ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်


Ministry of Information/ ​နေပြည်တော် / April 08, 2020
image_latest


နေပြည်တော် ဧပြီ ၇

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် ရွေ့လျားစာကြည့်တိုက် ယာဉ်များဖြင့် စာအုပ်စာစောင်များ လှည့်လည် ငှားရမ်းပေးမှုနှင့်အတူ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် ပြည်သူများ သိရှိလိုက်နာ ပူးပေါင်းဆောင်ရွက် နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ယနေ့ နံနက်ပိုင်းတွင် ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ နှီရ်လောန်းကျေးရွာနှင့် ဟားခါးခရိုင် မီးသတ်ဦးစီးဌာနတို့တွင် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ လေဆိပ်၊ စည်ပင် သာယာဈေး၊ ပြည်သူ့ဆေးရုံကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဘုန်းကြီး ကျောင်းများ၊ သီလရှင်ကျောင်းများ၊ ပရဟိတဂေဟာများ၊ အဝေးပြေး ယာဉ်ရပ်နား စခန်းများတွင် လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် ပြည်ကြီး တံခွန်မြို့နယ်ရှိ ခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ရှေ့တို့တွင် လည်းကောင်း လွှတ်တော် ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် လက်သန့်ဆေးရည်ဖြင့် စနစ်တကျ လက်ဆေးမှု သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထို့ပြင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ သည် ရုပ်ရှင်နှင့် ဂီတ အနုပညာရှင်များက နှိုးဆော်ပေးသည့် အသိပညာပေး နှိုးဆော်ချက်များကို နံရံကပ် ပြဘုတ်များတွင် ချိတ်ဆွဲပြသခြင်း၊ ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လူစုလူဝေးမဖြစ်စေရေး၊ တစ်ဦးနှင့်တစ်ဦး သုံးပေအကွာ နေထိုင်ရေး၊ နှာခေါင်းစည်းများ တပ်ဆင်သည့် အလေ့အကျင့်များ ရှိစေရေးတို့ကို အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊ အသွားအလာကန့်သတ်ခြင်း ဆိုင်ရာများကို လိုက်နာဆောင်ရွက်ရေး အသံချဲ့စက်များဖြင့် လှည့်လည် နှိုးဆော်ခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ရပ်ရွာအခြေပြုစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းများကို ကျန်းမာရေး ဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သိန်းနိုင်(ပြန်/ဆက်)