တိုယိုတာ မော်တော်ကားပြတိုက်နှင့် ကားစက်ရုံ လေ့လာရေးခရီးစဉ်


Ministry of Information/ ​နေပြည်တော် / April 28, 2020
image_latest


စာရေးသူ    နာဂိုယာမြို့သို့     ရောက်ရှိစဉ် သွားရောက်လည်ပတ်ခဲ့တဲ့   တစ်နေရာမှာ         တိုယိုတာကားပြ တိုက်   (Toyota Kaikan Museum)နှင့်      တိုယိုတာကားစက်ရုံ (Toyota Plant)  ဖြစ်ပါတယ်။ နာဂိုယာမြို့ အနီး တိုယိုတာမြို့မှာ တိုယိုတာ  မော်တော် ကားကုမ္ပဏီဌာနချုပ်    (Toyota Motor  Corporation)   (Honsha)   တည်ရှိ တာကြောင့် နာဂိုယာမြို့ဟာ စက်မှုလုပ်ငန်း ထွန်းကားရာ၊    မော်တော်ကားလုပ်ငန်း ထွန်းကား ရာမြို့အဖြစ်     ထင်ရှားပါတယ်။ တိုယိုတာကုမ္ပဏီဟာ  သူဖွင့်လှစ်ထားတဲ့ကားပြတိုက်တွေနဲ့  လည်ပတ် ဆောင်ရွက် နေတဲ့  ကားစက်ရုံတွေကို  အများပြည်သူ လာရောက်လေ့လာနိုင်စေဖို့ အခမဲ့ လေ့လာ ရေးအစီ အစဉ်တွေ   ပြုလုပ်ဆောင်ရွက်ထားရှိ ပါတယ်။  စာရေးသူ  လွန်ခဲ့တဲ့  ၁၅  နှစ် နာဂိုယာမြို့မှာ ကျောင်း တက်ခဲ့စဉ် တိုယိုတာ  ကားစက်ရုံတစ်ရုံဆီကို          နိုင်ငံတကာ ကျောင်းသားတွေနဲ့အတူ ကျောင်း က  စီစဉ် ပေးတဲ့ ခရီးစဉ်အဖြစ် နှစ်ကြိမ် သွားရောက် လည်ပတ်ခဲ့ဖူးပါတယ်။ ၂၀၀၄-၂၀၀၅ ခုနှစ် တွေတုန်း ကဆိုတော့ သိပ်ကိုကြာခဲ့ပါပြီ။

အခုတစ်ခေါက်မှာကတော့ တစ်ကိုယ် တော် ခရီးသည်အဖြစ်   ဂျပန်နိုင်ငံအနှံ့ ခရီးသွားလာရင်း နာဂိုယာမြို့ဆီသို့ ပြန်လည် ရောက်ရှိခိုက်  တိုယိုတာမြို့မှာ  တည်ရှိတဲ့ တိုယိုတာကားပြတိုက်နဲ့      ကားစက်ရုံဆီ ဝင်ရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ ဒီလို  ကားစက်ရုံလေ့လာရေးခရီးစဉ်ဟာ အခြား  ခရီးစဉ်တွေလို အခုရောက်၊ အခုဝင် ချက်ချင်း  လည်ပတ်လို့တော့ မရပါဘူး။ ကြိုတင်စီစဉ်မှု  အချို့ ရှိရပါတယ်။ ဆိုလိုတာက အင်တာနက် က    တစ်ဆင့်   ကြိုတင်စာရင်းပေးသွင်း၊ ဟိုဘက်က  အတည်ပြု တော့မှ  သွားရောက် လည်ပတ်လို့ရပါတယ်။   စာရေးသူ   နှစ်ပတ် လောက် ကြိုတင်ပြီး     တိုယာတာ ဝက်ဘ်ဆိုက် ကတစ်ဆင့် ဖောင်ဖြည့်ပြီး တိုယိုတာကား စက်ရုံ လေ့လာရေးခရီးစဉ် (A Toyota Plant Tour) ကို သွားရောက်ဖို့   စာရင်းသွင်းပါတယ်။ တိုယိုတာဘက်ကလည်း       လာရောက်နိုင် ကြောင်း ပြန်ကြား စာပေးပို့လာတာမို့ ချိန်းဆို ထားတဲ့ ၂၀ ဇန်နဝါရီလ ၂၀၂၀ နဲ့ ချိန်ကိုက်ပြီး ကျိုတိုမြို့မှ    နာဂိုယာမြို့သို့     ရှင်ကန်ဆန် ကျည်ဆန်ရထားနဲ့     တစ်ရက်    ကြိုတင်  ထွက်လာခဲ့ပါတယ်။

တိုယိုတာ သမိုင်းကြောင်း

Sakichi Toyoda (၁၈၆၇-၁၉၃၀) ဟာ တိုယိုတာစက်မှုလုပ်ငန်းစုတွေရဲ့    ဖခင်လို့ ပြောလို့ရပါတယ်။ Sakichi ရဲ့ ဖခင်ဖြစ်သူဟာ လယ်သမား၊ လက်သမားတစ်ယောက်ဖြစ်ပြီး Sakichi ဟာ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူ ရဲ့ လက်သမားအလုပ်တွေမှာ ဝင်ရောက် ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။   Sakichi မွေးဖွား တဲ့နှစ်ဟာ  ဂျပန်နိုင်ငံမှာ  နှစ်ပေါင်း ၂၆၀ ကျော်        တည်တံ့ခဲ့တဲ့         ဆာမူရိုင်း စစ်အစိုးရ        အုပ်ချုပ် ရေး စတင်ပြိုပျက်ပြီး ပြုပြင်ပြောင်းလဲရေးတွေ    စတင်ပြုလုပ်တဲ့ မဲဂျိခေတ်  (၁၈၆၈-၁၉၁၂)  ကာလလည်း ဖြစ်ပါတယ်။  Sakichi ငယ်စဉ်က  စာဖတ် အင်မတန်        ဝါသနာပါသူလည်းဖြစ်ပြီး အရာရာကို  လေးလေး နက်နက်    စူးစမ်း လေ့လာလိုသူ  ဖြစ်ပါတယ်။  အသက် ၁၅ နှစ်လောက်မှာ        ဒေသခံ လူငယ်တွေကို စုစည်းပြီး   စာဖတ်အသင်းဖွဲ့ကာ   ဖတ်မှတ် ထားသမျှတွေကို  ပြန်လည်ဆွေးနွေးပါတယ်။ ၁၈၈၅  ခုနှစ်  သူ့ အသက် ၁၈ နှစ်ပြည့်ချိန်မှာ  ဂျပန်မှာ    ကုန်ပစ္စည်းမူပိုင်ခွင့်ဥပဒေ    ထွက်ရှိ လာပါတယ်။  သူဟာ   ဒီဥပဒေကို   သေချာ လေ့လာပြီးနောက်      တီထွင်ဖန်တီးသူအဖြစ် လုပ်ကိုင်ဆောင်ရွက်ဖို့    စိတ်ခွန် အားများစွာ  ဖြစ်ထွန်းလာခဲ့ပါတယ်။ သူဟာ အခုလို တွေးမိ ခဲ့ပါတယ်။ ‘‘အခုဆို  အနောက်နိုင်ငံတွေ အရမ်း တိုးတက်နေတယ်။ သူတို့တိုးတက်မှုတွေဟာ  စက်ပစ္စည်းတွေအပေါ်မှာ    အခြေခံတယ်၊ စက်ပစ္စည်းကို မောင်းနှင်ဖို့ ရေနွေးငွေ့လိုတယ်။ ရေနွေးငွေ့ကို  ထုတ်လုပ်ဖို့  ကျောက်မီးသွေး လိုတယ်။ ကျောက်မီးသွေးက ဈေးကြီးတယ်။  စက်ပစ္စည်းတွေကိုလည်ပတ်ဖို့  ရေနွေးငွေ့ အစား  သူ့ကိုအစားထိုးရနိုင်မယ့်  နည်းလမ်း ရှိရင် ကောင်းမယ်’’ လို့ တွေးပါတယ်။ ပထမပိုင်း မှာ သူ့ တီထွင်ကြံဆချက်တွေဟာ မအောင်မြင် ခဲ့ပါဘူး။

သူ့ဝန်းကျင်မှာ မိသားစုအများအပြားဟာ  လက်ရက်ကန်းတွေ အသုံးပြုတာ  သတိပြုမိ ပါတယ်။ အကယ်လို့ ဒီလက်ရက်ကန်းတွေကို  ပိုမိုတိုးတက်ကောင်းမွန်အောင်လုပ်နိုင်မယ်ဆိုရင်     လူတွေအများကြီး    အကျိုး များ မယ်လို့ တွေးမိပါတယ်။ ၁၈၉၀ ပြည့်နှစ်မှာ  Sakichi  ဟာ   တိုကျိုမှာပြုလုပ်တဲ့   တတိယအကြိမ်  ဂျပန် နိုင်ငံ လုံးဆိုင်ရာ စက်မှုပြပွဲကို တက်ရောက် ခဲ့ပြီး အဲဒီမှာ  ပြသထားတဲ့ ဂျပန်နဲ့  အနောက် နိုင်ငံတွေရဲ့   စက်ပစ္စည်းကို   အချိန်ယူလေ့လာ ခဲ့ပါတယ်။  အဲဒီနှစ်  ဆောင်းဦးကာလမှာပဲ Sakichi ဟာ သူ့ရဲ့ ပထမဆုံး တီထွင်မှု အဖြစ် ခေတ်မီတဲ့     သစ်သားလက်ရက်ကန်းစင် တစ်ခုကို အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပြီး ၁၈၉၁ ခုနှစ်မှာ  သူ့မူပိုင်  ထုတ်ကုန်အဖြစ်  တရားဝင် မှတ်ပုံတင်နိုင်ခဲ့ပါတယ်။   ဆက်လက် တီထွင်ကြံဆ ခဲ့ရာမှာ ၁၈၉၆  ခုနှစ်မှာ ပထမဆုံး  ရေနွေးငွေ့စွမ်းအင်သုံး စက်ရက်ကန်းစင်ကို အောင်မြင်စွာ     ထုတ်လုပ် နိုင်ခဲ့ပါတယ်။ ဒီနောက်မှာ  Sakichi  ဟာ  စက်ရက်ကန်းစင်ကို အခြားစွမ်းအင်တွေနဲ့ပါ  အသုံးပြုနိုင်အောင် တီထွင်ကြံဆနိုင်ခဲ့ပြီး  အမေရိကန်နဲ့  ဥရောပ သို့လည်း  လေ့လာရေးခရီးတွေ  သွားရောက် ခဲ့ပါတယ်။   ဒီခရီးစဉ်မှာ   သူ့တီထွင်မှုတွေဟာ အနောက်နိုင်ငံတွေထက်  မညံ့ဘူး၊  သာလွန် မှုတောင်ရှိတယ်လို့  ခံစားနားလည်ခဲ့ပါတယ်။ ၁၉၂၄ ခုနှစ်မှာ နိုင်ငံတကာသို့တိုင် ကျော်ကြား တဲ့   စက်ရက်ကန်းကို   တီထွင်ထုတ်လုပ် နိုင်ခဲ့ပြီး    ၁၉၂၉   ခုနှစ်မှာ     အင်္ဂလန်နိုင်ငံက အထည်ချုပ်စက်ပစ္စည်းတွေ         ထုတ်လုပ် တဲ့ ကမ္ဘာကျော်ကုမ္ပဏီကြီးတစ်ခုက Sakichi ရဲ့  စက်ရက်ကန်း မူပိုင်ခွင့်ကို ဝယ်ယူခဲ့ပါတယ်။

အောက်တိုဘာ  ၁၉၃၀   ပြည့်နှစ်မှာ  Sakichi    Toyoda    ကွယ်လွန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ  သူ့လုပ်ငန်း တွေကို  သားဖြစ်သူ Kiichiro Toyoda (၁၈၉၄ - ၁၉၅၂) က  ဆက်လက်ဖွံ့ဖြိုးအောင်  လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၃၃ ခုနှစ်မှာ ပထမဆုံး မော်တော်ကားဌာနကို  ဖွင့်တယ်။ ၁၉၃၆  ခုနှစ်မှာ AA Sedan ကားကို ထုတ်လုပ်နိုင်ခဲ့တယ်။  Kiichiro  Toyoda  ဟာ  တိုယိုတာ   စက်မှုလုပ်ငန်းစုတွေရဲ့    မူရင်း လုပ်ငန်းဖြစ်တဲ့  စက်ရက်ကန်း       ထုတ်လုပ်မှု တွေကနေ    မော်တော်ကား  ထုတ်လုပ်မှုတွေ ဆီသို့ ပြောင်းလဲရန်  ဆုံးဖြတ် ခဲ့ပြီး  ၂၈  ဩဂုတ် လ ၁၉၃၇ ခုနှစ်မှာ   တိုယိုတာ  မော်တော်ကား  ကုမ္ပဏီကို      စတင်တည်ထောင် ခဲ့ပါ တယ်။ ၁၉၃၈  ခုနှစ်မှာ   တိုယိုတာကားစက်ရုံကနေ       ပထမဆုံး   တိုယိုတာကားတွေကို   စတင် ထုတ်လုပ် ခဲ့ပါ တယ်။  ဒီနောက်ပိုင်းမှာတော့ တိုယိုတာကုမ္ပဏီဟာ     မော်တော်ကားအမျိုး အစားတွေ     တစ်မျိုးပြီး တစ်မျိုး      ထုတ်၊ ပြည်တွင်း၊ ပြည်ပမှာ ကားစက်ရုံတွေ  တစ်ရုံ ပြီးတစ်ရုံ  ဖွင့်၊  ဧပြီလ ၂၀၁၈  ခုနှစ်အထိ   ဂျပန်  နိုင်ငံအတွင်းမှာ တိုယိုတာကားစက်ရုံပေါင်း   ၁၂  ရုံနဲ့  အခြားတိုယိုတာ လက်အောက်ခံ ကား စက်ရုံ၊  အလုပ်ရုံပေါင်း   ကိုးရုံ   ရှိပါတယ်။ ဒီဇင်ဘာလ ၂၀၁၇ ခုနှစ်အထိ  နိုင်ငံပေါင်း ၂၇ နိုင်ငံမှာ  တိုယိုတာကုမ္ပဏီနဲ့  တိုယိုတာကား စက်ရုံပေါင်း     ၅၀      လုပ်ငန်းလည်ပတ်လျက် ရှိပါတယ်။

ကိုယ်တွေ့ တိုယိုတာ

တိုယိုတာမှ စာရေးသူထံ ကားစက်ရုံသို့ လာရောက်လည်ပတ်ရန် ချိန်းဆိုထားသည့်  အချိန်မှာ ၂၀ ဖေဖော်ဝါရီလ ၂၀၂၀ နံနက် ၁၀ နာရီခွဲဖြစ်ပြီး လာရောက်ရမယ့်နေရာမှာ တိုယို တာမြို့  တိုယိုတာဌာနချုပ်  အဆောက် အဦအနီး မှာတည်ရှိတဲ့ တိုယိုတာကားပြတိုက် (Toyota Kaikan Museum) ဖြစ်ပါတယ်။ နံနက် ၈ နာရီ ခန့်တွင် Nagoya Station မှတစ်ဆင့် JR Tokaido    Main   Line    ဖြင့်   ထွက်ခွာခဲ့ရာ တိုယိုတာ   ကားပြတိုက်နဲ့    အနီးဆုံးဘူတာ ဖြစ်သော Mikawa-Toyota Station သို့ နံနက် ၉ နာရီ မိနစ် ၂၀ ခန့်တွင်   ရောက်ရှိပါတယ်။ Mikawa-Toyota Station မှ  တိုယိုတာကား ပြတိုက်ဆီသို့ နောက်ထပ် မိနစ် ၂၀ လောက်  လမ်း လျှောက်ရပါတယ်။     လမ်းမလျှောက် ချင်ရင်  အငှားယာဉ် ဒါမှမဟုတ်  ဘတ်စ်ကားနဲ့ သွားလို့လည်း     ရပါတယ်။   နောက်ဆုံး ကားပြတိုက်ကို  နံနက် ၁၀  နာရီမထိုးခင် ရောက်သွားပါတယ်။   ကားပြတိုက်  ဧည့်ကြို ကောင်တာမှာ သတင်းပို့၊ အချိန်ရသေးတာမို့  ကားပြတိုက်အထဲလည်း ဝင်လေ့လာခဲ့ပါတယ်။

တိုယိုတာကားပြတိုက်

တိုယိုတာကားပြတိုက်ဟာ     နှစ်ထပ် အဆောက်အဦဖြစ်ပြီး     ပြတိုက်အတွင်းမှာ   တိုယိုတာနောက်ဆုံး ထုတ်  မော်တော်ကားတွေ သာမက မော်တော်ကားနည်းပညာ၊   မော်တော်   ယာဉ်လုပ်ငန်းသုံး စက်ရုပ်နည်းပညာ။ သဘာဝ  ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကလေးတွေပညာ ပေး၊ ပညာရေးစတာတွေလည်း လေ့လာတွေ့ရှိ နိုင်မှာ ဖြစ်ပါတယ်။ ပထမထပ်မှာ Eco and Emotion၊ Safety and Freedom၊ Production and Creation၊ Company and Society စတဲ့ နည်းပညာ၊  လုံခြုံမှု၊  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု၊  တိုယိုတာ  သမိုင်းစတာတွေနဲ့ ဆက်စပ်တဲ့        မှတ်တမ်းမှတ်ရာတွေ၊  ရုပ်ပုံကားချပ်တွေ၊     ရုပ်သံမှတ် တမ်း တွေ  လေ့လာတွေ့ရှိရမှာဖြစ်ပြီး  ကြီးမားကျယ်ဝန်း လှတဲ့     ခန်းမကြီးထဲမှာ   တိုယိုတာကုမ္ပဏီ နောက်ဆုံး ထုတ်       မော်တော်ကားတွေကို အစီအရီ   ပြသထားပါတယ်။    ဒုတိယထပ်မှာ တော့ တိုယို တာနဲ့ ပတ်သက်ပြီး ကလေးတွေ    ပညာပေး၊    ပညာရေးပြခန်းရှိပြီး အမှတ်တရ   အရောင်းဆိုင်       တစ်ဆိုင် လည်းရှိပါတယ်။ မြေအောက်ထပ်မှာတော့      စတားဘတ်ခ် ကော်ဖီဆိုင်နဲ့      စားသောက် ဆိုင်တစ်ဆိုင် ရှိပါတယ်။

ကားပြခန်းအတွင်းမှာ        ဓာတ်ပုံတွေ  ရိုက်ကူးနိုင်ပြီး   အချို့ကားတွေဆိုရင်  ကား အတွင်းခန်းထဲအထိ     ဝင်ထိုင် ခွင့်ပြု ထား ပါတယ်။ ပထမထပ်  ကားပြခန်းကြီးအတွင်း မှာ အမျိုးအစားကွဲပြားတဲ့ ကား ၂၅ စီးခန့်ကို ပုံစံအမျိုးမျိုးနဲ့ ပြသထားပြီး အချို့ကားတွေ ဆိုရင် အတွင်းစက်ပစ္စည်းတွေ မြင်သာအောင် ကားတစ်ခြမ်းအပေါ်ဖုံးတွေ  မပါရှိဘဲ  ပြသ ထားတာ    တွေ့ရပါတယ်။    ပထမထပ်မှာပဲ  ကား ထုတ်လုပ်တပ်ဆင်ရာမှာ    အသုံးပြုတဲ့ စက်ရုပ်ကြီးတစ်ရုပ်ကိုလည်း     ပြသထား ပါတယ်။ 

ဒီ     တိုယိုတာကားပြတိုက်အပြင် နာဂိုယာမြို့နဲ့  အနီးဝန်းကျင်မှာ   မော်တော် ကား  နည်းပညာ ဆန်းသစ် တီထွင်  ဖွံ့ဖြိုး တိုးတက်မှုတွေကို   အလေးပေးပြသထားတဲ့  တိုယိုတာကားပြတိုက်နဲ့ တိုယိုတာရဲ့  မူလ ထုတ် ကုန်ဖြစ်တဲ့ စက်ရက်ကန်းမှ မော်တော် ကား၊ စက်ရုပ်တွေအထိ      နည်းပညာဖြစ်ထွန်း တိုးတက် မှုတွေကို    ပြသထားတဲ့   တိုယိုတာ ကားပြတိုက်တို့လည်း ရှိပါတယ်။

တိုယိုတာကားစက်ရုံ  လေ့လာရေးခရီးစဉ်

တိုယိုတာကားစက်ရုံလို့ပြောရင်   စက်ရုံ တစ်ခုထဲမှာ   ကားတစ်စီးကို    အစ၊ အဆုံး  ထုတ်လုပ်တာပေါ့။  တိုယိုတာ  ဝက်ဘ်ဆိုက် အဆိုအရ  စက်ရုံထဲမှာ  ကားထုတ်လုပ်ရေး လုပ်ငန်းစဉ် လေးခု ရှိတယ်။ ဖြတ် တောက်၊  ပုံဖော် ထုတ်လုပ်တဲ့နေရာ     (Stamping)၊ ဂဟေဆော်တဲ့နေရာ (Welding)၊ ဆေးမှုတ်  တဲ့နေရာ   (Painting)၊   တပ်ဆင်တဲ့နေရာ (Assembly) တို့ဖြစ်ပါတယ်။  ကားတစ်စီး ထုတ်မယ်ဆိုရင် ပထမဆုံး သတ္တုပြား တွေကို မော်တော် ကားတံခါး၊     အမိုး၊     စက်ဖုံး၊ ကိုယ်ထည်       အစိတ်အပိုင်းတွေဖြစ်ဖို့  ဖြတ်တောက်ပုံဖော်ပါတယ်။     ဒုတိယက  မော်တော်ကားအတွင်းပိုင်း          ဖွဲ့စည်း တည်ဆောက်ဖို့ သတ္တု ပစ္စည်း    အစိတ် အပိုင်း ၄၀၀   လောက်ကို    စက်ရုပ်တွေနဲ့  ဂဟေ ဆော်ပါတယ်။       

တတိယက   အဲဒီ    ဂဟေဆော်ထားတဲ့  ကိုယ်ထည်ကို    ဆေးကြောပါတယ်။  ပြီးရင်  အောက်ခံဆေး၊ အလယ် ဆေး၊  နောက်ဆုံး ဆေး  ဆေးသုံးထပ်မှုတ်ပါတယ်။ နောက်ဆုံး အဆင့်က တပ်ဆင်တဲ့နေရာ  ဖြစ်ပါ တယ်။

အဲဒီနေရာလေးခုကမှ       စာရေးသူတို့ သွားရောက်လေ့လာရမယ့်နေရာက တပ်ဆင် တဲ့နေရာနဲ့      ဂဟေ ဆော် တဲ့ နေရာတွေ ဖြစ်ပါတယ်။ ပြင်ပလေ့လာသူတွေအတွက် နာဂိုယာမှာ  ခွင့်ပြုထားတဲ့  တိုယိုတာကား တပ်ဆင်တဲ့ စက်ရုံသုံးရုံ (Motomachi Plant၊  Takaoka Plant၊ Tsutsumi Plant)  ရှိပါ တယ်။ စက်ရုံတစ်ခုကို အဓိက ကားလေးမျိုးစီ ထုတ်ပါတယ်။   စက်တင်ဘာလ  ၂၀၁၉  ခုနှစ်အထိ  စာရင်းများအရ   Motomachi  Plant က အဓိက ထုတ်လုပ်တဲ့ကားတွေက Crown၊ Mark X၊ MIRAI တို့ ဖြစ်ပြီး Takaoka Plant  က  Corolla၊  Harrier၊ RAV4 တို့ ဖြစ်ကာ Tsutsumi Plant က Prius၊ Camry၊ PRIUS PHV     တို့ဖြစ် ပါတယ်။  လေ့လာမယ့် လူအရေအတွက်အပေါ်မူတည်ပြီး  သွားမယ့် စက်ရုံကို  တိုယိုတာကုမ္ပဏီက  ဆုံးဖြတ် ပါတယ်။ အခု  စာရေးသူတို့  သွားရောက် လေ့လာတဲ့  ကားစက်ရုံအမည်က Tsutsumi Plant ဖြစ်ပါတယ်။

တိုယိုတာကားပြတိုက်ကနေ  နေ့လယ် ၁၁    နာရီမှာ     တိုယိုတာကားစက်ရုံဆီ တိုယိုတာက  စီစဉ်ပေးတဲ့  ဘတ်စ်ကားနဲ့ သွားကြပါတယ်။  ကားပြတိုက်ကနေ ကား စက်ရုံကို  မိနစ်  ၂၀ လောက် မောင်းရပါတယ်။  စာရေး သူအပါအဝင်  လေ့လာသူ  စုစုပေါင်း ၁၅ ဦးလောက် ရှိပါတယ်။ ခရီးစဉ်အစ၊ အဆုံး     တိုယို တာကုမ္ပဏီမှ     ဝန်ထမ်းတစ်ဦးက အင်္ဂလိပ်ဘာသာနဲ့       လိုက်ပါရှင်းလင်း ပြောကြားပါတယ်။    ကားပေါ် မှာနဲ့      စက်ရုံ အတွင်း  သူရှင်းပြတာအချို့က   ‘‘ဒီတိုယိုတာ  ကုမ္ပဏီ  တည်ထောင်သူတွေက  Kiichiro Toyoda  နဲ့  ဖခင်ဖြစ်သူ  Sakichi Toyoda တို့ဖြစ်ကြတယ်။ ဒါကြောင့်  ကုမ္ပဏီအမည်က    မိသားစု အမည်ဖြစ်တဲ့     တိုယိုဒါ    ဖြစ်သင့်ပါ တယ်။

ဒါပေမဲ့ တိုယိုဒါ (Toyoda) လို့  အမည် မပေးဘဲ တိုယိုတာ  (Toyota) လို့  အမည်ပေးခဲ့ တာ အကြောင်း သုံးချက် ရှိတယ်။ ပထမအချက် တိုယိုဒါဆိုတဲ့ စာလုံးကို ဂျပန်လို စာလုံးပေါင်း ရေးဆွဲရင် ၁၀ ချက် ဆွဲရတယ်။ တိုယိုတာဆိုတဲ့ စာလုံးက ရှစ်ချက်ပဲ  ဆွဲရတယ်။  ဂျပန်လူမျိုး တွေက   ရှစ်ဂဏန်းကို  ကံကောင်းစေတဲ့    နံပါတ်လို့ သတ်မှတ်ယုံကြည်ကြတယ်။ ဒုတိယ  အချက်က  တိုယိုတာဆိုတဲ့  အသံထွက်ဟာ   လူအများ အတွက်  အဆင်ပြေတယ်။ တတိယ အချက်က    ကုမ္ပဏီတည်ထောင်သူတွေဟာ   တိုယိုဒါလို့   မိသားစု အမည် ကို အသုံးပြုရင် လူတွေက ဒီကုမ္ပဏီဟာ လူတစ်ဦးတစ်ယောက်၊   မိသားစုတစ်စုနဲ့ပဲ  သက်ဆိုင် တယ်လို့ ထင်မြင် ယူဆသွားနိုင်တယ်’’စသဖြင့် ဖြစ်ပါတယ်။

သူကပဲ ဆက်လက်ပြီး  ‘‘ယနေ့ ဂျပန်နိုင်ငံ မှာ တိုယိုတာရုံးကြီး သုံးရုံးရှိပြီး အကြီးဆုံးရုံး  တိုယိုတာ ဌာနချုပ်က       ဒီတိုယိုတာမြို့ (ကားပြတိုက်အနီး)မှာ  တည်ရှိတယ်။  နောက် တစ်ရုံးက တိုကျိုမြို့တော်နဲ့ နောက် တစ်ရုံးက  နာဂိုယာမြို့မှာ  တည်ရှိတယ်။  ဂျပန်တစ်နိုင်ငံ လုံးမှာ တိုယိုတာကားစက်ရုံ  ၁၂  ရုံရှိပြီး    အဲဒီ ကားစက်ရုံအားလုံးဟာ နာဂိုယာမြို့ပါဝင်တဲ့ အာအိချိခရိုင် (Aichi Prefecture)  မှာ   စက်ရုံ တစ်ရုံ နဲ့တစ်ရုံ နီးကပ်စွာတည်ရှိတယ်။  စက်ရုံ တစ်ရုံနဲ့တစ်ရုံဟာ  ပျမ်းမျှ ၂၅ မိနစ်အတွင်း ကားနဲ့ ရောက်ရှိ နိုင်တယ်။    တိုယိုတာကား  အစိတ်အပိုင်းတွေ    ပံ့ပိုးပေးတဲ့   အခြားကုမ္ပဏီ တွေဟာလည်း  ဒီတိုယိုတာ ကားစက်ရုံတွေနဲ့  မလှမ်းမကမ်းမှာ   တည်ရှိကြတယ်။   အခု  စာရေးသူတို့ သွားနေတဲ့ ကားစက်ရုံအမည်က Tsutsumi Plant ဖြစ်တယ်။ ၁၉၇၀ ပြည့်နှစ် မှာ တိုယိုတာကားတွေ စထုတ်တယ်။ အလုပ် သမား ၆၀၀၀ ရှိတယ်။  စနေ၊  တနင်္ဂနွေ ရုံပိတ်တယ်။ Pirus၊  Camry  စတဲ့ မော်တော် ကားတွေ အဓိက ထုတ်လုပ်တယ်။ တစ်နေ့ကို  ကားအစီးရေ ၁၇၀၀ ထုတ်နိုင်တယ်။ တစ်နှစ် ကို ပျမ်းမျှ  ကားအစီးရေ ၄၂၀၀၀၀  ထုတ် တယ်။    ကားပြတိုက်ထဲမှာ    ဓာတ်ပုံရိုက်လို့ ရပေမယ့်  ကားစက်ရုံထဲမှာ ဓာတ်ပုံရိုက်ခွင့် မရှိပါဘူး’’ စသဖြင့် ရှင်းပြပါတယ်။ နောက် သူနဲ့အတူ  စာရေးသူတို့   ကားစက်ရုံထဲ တစ်နာရီကြာ  လိုက်လံကြည့်ရှုကြပါတယ်။ ပထမဆုံး  မြင်တွေ့ရတာ  ကားတပ်ဆင်တဲ့ နေရာပဲ ဖြစ်ပါတယ်။

နှစ်နာရီနီးပါး    ကြာမြင့်တဲ့  စက်ရုံတွင်း  လေ့လာရေးခရီးစဉ်မှာ       လေ့လာရေး လျှောက်လမ်း အမြင့် တွေက တစ်ဆင့်   အောက် မှာ အလိုအလျောက်စနစ်ဖြင့် ဖြည်းညင်းစွာ ရွေ့လျားနေတဲ့   ဆေးအပြီးအစီး   မှုတ်ပြီး သား  ကားကိုယ်ထည်တွေကို  အလုပ်သမား တွေက   အတွင်းပစ္စည်းတွေ၊     အဲကွန်း စနစ်တွေ၊   လုံခြုံရေးစနစ်တွေ၊   တံခါးတွေ တပ်ဆင်နေပုံ၊ တပ်ဆင်ပြီးကားတွေကို အလုပ် သမားတွေက        ကား စက်ခေါင်း ဖုံးအတွင်း၊ ကားကိုယ်ထည်အတွင်း       လက်နှိပ်ဓာတ်မီး အသေးလေးတွေနဲ့       ချိန်ထိုး စစ်ဆေး နေပုံ၊ ဘရိတ်စနစ်အား စစ်ဆေးနေပုံ  စသည်များကို ကောင်းစွာ  အနီးကပ်အပေါ်စီးမှ    မြင်တွေ့ နေရပါတယ်။  တပ်ဆင်တဲ့နေရာ  လေ့လာ ပြီးတော့ ဆက်လေ့လာကြတာက ဂဟေဆော် တဲ့နေရာ    ဖြစ်ပါတယ်။      ဂဟေဆော်နည်း   သုံးနည်းရှိတယ်လို့    သိရပြီး   ၎င်းတို့မှာ  Pot Welding၊ Arc Welding နဲ့ Laser Welding တို့ဖြစ်ကြပါတယ်။ အဲဒီမှာ  အဓိက  မြင်တွေ့ ရတာ စက်ရုပ်တွေပဲ ဖြစ်ပါတယ်။ ဒီ Tsutsumi Plant ရဲ့ ဂဟေဆော်တဲ့နေရာမှာ စက်ရုပ်ပေါင်း  ၁၉၀၀  တပ်ဆင်ထားရှိပြီး ဂဟေဆော်လုပ်ငန်း ၉၈ ရာခိုင်နှုန်းကို    စက်ရုပ်တွေနဲ့   လုပ်ဆောင် တယ်လို့ သိရပါတယ်။ စာရေးသူတို့ လေ့လာ ချိန်မှာ အလို အလျောက်  ဖြေးညင်းစွာရွေ့လျား နေတဲ့   ကားတွေကို    ဘေး၊    ဘယ်၊    ညာမှာ တပ်ဆင်ထားတဲ့    စက်ရုပ် လက်တံရှည်ကြီးတွေ က သတ်မှတ်နေရာတွေကနေ ဂဟေဆော်နေ ကြတာ တွေ့ရပါတယ်။ အချို့နေရာတွေမှာဆို ကားတစ်စီးတည်းကို   စက်ရုပ်    ခြောက်ရုပ်၊ ခုနစ်ရုပ်လောက်က   သူတို့ရဲ့  ရှည်လျားလှတဲ့  လက်တံတွေ   ဆန့်ထုတ်ပြီး   ကားအတွင်း၊ အပြင် အစိတ်အပိုင်းအသီးသီးကို တစ်ပြိုင်နက်  ဝိုင်းအုံ ဂဟေဆော်နေပုံဟာ ပစ်မှတ်မြင်ကွင်း ထဲကို  အတိအကျ   ဝင်ရောက်လာတဲ့  ရန်သူကို အတိအကျ ဝိုင်းဝန်းတိုက်ခိုက်ကြဘိသကဲ့သို့ ကြည့်ကောင်းလှပါတယ်။

မွန်းလွဲ   ၁   နာရီမှာ   ကားစက်ရုံကနေ  ကားပြတိုက်ဆီ    ပြန်ရောက်ပါတယ်။ မပြန်ခင်  စာရေးသူတို့    တစ်ယောက် ချင်းစီကိုလည်း     တိုယိုတာကုမ္ပဏီထုတ် အမှတ်တရ ဘောပန် တစ်ချောင်းစီနဲ့ အိုရိဂမိ (Origami) လို့ခေါ်တဲ့ ဂျပန်ရိုးရာ   စက္ကူခေါက်   အရုပ်လေးတွေ လက်ဆောင်အဖြစ်  ပေးပါတယ်။ ဘူတာကနေ   ပြတိုက်ဆီ    အသွား၊   အပြန်မှာ    တိုယိုတာ   ရုံးချုပ်ကြီးနားက        ဖြတ်သွားရပါတယ်။ ရုံးချုပ်ဝင်းအတွင်းမှာ   တိုယိုတာကားကုမ္ပဏီ   တည်ထောင်သူ  Kiichiro Toyoda   ကိုယ် တစ်ပိုင်း ကြေးရုပ် တုရှိပြီး   သာယာလှပတဲ့  ဥယျာဉ်လေးတစ်ခုကိုလည်း  အပြင်လမ်းကနေ  လမ်းလျှောက်ရင်း       လှမ်းမြင် နေရပါတယ်။  စာရေးသူ  အဲဒီရုပ်တုရှိရာနဲ့  ဥယျာဉ်ရှိရာကို သွားဖို့ ကြိုးစားပေမယ့်  အဲဒီက  လုံခြုံရေး  အစောင့်ဖြစ်သူက  ဝင်းအတွင်း  အပြင်လူ   ဝင်ခွင့်မရှိဘူးဆိုလို့ အဝေးကပဲ ဓာတ်ပုံတွေ ရိုက်ယူခဲ့ပါတယ်။ ဘာပဲပြောပြော  တိုယိုတာ  မော်တော်ကား ဌာနချုပ်ကြီးလည်း တွေ့ခဲ့ တယ်၊ ကားပြတိုက်ဆီလည်း ရောက်ခဲ့တယ်၊ ကားစက်ရုံကိုလည်း       လေ့လာခဲ့တယ်၊ လွန်ခဲ့တဲ့ ၁၅ နှစ်က ရောက်ခဲ့ဖူးတဲ့ ဒီခရီးစဉ် ကို   ဒီနေ့မှာ  ဆောင်းပါးတစ်ပုဒ်အဖြစ် မှတ်တမ်းတင်         ရေးသားဖော်ပြနိုင်လို့ အများကြီး ကျေနပ်ပီတိ ဖြစ်ရပါတယ်။

တိုယိုတာကားပြတိုက်နဲ့    တိုယိုတာ ကားစက်ရုံ     လေ့လာရေးခရီးစဉ်တွေဟာ  အခမဲ့ ဖြစ်ပါတယ်။ တိုယို တာကားပြတိုက်ရဲ့ လိပ်စာက 1 Toyota-cho, Toyota City, Aichi Prefecture 471-0826, Japan ဖြစ်ပြီး ပြတိုက်နဲ့ အနီးဆုံးဘူတာရုံက Mikawa-Toyota Station (Aichi Kanjo Line) ဖြစ်ပါ တယ်။  ပြတိုက်အကြောင်း  ပိုမိုသိရှိလိုတယ် ဆိုရင် https://www.toyota.co.jp/en/about_ toyota/facility/ toyota_kaikan/index.html မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ တိုယိုတာကားစက်ရုံ  လေ့လာရေးခရီးစဉ်ကို စိတ်ဝင်စားတယ်ဆိုရင်၊ သွားရောက်လေ့လာ ဖို့ ကြိုတင်စာရင်းပေးသွင်းချင်တယ်ဆိုရင်     https:// www.toyota.co.jp/service/planttour/ reservation/ ?lng = en မှာ    ကြိုတင်       စာရင်းပေး သွင်းနိုင် ပါတယ်။  တိုယိုတာ မော်တော်ကားကုမ္ပဏီဌာနချုပ် (Toyota Motor Corporation) (Honsha) ရဲ့ လိပ်စာက 1 Toyota-Cho, Toyota City, Aichi Prefecture 471-8571, Japan ဖြစ်ပြီး တိုယိုတာဌာနချုပ်အကြောင်း အသေးစိတ် သိရှိလိုတယ်ဆိုရင် https://global.toyota/en/ မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။        ။

အောင်အောင် IR