ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော် ၂၀၁၉ ပိတ်ပွဲ အခမ်းအနား တက်ရောက်ချီးမြှင့်


Ministry of Information/ ​နေပြည်တော် / December 26, 2019
image_latest


ရန်ကုန် ဒီဇင်ဘာ ၂၅

ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော် ၂၀၁၉ ပိတ်ပွဲ အခမ်းအနားကို ယနေ့ ညပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ စိန့်မေရီ ကာသီဒြယ် ဘုရားကျောင်းဝင်းအတွင်း၌ ကျင်းပရာ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့်ဇနီး ဒေါက်တာ ရွှေလွှမ်းတို့ တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး၊  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့်ဇနီး၊ ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို ၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်ကောင်စီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ စိန့်မေရီ ကာသီဒြယ် ကျောင်းထိုင် ဆရာတော် ဖာသာ အက်ကနက်စ်မြင့်စိုး က အဖွင့်ဆုတောင်းပေးသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က မွေးနေ့တော် နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ အထွေထွေ အတွင်းရေးမှူး  သိက္ခာတော်ရ ဆရာ မန်းပါမာစတန် က အထူးဆုတောင်းကောင်းချီးပေးသည်။

ဆက်လက်၍ ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို က ခရစ္စမတ် သတင်းကောင်းမျှဝေသည်။

ထို့နောက် ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးပက်ထရစ်လူနီ က ကျေးဇူးတင်စကားပြောကြားပြီး ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် သာသနာ လက်ထောက် ဆရာတော်ကြီး ဂျွန်စောယောဟန် က ကောင်းချီးပေးသည်။

ယင်းနောက် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော် ၂၀၁၉ အောင်မြင်စွာပိတ်သိမ်းကြောင်း ကြေငြာသည်။

ထို့နောက် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့်ဇနီး တို့သည် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး၊ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့်ဇနီး၊ ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို ၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်ကောင်စီမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ ဘုရားကျောင်းဝင်း အတွင်း၌ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အဆိုပါ ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော် ၂၀၁၉ ကို ဒီဇင်ဘာ ၂၃ ရက်မှ ၂၅ ညအထိ ရန်ကုန်မြို့ မြို့တော်ခန်းမ အနီး (မဟာဗန္ဓုလပန်းခြံရှေ့) နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း တစ်လျှောက်တို့တွင် ဖျော်ဖြေရေး အစီအစဉ်များ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

(သတင်းစဉ်)