ဒါရိုက်တာမောင်ခင်ဇော် (ကေသီပန်) နှင့် ရုပ်ရှင်စကားဝိုင်း (မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်)
ဒါရိုက်တာမောင်ခင်ဇော် (ကေသီပန်) နှင့် ရုပ်ရှင်စကားဝိုင်း (မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်)
Ministry of Information/ နေပြည်တော် / February 05, 2020

ဒီတစ်ပတ် ရုပ်ရှင်စကားဝိုင်းကို ကျွန်တော်နဲ့အတူ ဆွေးနွေးမယ့်ပုဂ္ဂိုလ်ကတော့ ခင်ဇော် (ကေသီပန်) ဆိုပြီးတော့ နာမည်ရှိတဲ့သူပါပဲ။ အခုကတော့ ဆရာဦးခင်ဇော်လို့ ကျွန်တော်တို့ ခေါ်ဆိုပါတယ်။ ဆရာဦးခင်ဇော်ဟာ နာမည်ကျော် လူငယ်ဒါရိုက်တာ မိုက်တီးရဲ့ဖခင်ဖြစ်သလိုပဲ သရုပ်ဆောင် ချစ်ချစ်ဇော်တို့၊ လင်းဇာနည်ဇော်တို့ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။ ဆရာ့ရဲ့ ဖြတ်သန်းလာရတဲ့ဘဝက ကျွန်တော်တို့ မမွေးခင်ကတည်းက ရုပ်ရှင်လောကကို ဝင်ရောက်ပြီးတော့ ရုပ်ရှင်လုပ်ငန်းတွေလည်း လုပ်လာတယ်။ လုပ်လာပြီးတဲ့နောက်မှာ ဆရာက ရုပ်ရှင်လောကသားတွေရဲ့ အကျိုးကိုလည်း တစ်ပိုင်း ကနေ ဆောင်ရွက်ပေးခဲ့တာ ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။
ကြည်စိုးထွန်း။ ။အဲဒီလိုတွေ့ရတဲ့အတွက်လည်း ဆရာနဲ့ ကျွန်တော်နဲ့ ဆရာဖြတ်သန်းလာတဲ့ဘဝမှာ အဓိက ဆွေးနွေးချင်တာကတော့ ငွေရတုအချိန်က ကျွန်တော်တို့ (၂၅) နှစ်မြောက် ငွေရတုသဘင် ကျင်းပခဲ့သလို တစ်ခါ နှစ် (၅၀) ပြည့်တဲ့အခါကျတော့လည်း ရုပ်ရှင်ရွှေရတုသဘင်ဆိုပြီးတော့ ကျင်းပ ပါတယ်။ ကျွန်တော်တို့ကတော့ ဒါတွေ မမီဘူးပေါ့ ဆရာရယ်။ ကျွန်တော်တို့ က အဲဒီနောက်မှ ရုပ်ရှင်ထဲ ရောက်လာတာဆိုတော့ စိန်ရတုကျမှ ကျွန်တော်တို့က ကြုံရပါတယ်။ သိရပါတယ်။ အဲဒီတော့ ဒီနေ့ ဆရာနဲ့ ကျွန်တော်နဲ့ ရုပ်ရှင်အစည်းအရုံးကြီး ဖြစ်ပေါ်လာတဲ့အကြောင်း၊ နောက်တစ်ခါ ရုပ်ရှင်ဟာ (၂၅) နှစ်ပြည့်တိုင်း ပြည့်တိုင်း ငွေရတုသဘင်၊ ရွှေရတုသဘင်၊ စိန်ရတုသဘင် ဆိုပြီးတော့ လုပ်ဆောင် လာခဲ့ကြတဲ့ အကြောင်းတွေကိုလည်း ကြားချင်ပါတယ်ဆရာ။ ပထမဆုံးတော့ ဆရာ ရုပ်ရှင်ထဲကို ဘယ်နှခုနှစ်က နေပြီးတော့ ဘယ်ကုမ္ပဏီကနေ ဝင်ရောက်ခဲ့ တယ်ဆိုတာရယ်၊ ခုနက ကျွန်တော် မိတ်ဆက်တုန်းက ကျန်ခဲ့တဲ့ အကြောင်းလေးတွေရယ် ဖြည့်စွက်ပြီးတော့ ပြောပေးပါဆရာ။
ဦးခင်ဇော် ။ ။ငွေရတုကတော့ ကျွန်တော်လည်း မမီဘူး။
ကြည်စိုးထွန်း။ ။ ၁၉၄၅ ခုနှစ် ဆရာ၊ ဟုတ်ကဲ့။
ဦးခင်ဇော်။ ။မမီဘူးဆိုတာက ရိုက်တာတွေ ဘာတွေမမီဘူးပေါ့။ ဒါပေမယ့် ဝင်ပြီးတော့ ကြည့်တာတို့၊ ဝါသနာပါလို့ သွားတာတို့၊ ကိုယ်မြင်ရတာတို့ ဘာတို့ကတော့ နည်းနည်းပါးပါးတော့ သိတာပေါ့။ အဲဒီတော့ ရုပ်ရှင်ငွေရတုဆိုပြီးတော့ မလုပ်ရဘူး အဲဒီအချိန်။ ကျွန်တော်တို့က စက်မှု လက်မှုပြပွဲကြီး ဆိုပြီးတော့ အဲဒီပြပွဲကြီး နာမည်နဲ့လုပ်တယ်။ အဲဒီတုန်းက ရုပ်ရှင်ကုမ္ပဏီတွေက သိပ်ကောင်းကြတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ ဆရာ။
ဦးခင်ဇော်။ ။အဲဒီမှာ လျှပ်စစ်ရုပ်ရှင်ကတစ်ခါတည်း မဏ္ဍပ်ကြီးဆောက်၊ ထိပ်က နဖူးစည်းတွေ ဘာတွေနဲ့၊ တိုင်ဖုံးတွေနဲ့ ကုမ္ပဏီတွေ အကုန်လုံးနီးပါးက ပြကြတယ်။ တတ်နိုင်တဲ့လူတွေကျ တော့ စက်တွေပါ သယ်လာပြီးတော့ ကားကူးတာ ဘယ်လို၊ ကားဆေးတာ ဘယ်လို၊ ဒီလိုထွက်တယ်။ နောက် ဘယ်လိုအသံသွင်းရတယ်၊ ဘယ်လိုဆေးရတယ် ဆိုတာကအစပေါ့လေ။ ကျွန်တော်တို့ အရင်တုန်းက စစချင်းဆေးရတာ ကတော့ တော်တော်ရယ်စရာကောင်းပါတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ဆရာ၊ ကြားဖူးပါတယ်။
ဦးခင်ဇော်။ ။ သစ်သားခွက်ကြီး အောက်မှာ ဘီးလိုဟာမျိုးကြီးပေါ့လေ။ ဒီလိုနဲ့တင်ထားတော့ ဒါလေးက ဒီလို ဒီလိုလှုပ်တာပေါ့။ ဆေးကိုလှုပ်ပေးရတာ။
ကြည်စိုးထွန်း။ ။ ဪ ဆေးကို လှုပ်ပေးရတာ၊ Shaking ပေါ့ ဆရာ။
ဦးခင်ဇော်။ ။ ဒါမှ ဖလင်ပေါ်ကို ဆေးသားရောက်မှာကိုး၊ အဲဒီလို သွားရတာလေးတွေကို ပရိသတ် သိအောင် အနည်းအကျဉ်းပြပွဲအနေနဲ့ပြတယ်။
ကြည်စိုးထွန်း ။ ။ အဲဒီအချိန်တုန်းက ထင်ရှားတဲ့ ကုမ္ပဏီကြီးတွေဆို အေဝမ်းတို့၊ ဗြိတိသျှဘားမားတို့ ပါမှာပေါ့နော် ဆရာ။ သူက ထိပ်တန်းကပေါ့နော် ဆရာ။
ဦးခင်ဇော်။ ။ ပဲရော့ပါတယ်၊ ရွှေမြင့်မိုရ်ပါတယ်၊ အောင်ဇေယျပါတယ် တော်တော်များများကုမ္ပဏီတွေ ပါကြပါတယ်။
ကြည်စိုးထွန်း ။ ။ အဓိကကတော့ စက်မှုကို ရှေ့တန်းတင်ပြီးတော့ ပြတဲ့သဘောပေါ့။ ဒါပေမယ့် လူတွေကတော့ ရုပ်ရှင်ဆိုတော့လည်း စိတ်ဝင်စားပြီးတော့ ကြည့်ကြတာ၊ အားပေးကြတာပေါ့။
ဦးခင်ဇော်။ ။ အဲဒီလို အားပေးတဲ့အတွက် ဒီစက်မှုလက်မှုပြပွဲကြီးဆိုတဲ့ နာမည်က မှိန်ကျန်ခဲ့ပြီးတော့ ရုပ်ရှင်က တက် လာခဲ့တယ်၊ ရုပ်ရှင်ငွေရတုသဘင်ပွဲဆိုပြီးတော့။
ကြည်စိုးထွန်း။ ။ ကျွန်တော်တို့ ရုပ်ရှင်ငွေရတုအချိန်မှာပဲ တိုက် တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံစက်မှုပြပွဲကြီး ဆိုပြီး ကျင်းပတဲ့နေရာမှာ ကျွန်တော်တို့ ရုပ်ရှင်ထဲက ပုဂ္ဂိုလ်တွေက ဘယ်လိုပါဝင်ပြီးတော့ ဆင်နွှဲခဲ့ကြ သလဲ။ ဘယ်လိုလုပ်ကြသလဲဆိုတာ ပြောပြပေးပါဦး ဆရာ။
ဦးခင်ဇော်။ ။ ကျွန်တော်တို့ဆီက ရုပ်ရှင်ပညာသည်ကြီးတွေပေါ့။ ဆရာကြီးတွေက ဒီဟာလေးကို မဖြစ်မနေ လုပ်ချင်တဲ့ဆန္ဒ ရှိပုံပေါက်တယ်။ သူတို့ဘုရင်ခံ အုပ်ချုပ်နေတဲ့ အချိန်ဖြစ်နေတော့ မလွတ် လပ်ဘူး။ မလွတ်လပ်တော့ သူတို့ပွဲကို လုပ် တယ်၊ ဒီကလည်း ငွေရတုလုပ်ချင်တယ်။ ငွေရတု (၂၅) နှစ်ကို လုပ်ချင်တော့ လူကြီးတွေ တိုင်ပင်ပြီးတော့ ရုပ်ရှင်နှင့် ပြဇာတ်အစည်း အရုံးဆိုပြီး ဖွဲ့စည်း လိုက်တယ်။ အဲဒီဖွဲ့စည်းတဲ့ အထဲမှာ လန်ဒန်အတ်ဦးအုန်းမောင်၊ ဗြိတိသျှဘားမား ဦးညွန့်၊ ပဲရော့ရုပ်ရှင် က ဦးဆန်နီ ဆိုတဲ့ ပုဂ္ဂိုလ်ကြီးသုံးယောက်ကို နာယကတွေအဖြစ် ထားပြီးတော့ ဥက္ကဋ္ဌက အေဝမ်းက ဦးတင်နွယ်၊ ဒုတိယဥက္ကဋ္ဌက ဦးချန်ထွန်း ဗြိတိသျှ ဘားမားက၊ အထွေထွေအတွင်းရေးမှူးက ဦးစိုးမောင် (ရွှေပြည်စိုး)၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးက ဦးလွန်းဖေ(ဆွေဗမာရုပ်ရှင်)၊ ငွေထိန်းက ဦးတင်မောင်၊ စာရင်းစစ်မှူးက ဦးသန်းဖေ (ရွှေမြင့်မိုရ်)တို့ ဖြစ်ကြပါတယ်။ အဲဒီလူတွေက အခုဆိုရင် တစ်ယောက်မှ မရှိတော့ဘူး။ တော်တော် စိတ်မကောင်းစရာ ပါ။ နောက် ကော်မတီလူကြီးတွေဆိုရင် ကျွန်တော်တို့ ရုပ်ရှင်လောကမှာရှိတဲ့ လူကြီးတွေအားလုံးလိုလို ပါတဲ့သဘော ရှိပါတယ်ခင်ဗျာ။ ဦးမောင်မောင်၊ ဦးငြိမ်း၊ ဦးဘဇင်။ ဦးဘဇင် ဆိုရင် ဒါရိုက်တာ။ နောက် ဒါရိုက်တာထဲကဆို ဆရာခန့်တို့၊ ဦးအောင် မြတ်တို့။ နောက်ပြီးတော့ ဦးညီပုပါတယ်၊ ဦးဘရင်၊ ဦးမောင်ကြီး၊ ဦးသိန်းမောင် (ကန်တော်မိတ်ရုပ်ရှင်) လည်း ပါပါတယ်။ ပြပွဲကြီးရဲ့ အလုပ်ကော်မတီဥက္ကဋ္ဌက ဦးချန်ထွန်း-(ဗြိတိသျှဘားမား)၊ အတွင်းရေးမှူးက ဦးသန်းဖေ(ရွှေမြင့်မိုရ်)၊ တွဲဖက်အထွေထွေအတွင်းရေးမှူးက ဦးမောင်မောင် (လန်ဒန်အတ်)၊ နောက်ပြီးတော့ ဦးခင်ဇော်။
ကြည်စိုးထွန်း ။ ။ ဪ ဒီဇူဇာ၊ ကိုကျော့မှူးရဲ့ အဖေပေါ့။
ဦးခင်ဇော်။ ။တွဲဖက်ကတော့ ဦးမြင့်၊ သူတို့ လုပ်ကြတာပါ။ သူတို့လုပ်ကြတာက ပြပွဲပြိုင်ပွဲမှာဆိုလို့ ရှိရင် အပြင်လောကမှာ မရှိတဲ့ဟာတွေ၊ ရုပ်ရှင်လုပ်ငန်းနဲ့ ပတ်သက်တဲ့ဟာတွေ၊ နောက်ပြီးတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ဟာ၊ ပညာရေးနဲ့ ပတ်သက်တဲ့ဟာ၊ လူထုဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ဟာတွေ အကုန်လုံး သူ့အခန်းနဲ့သူ့ကဏ္ဍနဲ့ အလုပ်လုပ်တာ။ ဆိုလိုတာက အင်မတန်မှ ကျေးဇူး တင်စရာ ကောင်းပါတယ်။ ဒီပုဂ္ဂိုလ် မျိုးကြီးတွေက သတင်းနှင့်ဖြန့်ချိရေးဌာနကနေ ပြပွဲတွေ အဲဒီလိုမျိုး ဟာတွေကအစ။
ကြည်စိုးထွန်း။ ။တော်တော် ကျကျနနလုပ်တာပေါ့နော်။ မြန်မာတွေဟာ ဘယ်လောက်လုပ်နိုင်သလဲ ဆိုတာကို အင်္ဂလိပ်လက်အောက်မှာ ရှိနေတုန်း ဒီပွဲကြီးကို ရအောင်ကျင်းပခဲ့တာ။ အဲဒီတော့ တစ်ခါမှ မပြုပြင်ဖူးတဲ့ ရွှေတိဂုံ အနောက်ဘက်မုခ်က မြေကွက်လပ်ကြီးကို ရှင်းတာပေါ့နော်။ ရက် ၂၀ လောက် ရှင်းယူ ရတယ်ပြောတယ်။ ရှင်းပြီးတော့ ခုနက ဆရာပြောတဲ့ စက်မှုပြခန်းတွေ သူတို့က ထားတာ။ ဒါပေမယ့် အဓိက ဦးဆောင်သွားတာက ဒီရုပ်ရှင်လောကက လူကြီးတွေက ဦးဆောင်သွားတယ်။ ၁၉၄၇ ခုနှစ် မတ်လ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကျင်းပတဲ့အခါ မတ်လ ၁ ရက်နေ့မှာ ဖွင့်ပွဲလုပ်တယ် ။ ဖွင့်ပွဲလုပ်တော့ ကျွန်တော်တို့ဆီက ရုပ်ရှင်ထဲက လူကြီးတွေက စောင့်နေတယ်တဲ့။ ဒီထဲမှာ ရေးတယ် ဆရာ။ နံနက် ၈ နာရီတွင် ရုပ်ရှင်နှင့် ပြဇာတ် အစည်းအရုံးကြီးနာယကနှင့် အဖွဲ့ဝင် ဝန်ကြီးများက တင်ကြိုရောက်ရှိနေပြီး ၈ နာရီခွဲအချိန်တွင် ပြန်ကြားရေးဌာန ဝန်ကြီး ဒီးဒုတ်ဦးဘချို ရောက်လာသည်။ နောက် ၈ နာရီ ၄၅ မိနစ်တွင် ဗိုလ်ချုပ် အောင်ဆန်းရောက်လာသည်တဲ့။ နောက် ၉ နာရီတိတိအချိန်တွင် ဘုရင်ခံ ဆာဟူး ဘတ်ရန့်စ် ရောက်လာ၍ ဗိုလ်ချုပ်အောင်ဆန်းက လူကြီးများနှင့် မိတ်ဆက်ပေးပြီး ပြခန်းအလယ်ကောင်ရှိ စင်မြင့်ပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်တဲ့။
ကြည်စိုးထွန်း။ ။နောက်တစ်ခု ကောင်းတာက စစ်ပြီးကာလ ၁၉၄၅ ခုနှစ် ဩဂုတ်လနောက်ပိုင်းတုန်းက နေသူ ရိန်အစည်းအဝေးကြီးပြီးချိန်တွင် သခင်နု၊ ဒီးဒုတ်ဦးဘချို၊ သခင်ဝတင်တို့က မြန်မာ နိုင်ငံတွင် ရုပ်ရှင်အစည်းအရုံးကြီးရှိသင့် ကြောင်း တိုက်တွန်းအကြံဉာဏ်ပေးချက်ရှိသည်တဲ့။ တစ်ဖန် ဗိုလ်ချုပ်အောင်ဆန်းက တိုက်တွန်းသဖြင့် ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးကြီးကို တည်ထောင်ခဲ့ သည်ဟု ဆိုသည်တဲ့။ ပထမ ရုပ်ရှင်နှင့်ပြဇာတ်အစည်းအရုံး နေရာမှာ ကန်တော်ကြီးစောင်း မြိုင်ရုံအနီး တွင်ဖြစ်ပြီး နောက်တွင် ကန်တော်မိတ်နေရာသို့ ရွှေ့ပြောင်းခဲ့သည်တဲ့။ ယခုရုပ်ရှင်ကောင်စီ ရုပ်ရှင် အစည်းအရုံးပေါ့ဆရာ။ တူတူပဲပေါ့။ တည်ရှိသောအဆောက်အဦကိုမူ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံ ရပြီးနောက် ဈာပန အခမ်းအနား သတင်းကားကို ရိုက်ကူးရုံတင် ပြသခဲ့ရာမှ ရသောငွေများဖြင့် ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးကြီးက ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။ ဒါကတော့ သွေးသောက် မဂ္ဂဇင်းထဲမှာ ကျွန်တော်တွေ့တာဆရာ။ ဆောင်းပါးရှင်က နဂါးနိုင်တဲ့။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကွဲလွဲချက်တွေရှိရင် ဒါမှမဟုတ် ဖြည့်စွက်ချက်ရှိရင် ပြောပါဦးဆရာ။
ဦးခင်ဇော်။ ။ကောင်းပါတယ် သူရေးထားတာ။ အဲဒီတော့ မြန်မာလူမျိုးတွေရဲ့ အသွင်သရုပ်လည်းဖြစ်တဲ့ လယ်ယာ စိုက်ပျိုးရေးကို အစိုးရက စိုက်ပျိုးရေးဌာနကနေပြီးတော့ တာဝန်ယူပြီး ပြင်ဆင်ပေးတယ်။ အဲဒီပညာရပ်တွေထဲက သူကျွမ်းကျင်တာသူယူ၊ ကိုယ်ကျွမ်းကျင်တာကိုယ်ယူဆိုပြီး အကုန်လုံးက သူတို့ဘာသာသူတို့ လုပ်သွားတဲ့အတွက် ဒီပြပွဲကြီးက သိပ်အောင်မြင်သွားတယ်။ ကြည့်ချင်တာမှန်သမျှ အကုန်ရှိတယ်။ ဥပမာ ပြပွဲကြီးမှာ အငြိမ့်ရှိတယ်၊ ဇာတ်ရှိတယ်၊ လက်ဝှေ့ရှိတယ်၊ နပန်းရှိတယ်။ ပြဇာတ် ကဇာတ်၊ မျက်လှည့် အဲဒီဟာတွေအကုန်လုံး ရှိတယ်။ ကျွန်တော်တို့ ဖတ်သွားတော့တာ မြန်တယ်။ တစ်ခန်းတစ်ခန်းကို သူ့အခန်း ကဏ္ဍနဲ့သူ လုပ်ထားတော့ တကယ့်အများကြီး ပဲ။ ဆိုတော့ လူကြီးတွေရဲ့ ရည်မှန်းချက် အောင်မြင်သွားတာပေါ့ဗျာ။ သူကထင်ပေါ်ချင်တယ်။ ထင်ပေါ်ချင်တာက အဖွဲ့အစည်း နော်၊ ပုဂ္ဂိုလ်ရေးတစ်ယောက်တည်း ထင်ပေါ်ချင်တာမဟုတ်ဘူး။ ငါတို့အဖွဲ့အစည်းကြီးက လုပ်လိုက် တာ ဒီလိုကောင်းတယ်။ နောက်ပြီးတော့ ရုပ်ရှင်ကိုလည်း ခဲခဲယဉ်းယဉ်းနဲ့ ဒီစက်တွေ ဘာတွေတောင် မမြင်ဖူးဘဲနဲ့ ကားကူး ကားဆေးစက်ကို ဘယ်လိုလုပ်ခဲ့ရတယ်။ ဖလင်တွေကိုမှ တစ်ခါတည်း ဟိုဟာကြီးနဲ့ ပတ်ခဲ့ရတာ။
ကြည်စိုးထွန်း။ ။ရစ်ဘီးကြီးနဲ့။
ဦးခင်ဇော်။ ။အခြောက်လှန်းပြီးတော့ အဲဒီလိုလုပ်ခဲ့ရတာ မြင်သွားစေချင်တယ်။ ဘာမှမရှိလည်း တို့လုပ်လို့ရတယ်ကွာ။ အဲဒီလိုမျိုးပေါ့လေ။ ဂုဏ်ယူစရာ သိပ်ကောင်းတာက ဒီလူကြီးတွေရဲ့ကျေးဇူးပေါ့။
ကြည်စိုးထွန်း။ ။မှန်ပါတယ်ဆရာ။ မလွတ်လပ်သေးဘူးလေဆရာ။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလမှ ကျွန်တော်တို့က လွတ်လပ်မှာကိုး။ အခုက ၁၉၄၇ ခုနှစ် မတ်လဆိုတော့ ကျွန်ဘဝမှာပဲ ကျွန်တော်တို့က အဘက်ဘက် အစွမ်းအစရှိတယ်ဆိုတာ ပြတဲ့ပွဲလို့ နာမည်တပ်ရင်တောင်ရမယ်နော် ဆရာ။
ဦးခင်ဇော်။ ။ရတာပေါ့။
ကြည်စိုးထွန်း။ ။ ရွှေတိဂုံဘုရားအနောက်မုခ်မှာ သူတို့ပြတဲ့ပွဲကြီးက ခုနကပြောသလို လယ်ယာ စိုက်ပျိုးရေးရော၊ နောက်ပွဲလမ်းသဘင်တွေရော၊ ကျွန်တော်တို့ ရုပ်ရှင်ဘက်ကရော ရုပ်ရှင်စက်တွေ ပြတယ်ဆိုတော့ တစ်ခါတည်းကို ကြိတ်ကြိတ်တိုးစည်ကားပြီးတော့ အောင်မြင်တာပေါ့နော်။ အဲဒီရဲ့ အမွေက ကျွန်တော်တို့ ဘာရသွားသလဲဆိုတော့ ပြဇာတ်နှင့် ရုပ်ရှင်အစည်းအရုံးကြီးဆိုပြီးတော့ ဖြစ်သွားတာပေါ့။ ပြဇာတ်နှင့် ရုပ်ရှင်အစည်းအရုံးကြီး ဆိုပြီးတော့ ဖြစ်တာက ဆရာ ပြဇာတ်က ဘယ်လိုပါလာလဲဆရာ။
ဦးခင်ဇော်။ ။ပြဇာတ်ကဘယ်လိုပါလာလဲဆိုတော့ ရုပ်ရှင်ကခေတ် ကူးပြောင်းတဲ့ အချိန်ကာလ။
ကြည်စိုးထွန်း။ ။စစ်ဖြစ်တဲ့ခေတ်မှာ။
ဦးခင်ဇော်။ ။အဲဒီလို ဖြစ်နေတာကတစ်ကြောင်း စစ်ဖြစ်နေတော့ ရုပ်ရှင်ကို မရိုက်နိုင်ကြဘူး။ စားဝတ်နေ ရေးအတွက်ဆိုပြီးတော့ ပြဇာတ် လိုက်ကကြ တယ်။ ပြဇာတ်လိုက်ကကြတော့ အဲဒီမှာ မြိုင်ရုံတို့ ဘာတို့ အကုန်လုံးပေါ်လာကြတာပေါ့လေ။ ပြဇာတ်ကိုပဲ အားလုံးစိတ်ထက်သန် ပြီးတော့ ဒါကိုပဲကြည့်နေ တယ်။ ပြဇာတ် မင်းသား တက္ကသိုလ်မျိုးချစ်တို့။
ကြည်စိုးထွန်း။ ။ ဦးကျော်အေးတို့၊ ဖိုးပါကြီး၊ ဖိုးပါလေး၊ ချစ်မောင်၊ ကြယ်နီ၊ စိန်ခင်။
ဦးခင်ဇော်။ ။ ကိုသန်းနွဲ့တို့ဆိုလို့ရှိရင် ဒါရိုက်တာရော၊ မင်းသားရော တကယ့်သူ့ခေတ်တုန်းကလည်း သူတော် တော်ကောင်းတာပဲ။
(ဆက်လက်ဖော်ပြပါမည်)