ဒီဇင်ဘာကျောင်းပိတ်ရက်တွင် မွန်ပြည်နယ် စက်စဲကမ်း‌ခြေ၌ အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိ


Ministry of Information/ ​နေပြည်တော် / December 25, 2019
image_latest


စက်စဲ ဒီဇင်ဘာ ၂၅

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စက်စဲကျေးရွာ ကမ်းခြေ၌ ဒီဇင်ဘာကျောင်းပိတ်ရက်များတွင် နိုင်ငံအနှံ့မှ ခရီးသွားပြည်သူများဖြင့် ဒီဇင်ဘာ ၂၅ ရက်က စည်ကားလျက်ရှိသည်။

အဆိုပါကမ်းခြေတွင် ဘောကွင်းများဖြင့် ရေကစားသူများ၊ နှစ်ယောက်တွဲစက်ဘီးစီးသူများ၊ အားကစားလုပ်သူများ၊ ဘောလုံးကန်သူများ၊ ခြင်းခတ်သူများဖြင့် ပျော်ရွှင်စွာ ဆော့ကစားလျက် ဒီဇင်ဘာကျောင်းပိတ်ရက်များကို အကျိုးရှိရှိ အပန်းဖြေလျက်ရှိကြသည်။

မြစ်ကြီးနားမြို့မှ ကိုစိန်၀င်းက “ကျွန်တော် ကျိုက်ထီးရိုးဘုရားကို လာရောက်ဖူးမြော်တာပါ။ ကလေးတွေကျောင်းပိတ်တော့ ရက်ရှည်ခရီးထွက်လာရင်း တစ်ဆက်တည်း စက်စဲကမ်းခြေကို အပန်းဖြေသွားမယ်ဆိုပြီး မိသားစုရယ်၊ တပည့်တွေရယ်နဲ့ ရောက်လာတာပါ။ တကယ်ကို ပျော်ဖို့ကောင်းပါတယ်။ ကျွန်တော့်ကလေးတွေဆို ပင်လယ်ရေကစားရတာ မ၀လို့ဆိုပြီးပြောပြတယ်” ဟု ပြောသည်။

နေပြည်တော်နေသူ မနွဲ့မွန်က “ကျွန်မက ၀န်ထမ်းပါ။ ဒီဇင်ဘာကျောင်းပိတ်ရက်မှာ ဌာနက ကျိုက်ခမီ၊ စက်စဲဘုရားဖူးရင်း အပန်းဖြေခရီးပို့ပေးတဲ့အတွက် ဘုရားဖူးလာတာပါ။ ပင်လယ်ရေမှာ ဘောကွင်းနဲ့ရေကူးရတာ ပထမဆုံးအကြိမ်ပါ။ အရမ်းပျော်ပါတယ်။ ဌာနကိုလည်း လိုက်ပို့ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်”ဟု ပြောသည်။

စက်စဲကမ်းခြေတွင် ဘောကွင်းငှားသူ ကိုဖြိုးမင်းထက်က “ကျွန်တော်တို့လို ဘောကွင်းငှားတဲ့သူက ၇ ဦးလောက်ရှိပါတယ်။ ဘောကွင်းတစ်ကွင်းကို တစ်ထောင်နဲ့ တစ်နေ့လုံးငှားပေးပါတယ်။ လာရောက်ရေကစားသူ များလွန်းတော့ လက်မလည်အောင်ပါပဲ”ဟု ပြောသည်။

ဒီဇင်ဘာခရီးသွားလတွင် တည်းခိုနေထိုင်စရာအနည်းငယ် အခက်အခဲနှင့် ကြုံရသော်လည်း စားသောက်စရိတ်မှာ ပုံမှန်ဈေးဖြင့်သာ ရောင်းချလျက်ရှိ၍ ၀ယ်ယူစားသုံးရသည်မှာ အဆင်ပြေကြောင်း ခရီးသွားသူတစ်ဦးထံမှ သိရသည်။

ဟိန်းထက်ဇော်(မြန်မာ့အလင်း)၊ ဓာတ်ပုံ-နန်းမွန်ဟိန်း

Ref : Myanmar Digital News