ တိပိဋကဓရတိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်မှ အရှင်ပညာဝံသာဘိဝံသအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ပိဋကတ် နှစ်ပုံခွဲ အာဂုံအောင် မူလအာဘိဓမ္မကဘွဲ့ရ တစ်ပါး၊ ပိဋကတ် နှစ်ပုံအောင် ဒီဃနိကာ ယကောဝိဒဘွဲ့ရ ၂ ပါး၊ ပိဋကတ် နှစ်ပုံ အာဂုံအောင် ဒီဃဘာဏကဘွဲ့ရ ၄ ပါး၊ ပိဋကတ် တစ်ပုံ ရေးဖြေအောင် ဝိနယကောဝိဒဘွဲ့ရ ၅ ပါး၊ ပိဋကတ် တစ်ပုံ အာဂုံအောင် ဝိနယဓရဘွဲ့ရ ၂၄ ပါး၊  ဝိနည်းပထမပိုင်း ရေးဖြေအောင် ဥဘတောဝိဘင်္ဂကောဝိဒဘွဲ့ရ ၉ ပါး၊ ဝိနည်းပထမပိုင်း အာဂုံအောပူင် ဥဘတောဝိဘင်္ဂဓရဘွဲ့ရ ၆၀ တို့ကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒေါက်တာ ဖေမြင့်၊ သူရဦးအောင်ကိုနှင့် ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယ ဝန်ကြီး ဦးကြည်မင်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့် အောင်လက် မှတ်များ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်း ကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသထံမှ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေ ကြသည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ ၁၉၄၈ ခုနှစ်တွင် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီး ပေါ်ပေါက်လာရခြင်းသည် ဆဋ္ဌသင်္ဂါယနာတင်ပွဲကျင်းပရာ၌ ပိဋက သုံးပုံ အာဂုံဆောင်သည့် သာသနာ့အာဇာနည်ပုဂ္ဂိုလ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပခဲ့ရာ စတင်ကျင်းပသည့်နှစ်မှ ယခုနှစ် (၇၂) ကြိမ်မြောက်အထိ နှစ်စဉ်မပျက်ကျင်းပခဲ့ သည်။

ကျင်းပပြီးစီးခဲ့သည့် (၇၂) ကြိမ်အတွင်း ပထမဦးဆုံးသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက မင်းကွန်း ဆရာတော်ကြီး အရှင်ဝိစိတ္တသာရာဘိဝံသ အပါအဝင် သာသနာ့အာဇာနည် ၁၅ ပါးမျှ ပေါ်ထွန်းခဲ့၍ ယခုနှစ်ကျင်းပသည့် စာမေးပွဲ၌ ၁၅ ပါးမြောက် တိပိဋကဓရတိပိဋကကောဝိဒ သာသနာ့အာဇာနည် အရှင်မြတ်တစ်ပါး ထပ်မံပေါ်ထွန်းခဲ့ပြီး သာသနာ့အကျိုးကို သယ်ပိုးဆောင်ရွက်လျက်ရှိသည်။

#Myanmar State Counsellor Office