ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ
Ministry of Information/ နေပြည်တော် / July 27, 2020
နေပြည်တော် ဇူလိုင် ၂၇
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ငါးရာကျပ်တန် ပုံစံသစ်ငွေစက္ကူ ထုတ်ဝေခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍ မြန်မာန်နိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း က ရှင်းလင်းတင်ပြရာတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန် ပုံစံသစ်ငွေစက္ကူ ထုတ်ဝေရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ သဘောတူ အတည်ပြုချက်ရယူဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန်ပုံစံသစ် ငွေစက္ကူကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၉ ရက်တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါကြောင်း။
သို့သော် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၉ ရက်သည် အစိုးရရုံးပိတ်ရက်ဖြစ်သည့်အတွက် ရုံးဖွင့်ရက်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၁ ရက်တွင် ပြည်သူများထံသို့ ဖြန့်ဝေခဲ့ပြီး ဖြစ်ပါကြောင်း၊ လက်ရှိသုံးစွဲလျက်ရှိသည့် ငါးရာကျပ်တန်ငွေစက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၆၆ တွင် ဗဟိုဘဏ်သည် မည်သည့် ငွေစက္ကူအမျိုး အစားကိုမဆို ပြောင်းလဲသုံးစွဲရန် လိုအပ်ပါက အစိုးရအဖွဲ့၏သဘော တူညီချက်ဖြင့် ဆောင်ရွက်နိုင်သည်။ ယင်းဆောင်ရွက်ချက် အခြေအနေကို အနီးစပ်ဆုံးကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက် ရယူရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေစက္ကူ၏ မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနှင့် ကျောဘက်တွင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ် အဆောက်အဦပုံ ရိုက်နှိပ်ထားသည့် ငါးရာကျပ်တန်ငွေစက္ကူ ပုံစံသစ် ထုတ်ဝေခဲ့မှုအား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုမှတ်တမ်းတင်ပေးနိုင်ပါရန် တင်ပြ အပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ယင်းကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောတူသည့်အတွက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံဖြင့် ငါးရာကျပ်တန် ပုံစံသစ် ငွေစက္ကူထုတ်ဝေမှုကို လွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အီလက်ထရောနစ် စာပို့စနစ်နှင့် ဒီဂျစ်တယ်သက်သေခံဆိုင်ရာ အခြေခံအဆောက်အဦစနစ် စီမံကိန်းဆောင်ရွက်ရန် ဩစတြီးယားနိုင်ငံ Unicredit Bank ထံမှ ထောက်ပံ့ငွေ ယူရို ၀ ဒသမ ၈၆၁ သန်းနှင့် အတိုးမဲ့ချေးငွေယူရို ၄ ဒသမ ၈၇၆ သန်းရယူနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မာင်ဝင်းတို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။
ဒုတိယဝန်ကြီး ဦးသာဦး က အီလက်ထရောနစ် စာပို့စနစ် တည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍ အစိုးရဌာနအဖွဲ့အစည်းများတွင် အရေးကြီးကိစ္စရပ်များကို ပိုမိုလုံခြုံမှုရှိသော နိုင်ငံပိုင် အီလက်ထရောနစ် စာပို့စနစ် (အီးမေးလ်) အသုံးပြု၍ ပြည်တွင်း / ပြည်ပ လွယ်ကူလျင်မြန်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေး အဆင့်မြှင့်တင် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ အစိုးရဌာနအဖွဲ့အစည်းများအနေဖြင့် အခမဲ့အသုံးပြုနိုင်သည့် အီးမေးလ် (Free Email)များကို အသုံးမပြုတော့ဘဲ ကိုယ်ပိုင် Domain ဖြင့် တည်ဆောက်ထားသော အီးမေးလ်များကို လုံခြုံမှုနှင့် Storage အပါအဝင် အခြားစွမ်းဆောင်ရည်များကို အဆင့်တိုးမြှင့် ဆောင်ရွက်ခြင်းဖြင့် gov.mm သို့မဟုတ် သက်ဆိုင်ရာအဖွဲ့အစည်း domain အမည်ဖြင့် ဂုဏ်သိက္ခာရှိရှိအသုံးပြုနိုင်မည် ဖြစ်ပါကြောင်း။
ဒီဂျစ်တယ် သက်သေခံဆိုင်ရာ အခြေခံအဆောက်အဦစနစ်နှင့် စပ်လျဉ်း၍ ဒီဂျစ်တယ်အသိအမှတ်ပြုလက်မှတ်များကို ထုတ်ပေးခြင်း၊ စီမံခန့်ခွဲခြင်း၊ အသုံးပြုခြင်း၊ သိမ်းဆည်းခြင်းနှင့် ဖျက်သိမ်းခြင်းတို့ ပြုလုပ်နိုင်ရန်အတွက် လိုအပ်သော Hardware နှင့် Software တို့ပေါင်းစပ်ထားသော နည်းပညာ ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ဒီဂျစ်တယ်ခေတ်တွင် မည်သူမည်ဝါဖြစ်ကြောင်း၊ မည်သည့်ပစ္စည်း အသုံးပြုထားကြောင်း စသည်တို့ကို စစ်မှန်ကြောင်း သက်သေအထောက်အထားပြနိုင်သည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ နည်းပညာဖြစ်ပါကြောင်း၊ အွန်လိုင်း ဝန်ဆောင်မှု လုပ်ငန်းများ၊ e – Government ၊ e – Commerce နှင့် Financial Technology (Fin Tech) စသည်တို့တွင် အချက်အလက်လုံခြုံမှုစနစ်အတွက် အသုံးပြုနိုင်မည်ဖြစ်ပါ ကြောင်း။
အီလက်ထရောနစ် စာပို့စနစ်နှင့် ဒီဂျစ်တယ်သက်သေခံဆိုင်ရာ အခြေခံအဆောက်အဦစနစ် စီမံကိန်းသည် အစိုးရဌာန၊ အဖွဲ့အစည်းများအားလုံး မျှဝေအသုံးပြုရန် Shared Infrastructure ဆောင်ရွက်ခြင်းဖြစ်၍ နိုင်ငံတော်က ဆောင် ရွက်လျက်ရှိသည့် e – Government လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေး တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ထောက်ပံ့ငွေ ယူရို ၀ ဒသမ ၈၆၁ သန်းနှင့်အတိုးမဲ့ချေးငွေ ယူရို ၄ ဒသမ ၈၇၆ သန်း စုစုပေါင်း ယူရို ၅ ဒသမ ၇၃၇ သန်းရယူရန် ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ဤချေးငွေစီမံကိန်းသည် နိုင်ငံတော်၏ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတစ်ခုဖြစ်ရာ ၂၀၁၉ - ၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ၊ ပြည်သူ့ ကြွေးမြီစီမံခန့်ခွဲမှု ဥပဒေတို့နှင့် ကိုက်ညီပါကြောင်း၊ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာနှင့်လည်း ကိုက်ညီပါကြောင်း၊ ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာ မူဝါဒတို့နှင့် ကိုက်ညီမှုရှိသည်ကို စိစစ်ထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဩစတြီးယားနိုင်ငံ၊ Unicredit Bank ထံမှ ထောက်ပံ့ငွေ ယူရို ၀ ဒသမ ၈၆၁ သန်းနှင့် အတိုးမဲ့ချေးငွေ ယူရို ၄ ဒသမ ၈၇၆ သန်း စုစုပေါင်း ယူရို ၅ ဒသမ ၇၃၇ သန်းရယူရေးကိစ္စကို ပြည်ထောင်စု လွှတ်တော် က ဆွေးနွေးသုံးသပ်၍ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းနှင့် ဩဂုတ် ၅ ရက်တွင် ဆွေးနွေးရန်လျာထားပါကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကျေးလက်ဒေသလျှပ်စစ် ဓာတ်အား ရရှိမှုမြှင့်တင်ရေး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရန် အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ၂၇ သန်း ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က ယင်းချေးငွေရယူနိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူ သူမရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။
ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အဆိုပါ ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် အဆိုတင် သွင်းသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောတူသည့်အတွက် အတည် ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ပဲခူး- ကျိုက်ထို အမြန် လမ်းမကြီး စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရန် အာရှဖွံ့ဖြိုး ရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈ သန်း ချေးငွေ ရယူရေးနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦးက ယခုဖော်ဆောင်မည့် စီမံကိန်းကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာများ၊ ကျွမ်းကျင်လုပ်သားများအတွက် အလုပ်အကိုင်များ ရရှိလာမည်ဖြစ်ပြီး စီမံကိန်းဖြတ် သန်းသွားရာ လမ်းဘေး ဝဲယာတွင်ရှိသည့် မြို့၊ ရွာများ၏ ဒေသထွက်ကုန်ပစ္စည်း များဈေးကွက်သစ်ရရှိရေး အပါအဝင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့်အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့်စီးပွားရေး ဘဝများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက် လာစေမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ နိုင်ငံတကာအဆင့်မီ ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီး စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် လိုအပ်နေသည့် အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈သန်းအား အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ ချေးယူမည့် အစီအစဉ်အား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ပုလော မဲဆန္ဒနယ်မှ ဦးအုန်းခင်က ယခု ပဲခူး-ကျိုက်ထိုလမ်းပိုင်းကို တည်ဆောက်ခြင်းသည် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဘက်စုံကောင်းမွန်ပြည်စုံ စေသည့် စီမံကိန်းဖြစ် သည့်အတွက် ထောက်ခံကြိုဆိုပါကြောင်း၊ ထို့ပြင် သံလျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ က၀၊ သနပ်ပင် စသည့် မြို့များသည်လည်း ယခုလမ်းမကြီးနှင့် ထိစပ်လာသည့် အတွက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်မှာ အမှန်ဖြစ်ပါကြောင်း၊ ယခုလမ်းဖောက်လုပ် မည်ဆိုပါက ခရီးလမ်းတိုသွားမည်ဖြစ်ပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းခြင်း အကျိုးကိုလည်း ရရှိမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ယင်းချေးငွေရယူရေးနှင့်စပ်လျဉ်း၍ ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁) မှ ဦးစောမိုးမြင့် (ခေါ်) ဆင်မြူရယ်၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဇွဲနေဇော်၊ ကျေးသီးမဲဆန္ဒနယ်မှ ဦးစိုင်းအောင်ကျော်၊ တပ်မတော်သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး စိန်ဝင်း၊ သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင် နှင့် ကျိုက်ထို မဲဆန္ဒနယ်မှ ဒေါက်တာခင်ဆောင် တို့က ဆက်လက်ဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပဲခူး - ကျိုက်ထို လမ်း သစ်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ဂျပန် နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၂၇ ဒသမ ၇၇၉ ဘီလီယံ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးကြသည်။
ဆိပ်ဖြူမဲဆန္ဒနယ် မှ ဦးအောင်သိုက် က ပဲခူး - ကျိုက်ထိုလမ်းသစ်ပိုင်း ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပါဝင်မည့် စစ်တောင်း မြစ်ကူးတံတား(ကျိုက်ထို) စီမံကိန်းဆောင်ရွက်လိုသည့် ရည်ရွယ်ချက်ကိုကြည့်ပါက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်စေရန်၊ ဒေသထွက် တည်ဆောက်ရေးပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းဖြင့် ဒေသခံပြည်သူများ ဝင်ငွေတိုးတက်လာနိုင်စေရန်နှင့် နိုင်ငံအတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် တို့ဖြစ်ကြောင်း သိရှိရ သည့်အတွက် ရည်ရွယ်ချက်ကောင်းမွန်ပါကြောင်း၊ သို့ရာတွင် ချေးငွေဖြင့်တည် ဆောက်ရသော လုပ်ငန်းဖြစ်သည့်အတွက် စနစ်တကျဖြင့် မိမိကိုယ် ပိုင်ငွေကဲ့သို့ လုပ်ငန်းအောင်မြင် စေရန် ကြိုးပမ်းဆောင်ရွက်ပေးစေလိုပါကြောင်း ဆွေးနွေးသည်။
ယင်းချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၊ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇေဖြိုး၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးနှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာမြသောင်းတို့က ဆက်လက် ဆွေးနွေးကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော COVID – 19 ၏သက် ရောက်မှုများကို တုန့်ပြန်ခြင်းနှင့် အသုံးစရိတ်ဆိုင်ရာ အထောက်အပံ့အစီအစဉ် အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာသန်း ၂၅၀ ချေးငွေ ရယူရေးနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးကြသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်းက CERP စီမံကိန်းသည် လောလောဆယ်ရင်ဆိုင်နေရသော သက်ရောက်မှုများကို ကုစားရုံသာမက မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် ချိတ်ဆက်နိုင်ရန်အတွက် Economic Recovery Plan ကို ရေးဆွဲမည်ဖြစ်ရာ ရေတိုပြဿနာသာမက ရေရှည်ကိုပါ လှမ်းမျှော်ကြည့်သည့် စီမံကိန်းအတွက် ချေးငွေရယူခြင်းကို ကြိုဆိုပါကြောင်း၊ CERP ပန်းတိုင် (၇)ရပ်၏ စီမံကိန်းများသည် ကောင်းမွန်သော်လည်း အကောင်အထည်ဖော်ရာတွင်လည်း ကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းပါဝင်ရမည် ဖြစ်သကဲ့သို့ လွှတ်တော်ကိုယ် စားလှယ်များကလည်း မိမိမဲဆန္ဒနယ်တွင် မည်သို့ အကောင်အထည်ဖော်နေသည်ကို လေ့လာရန် လိုအပ်ပါကြောင်းနှင့် ချေးငွေယူရန် ကိစ္စကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ယင်းချေးငွေရယူရေးနှင့် စပ်လျဉ်း၍ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဝင်းလွင်ဦး၊ ပလက်၀ မဲဆန္ဒနယ်မှ ဦးစိန်အောင်၊ တပ်မတော် သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးရဲထွန်းနှင့် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို တို့က ဆက်လက်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ဇူလိုင် ၂၉ ရက် တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်
