ဒုတိယသမ္မတ ဦးမြင့်ဆွေ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ (၁၂)ကြိမ်မြောက် အစည်းအဝေးနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု တိုးတက်ရေးလုပ်ငန်းအဖွဲ့ တို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


Ministry of Information/ ​နေပြည်တော် / February 07, 2020
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၇

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ (၁၂)ကြိမ်မြောက် အစည်းအဝေးနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု တိုးတက်ရေးလုပ်ငန်း အဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ကော်မတီအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးသန့်စင်မောင်နှင့် ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာမင်းရဲပိုင်ဟိန်းနှင့် ဦးအောင်ထူး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ လုပ်ငန်းကော်မတီ(၅)ခုမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်း များလုပ်ကိုင်ရန် လွယ်ကူမှု တိုးတက်ရေးလုပ်ငန်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ်သူ များအသင်းဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၏ အစည်းအဝေးနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု တိုးတက်ရေးလုပ်ငန်းအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးဖြစ်ပါကြောင်း၊ ပုဂ္ဂလိကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးမူဘောင်ပါ ကိစ္စရပ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက် ပုဂ္ဂလိကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို နိုင်ငံတော်သမ္မတရုံးက ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် လုပ်ငန်းတာဝန်(၅)ရပ်ချမှတ်ကာ အဖွဲ့ဝင်(၂၀)ဖြင့် ဖွဲ့စည်းခဲ့ပြီး ယခုအခါ သက်တမ်းအားဖြင့် (၃)နှစ်သုံးလကျော်ခဲ့ပြီး ဖြစ်ပါကြောင်း၊ “ပုဂ္ဂလိကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်(၅)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီ (၅)ခုကို ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက ရှိပါကြောင်း။

“ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ” ၏ ပထမအကြိမ် အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး ပထမအကြိမ်မှ (၁၁) ကြိမ်မြောက် အစည်းအဝေးအထိ ချမှတ်ခဲ့သည့်  အစည်းအဝေးဆုံးဖြတ်ချက်ပေါင်း (၉၆)ချက်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု (၇၉)ချက်နှင့် ဆောင်ရွက်ဆဲ(၁၇)ချက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဆောင်ရွက်ဆဲ(၁၇)ချက်ကိုလည်း အမြန်ပြီးပြတ်အောင် အချိန်ကာလသတ်မှတ်ပြီး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း။

ထို့ပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြု နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပုံမှန်တွေ့ဆုံပြီး လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ အထိ တွေ့ဆုံပွဲ (၃၁)ကြိမ်ဆောင်ရွက်ခဲ့ရာ စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲ အကြံပြုတင်ပြချက် စုစုပေါင်း (၃၆၉)ချက် ရှိခဲ့ပါကြောင်း၊ အဆိုပါတင်ပြချက်အားလုံးကို သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်များထံသို့ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်’’ မှတစ်ဆင့် အကြောင်းပြန်ကြား ပေးခဲ့ပြီး ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ခိုင်မာသည့်စီးပွားရေးအခြေခံကို တည်ဆောက်နိုင်ရန်အတွက် အရှေ့ တောင်အာရှ၊ တောင်အာရှနိုင်ငံများနှင့် ဒေသတွင်းစီးပွားရေးများကို တိုးမြှင့်ဆောင်ရွက် နိုင်ရန် လိုအပ်သကဲ့သို့ ကမ္ဘာ့စီးပွားရေးများကိုလည်း ချိတ်ဆက်ဆောင်ရွက်သွားရန် လိုအပ် ပါကြောင်း၊ မိမိတို့နိုင်ငံတွင်  ပြည်တွင်းလုပ်ငန်းရှင်များ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် လွယ်ကူမှုရှိစေရန် လိုအပ်သကဲ့သို့ ပြည်ပမှလာရောက် ရင်းနှီးမြှုပ်နှံသူ များအတွက်လည်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် လွယ်ကူစေရန် စီစဉ်ပေးမှုသည် အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ရန် လွယ်ကူချောမွေ့ရေးသည် စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်ပြီး စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူလာပါက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများလည်း ပိုမိုတိုးတက်လာမည် ဖြစ်ပါကြောင်း။

ထို့ကြောင့် မိမိတို့ကော်မတီအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် လွယ်ကူမှုအဆင့်များ တိုးတက်လာစေရေးအတွက် ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းပြီး လိုအပ်သည်များ အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက် ဆောင်ရွက်နိုင်ရန်အတွက် “စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု (Ease of Doing Business) တိုးတက်ရေးလုပ်ငန်းအဖွဲ့” ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး ဦးဆောင်၍ (၁၄) ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် တစ်စိုက်မတ်မတ် ဆောင်ရွက်စေခဲ့ပါကြောင်း၊ အဆိုပါအဖွဲ့၏ လုပ်ငန်း တာဝန်များကို အချိန်နှင့်တစ်ပြေးညီ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ညွှန်းကိန်းများအလိုက် အထောက်အကူပြု အဖွဲ့(၁၀)ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ယခုအခါ လုပ်ငန်းလိုအပ်ချက်အရ အလုပ်သမားခန့်ထားခြင်း စည်းမျဉ်းစည်းကမ်းများ အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြုအဖွဲ့ကိုလည်း ထပ်မံဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း။

ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည့် နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု အစီရင်ခံစာ ၂၀၂၀(Doing Business Report 2020)တွင် မြန်မာနိုင်ငံအနေဖြင့် “စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူအောင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာ၌ တိုးတက်မှုအကောင်းဆုံးနိုင်ငံ(၂၀)” တွင် ပါဝင်ခဲ့ပြီး နိုင်ငံပေါင်း(၁၉၀)တွင် အဆင့်(၁၆၅) ဆင့်သို့ ရောက်ရှိခဲ့ပါကြောင်း၊ ယခင်နှစ်ရရှိသည့် အဆင့်(၁၇၁)ဆင့်မှ အဆင့်(၆)ဆင့် တိုးတက်လာ သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ ပူးပေါင်းကြိုးပမ်းမှု များသည် အတိုင်းအတာတစ်ခုအထိ တိုးတက်မှုရှိလာပြီဟု ပြော၍ရပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအနေဖြင့်  တစ်နှစ်ထက်တစ်နှစ် အဆင့်နှင့်ရမှတ်များ တိုးတက်လာအောင် အရှိန်အဟုန်ဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း။

ယခင်နှစ်က ထုတ်ပြန်ခဲ့သည် “ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု အစီရင်ခံစာ ၂၀၂၀”တွင် မြန်မာနိုင်ငံ၏ ညွှန်းကိန်းများအလိုက် လုပ်ငန်းနယ်ပယ်(၁၀)ခု၏ အဆင့်နှင့် ရမှတ်များကို ပြန်လည်သုံးသပ်ကြည့်ပါက ယခင်နှစ်ထက် အဆင့်နှင့်ရမှတ် တိုးတက်လာသည့် နယ်ပယ် (၅)ခု ရှိသည်ကိုတွေ့ရပါကြောင်း၊ ၎င်းတို့မှာ  “စီးပွားရေးလုပ် ငန်းတစ်ခု စတင်ခြင်း၊  “ဆောက်လုပ်ခွင့်ရယူခြင်း” ၊ “ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်း’’ ၊ “အနည်းစု ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်း’’နှင့် “ပဋိဉာဉ်များ အတည်ပြုဆောင်ရွက်ခြင်း”တို့ဖြစ်ပါကြောင်း၊ ယခင်နှစ်အတိုင်းအဆင့်နှင့် ရမှတ်တူဖြစ်နေသည့် နယ်ပယ်(၂)ခု ရှိသည်ကိုတွေ့ရပြီး ၎င်းတို့မှာ “ပြည်ပကုန်သွယ်မှု”နှင့် “အကြွေးမပေးဆပ်နိုင်မှု အခြေအနေကို ဖြေရှင်းပေးနိုင်မှု" တို့ဖြစ်ပါကြောင်း၊ ယခင်နှစ်ထက် အဆင့်လျော့ကျခဲ့သည့် နယ်ပယ် (၃)ခုရှိပြီး ၎င်းတို့မှာ “ချေးငွေရရှိနိုင်မှု”၊ “အခွန်ပေးဆောင်မှု”နှင့် “လျှပ်စစ်ဓာတ်အား ရရှိနိုင်မှု” တို့ဖြစ်ပါ ကြောင်း။

ထို့ကြောင့် “အဆင့်တိုးတက်ခဲ့သည့် နယ်ပယ်(၅)ခု”အနေဖြင့် လာမည့်နှစ်တွင် ယခုထက် ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်သလို “အဆင့်တိုးတက်မှုမရှိသည့် နယ်ပယ်(၂)ခု”နှင့် “အဆင့်လျော့ကျသွားသည့် နယ်ပယ်(၃)ခု”တို့ အနေဖြင့်လည်း အဆင့်နှင့်ရမှတ်များ ပိုမိုတိုးတက် ရရှိရေးအတွက် ကျန်ရှိသည့်(၂)လကျော် ကာလအတွင်းမှာ အင်တိုက်အားတိုက်နှင့် တစ်စိုက်မတ်မတ် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း။

ကမ္ဘာ့ဘဏ်အုပ်စု(International Finance Corporation – IFC )က “ မြန်မာ့စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု လုပ်ငန်းစီမံချက် ၂၀၂၀”ကို “ကာလတို” ၊ “ကာလလတ်” ၊   “ကာလရှည်” သတ်မှတ်ကာ ရေးဆွဲပေးပို့လာပါကြောင်း၊ အဆိုပါ ရေးဆွဲပေးပို့လာသည့် စီမံချက်များအပေါ် သက်ဆိုင်ရာ ညွန်းကိန်းနယ်ပယ်အဖွဲ့များက ဆောင်ရွက်နိုင်မည့် အခြေအနေများကို ပြင်ဆင်ဖြည့်စွက်ခဲ့ရာ စုစုပေါင်း(၈၁)ချက်ရရှိခဲ့ပါကြောင်း၊ အဆိုပါ အချက် (၈၁)ချက်ကို ကာလတို၊ ကာလလတ်၊ ကာလရှည်ခွဲ၍ သတ်မှတ်ခဲ့ရာ “ကာလတို” ဆောင်ရွက်ရမည့် အချက်(၁၉)ချက်၊ “ကာလလတ်” ဆောင်ရွက်ရမည့် အချက်(၂၃) ချက်နှင့် “ကာလရှည်” ဆောင်ရွက်ရမည့် အချက်(၃၉)ချက်တို့ ဖြစ်ပါကြောင်း၊ အဆိုပါဆောင်ရွက် ရမည့်အချက် (၈၁)ချက်ကို သတ်မှတ်ကာလအတွင်း အမြန်ပြီးစီးရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ အချင်းချင်းပေါင်းစပ်ညှိနှိုင်းကာ အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက် သွားကြရန် ပြောကြားလိုပါကြောင်း။

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် လွယ်ကူချောမွေ့စေရေးအတွက် လုပ်ငန်းစဉ်များ လျှော့ချနေချိန်မှာ e-Government စနစ်ကို အမြန်ဆောင်ရွက်နိုင်လျှင် အချိန်ကြာမြင့်မှုကို လျှော့ချနိုင်မှာဖြစ်သည့်အပြင် လုပ်ငန်းများလွယ်ကူချောမွေ့လာမှာဖြစ်၍ အဆင့်များစွာ တိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဥပဒေ၊ နည်းဥပဒေနှင့် ပတ်သက်၍ လည်း Insolvency Law ကို လွှတ်တော်မှာ တင်ပြထားပြီး Secured Transaction Law ကိုလည်း စတင်ပြုစုနေပြီ ဖြစ်ပါကြောင်း၊ ထိုဥပဒေများနှင့် Credit Bureau လုပ်ငန်းစဉ်တို့ကို အမြန်ဆောင်ရွက်နိုင်မည်ဆိုလျှင် ရမှတ်များစွာ တိုးတက်လာ မည် ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန်လွယ်ကူမှုအဆင့် တိုးတက်ရေးကို နိုင်ငံပေါင်း(၁၉၀)နှင့် ယှဉ်ပြိုင်ရတာဖြစ်သည့်အတွက် စီးပွားရေး ဝန်းကျင် တိုးတက်ကောင်းမွန်ရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်သည့်အခါတွင် လက်ရှိနှုန်းထက် အဆပေါင်းများစွာ ကြိုးစားဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနဆိုင်ရာများ အနေဖြင့်လည်း မိမိတို့ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများကို အများပြည်သူ သိရှိအောင် Public Awareness ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ သို့မှသာ အများပြည်သူသိရှိပြီး မှန်ကန်သည့်အဖြေကို ဖြေဆိုနိုင်ကာရမှတ်များစွာ တိုးတက်လာမည် ဖြစ်ပါကြောင်း၊ ကမ္ဘာ့ဘဏ်၏ စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုကြသည့်အခါတွင် ဌာနဆိုင်ရာ ကဖြေဆိုမှုထက် ပုဂ္ဂလိကကဏ္ဍက ဖြေဆိုသည့် လက်တွေ့အခြေအနေများကို အစီရင်ခံစာတွင် ထည့်သွင်းတွက်ချက်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေနှင့် ဌာနဆိုင်ရာများက ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများကိုသိရှိပြီး စစ်တမ်းမေးခွန်း လွှာများကို မှန်မှန်ကန်ကန်ဖြေဆို နိုင်ရန်အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန်နှင့် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်” ကလည်း လိုအပ်သည့် ပံ့ပိုးချိတ်ဆက်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများကို ကူညီဆောင်ရွက် ပေးသွားရန် မေတ္တာရပ်ခံ ပြောကြားလိုပါကြောင်း။

စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန်လွယ်ကူမှုအဆင့် တိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်က ထုတ်ပြန် မည့် Doing Business 2021 Report တွင် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလကုန်အထိ ဆောင်ရွက်ချက်များကိုသာ ထည့်သွင်းစဉ်းစားပြီး အမှတ်ပေးသွားမည်ဖြစ်သည့်အတွက် ကျန်ရှိသည့် (၂) လကျော်ကာလအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ အနေဖြင့် ယခင်နှစ် အတွေ့အကြုံများအပေါ် အခြေခံပြီး မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ချိန်အတွင်းပြီးစီးရေး ရည်မှန်းချက်ထားကာ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်သွားကြစေလိုပါကြောင်း၊ ယနေ့အစည်းအဝေးသို့ တက်ရောက် လာကြသည့် တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု တိုးတက်ရေးတို့အတွက် ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် လွယ်ကူမှုတိုးတက်ရေးလုပ်ငန်း အဖွဲ့ခေါင်းဆောင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က ကမ္ဘာ့ဘဏ်အုပ်စု (International Finance Corporation- IFC)က “မြန်မာ့စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် လွယ်ကူမှုလုပ်ငန်းစီမံချက် ၂၀၂၀” ကို ရေးဆွဲပေးပို့လာသည့် အပေါ် ဆက်လက်ဆောင်ရွက်နေမှု အခြေအနေများ၊ Ease of Doing Business Ranking တိုးတက်ရေးအတွက် ညွှန်းကိန်းနယ်ပယ်အလိုက် ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က “စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်းဆိုင်ရာ အထောက်အကူပြုအဖွဲ့”နှင့် “အနည်းစုရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်း အထောက်အကူပြုအဖွဲ့”တို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်တီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက “အဆောက်အအုံဆောက်လုပ်ခွင့် ရယူခြင်းဆိုင်ရာ အထောက်အကူပြု အဖွဲ့”နှင့် စပ်လျဉ်း၍လည်းကောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင်က “လျှပ်စစ်ဓာတ်အားရရှိနိုင်မှုဆိုင်ရာ အထောက်အကူပြုအဖွဲ့” နှင့်စပ်လျဉ်း၍လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက “ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်းဆိုင်ရာ အထောက်အကူပြုအဖွဲ့” နှင့်စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲအောင်က “ချေးငွေ ရရှိနိုင်မှုဆိုင်ရာ အထောက်အကူပြုအဖွဲ့”နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာကြည်ညွန့်က “အခွန်ပေးဆောင်မှုဆိုင်ရာ အထောက်အကူပြုအဖွဲ့”နှင့်စပ်လျဉ်း၍လည်းကောင်း၊  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုလေးက “ပြည်ပကုန်သွယ်မှုဆိုင်ရာ အထောက်အကူပြုအဖွဲ့” နှင့်စပ်လျဉ်း၍လည်းကောင်း၊  ပြည်ထောင်စု တရားလွှတ်တော်ချုပ် ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက “ စာချုပ်စာတမ်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ အထောက် အကူပြုအဖွဲ့’’ နှင့် “အကြွေးပေးချေနိုင်မှုဆိုင်ရာ အထောက်အကူပြုအဖွဲ့” တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အထောက်အကူပြုအဖွဲ့များအလိုက် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ တွေ့ကြုံရသည့်အခက်အခဲများ၊ ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများနှင့် လိုအပ်သည့် အကြံပြုချက်များကို  ရှင်းလင်းတင်ပြကြ သည်။

ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်တို့က သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက်  ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု အဆင့်တိုးတက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ သတ်မှတ်ထားသည့်ကာလအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်သည့် အကြံပြုချက်များကို ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် မြန်မာ့ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ်(UMFCCI)မှ အလုပ်အမှုဆောင် ဦးဇေယျသူရမွန်တို့က ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ရန် လွယ်ကူမှုတိုးတက်ရေးတို့အတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး ဦးအောင်စိုးက ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးကော်မတီ၏ (၁၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များကို တင်ပြပြီး အစည်းအဝေးဆုံးဖြတ်ချက်ပေါင်း (၁၄)ချက်ကို အတည်ပြုချမှတ်ခဲ့သည်။

ယင်းနောက် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

( သတင်းစဉ် )