နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီး သွားရောက်ရန် နေပြည်တော်မှ ထွက်ခွာ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီး သွားရောက်ရန် နေပြည်တော်မှ ထွက်ခွာ
Ministry of Information/ နေပြည်တော် / February 26, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ် နက်သ် ကိုဗင့်ဒ်၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီး သွား ရောက်ရန် ယနေ့နံနက် ၁၁ နာရီတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာကြသည်။
နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်နှင့်ဇနီး ဒေါ်ခင်စောမူ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Dr.Sumit Sethနှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ် ဆက်ကြသည်။
နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊ နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
သတင်းစဉ်
